BTS အဖွဲ့က ဂျင်ကို နမ်းတဲ့ ဂျပန်အမျိုးသမီးကို စစ်ဆေးနေ

    • ရေးသားသူ, ဖန်ဝမ်း
    • ရာထူးတာဝန်, ဘီဘီစီသတင်း

BTS ဂီတအဖွဲ့က ကေပေါ့ကြယ်ပွင့် ဂျင် မနှစ်က ပရိသတ်တွေနဲ့ တွေ့တဲ့ ပွဲတပွဲမှာ သူ့ကို မထင်မှတ်ဘဲ နမ်းခဲ့တဲ့ ဂျပန်အမျိုးသမီး တယောက်ကို တောင်ကိုရီးယားရဲက စစ်ဆေးနေပါတယ်။

လူမြင်ကွင်းမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ မေးမြန်းဖို့အတွက် ဂျပန်မှာ နေတဲ့ အမျိုးသမီးကို တောင်ကိုရီးယားရဲက ဆင့်ခေါ်ခဲ့ပါတယ်။

မနှစ် ဇွန်လက ဆိုးလ်မြို့မှာ လုပ်တဲ့ ကေပေါ့ နာမည်ကျော်ရဲ့ ပထမဆုံး လူထုနဲ့ တွေ့ဆုံပွဲမှာ ပရိသတ် တထောင်က သူ့ကို ဖက်ခဲ့ပြီး အဲဒီပွဲမှာ ဒီနမ်းရှုပ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖက်ရမယ့်အစား ဒီအမျိုးသမီးက ဂျင်ရဲ့ မျက်နှာကို နမ်းလိုက်ပုံ ရပါတယ်။ ဒီမှာ ဂျင်က ချက်ချင်း မျက်နှာကို လှည့်ပစ်လိုက်ပါတယ်။

ဒီလိုနမ်းလိုက်တဲ့အတွက် တခြား BTS ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပြီး ဒီထဲက တယောက်က ရဲကို ရာဇဝတ်မှုနဲ့ တိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ဇွန်လ ၁၃ ရက်နေ့က ကင်ဆုတ်ဂျင် ခေါ် ဂျင် တပ်က ထွက်လာပြီး နောက်တရက်မှာ သူ့ပရိသတ် တထောင်ကို ဖက်ပေးတဲ့ ပွဲလုပ်ပေးပြီး တခြားလူ သုံးထောင် ရှေ့မှာ သီချင်းတွေ ဆိုပေးခဲ့ပါတယ်။

သုံးနာရီကြာတဲ့ မာရသွန် ဖက်ပွဲအတွင်း အသက် ၃၃ နှစ်အရွယ် ကေပေါ့ စတားနဲ့ တယောက်ချင်း တွေ့ပြီး ပွေ့ဖက်ခွင့်ရဖို့ ကံထူးတဲ့ သူ့ပရိသတ်တွေက တန်းစီ စောင့်ဆိုင်းခဲ့ကြပါတယ်။

ဒီထဲက တယောက်က ဂျင့်မျက်နှာကို နမ်းဖို့ လုပ်ချိန်မှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ရိုက်ထားတဲ့ ဗီဒီယိုတွေ အင်တာနက်မှာ ပြန့်သွားခဲ့ပါတယ်။ ဒီဗီဒီယိုတွေမှာ ဒီလိုနမ်းလို့ ဂျင်က နောက်ဆုတ်ပြီး သူ့ခေါင်းကို လှည့်ဖို့ကြိုးစားတာကို မြင်ရသလို အမျိုးသမီးကို ဂျင်က ဖက်နေတုန်းမှာ နောက်တယောက်ဆီကို အမြန်ရွှေ့သွားတာကိုလည်း တွေ့ရပါတယ်။ ဒီအမျိုးသမီး လုပ်ရပ်ကို ပရိသတ်တွေက ဒေါသတကြီးနဲ့ တုံ့ပြန်ကြတာကိုလည်း ဒီဗီဒီယိုတွေမှာ တွေ့ရပါတယ်။

ဂျင်ရဲ့ လည်ကုပ်ကို နမ်းခဲ့ကြောင်း၊ ဂျင်ရဲ့ အရေပြားက တအားပျော့ကြောင်း ဒီအမျိုးသမီးက နောက်ပိုင်း အင်တာနက်မှာ ရေးခဲ့ပါတယ်။

ဒီအမျိုးသမီး ဘယ်သူလဲဆိုတာ မဖော်ထုတ်သေးပေမယ့် ဂျပန်ရဲ အကူအညီနဲ့ သူ့ကို ခြေရာခံမိကြောင်း တောင်ကိုရီးယားရဲက ပြောပါတယ်။

BTS ရဲ့ အေးဂျင့် HYBE ကုမ္ပဏီကို မှတ်ချက်ပေးဖို့ ဘီဘီစီက ဆက်သွယ်ထားပါတယ်။

ဂျင်က BTS အဖွဲ့ထဲက ပထမဆုံး စစ်မှုထမ်းတာဝန် ပြီးဆုံးတဲ့သူ ဖြစ်ပါတယ်။ သူ့နောက်က ဂျေဟုတ်ပ် က အောက်တိုဘာမှာ တာဝန်ပြီးဆုံးပါတယ်။ ကျန်တဲ့ ဗီ ၊ အာအမ် ၊ ဂျီမင် ၊ ဂျန်ကွတ်နဲ့ ဆူဂါတို့ ငါးယောက်ကတော့ စစ်မှုထမ်းနေဆဲ ဖြစ်ပြီး ၂၀၂၅ ဇွန်မှ အဖွဲ့သားတွေ ပြန်ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

ကေပေါ့ နာမည်ကျော်တွေနဲ့ ပရိသတ်တွေကြား ပွဲတွေနဲ့ ဆက်သွယ်ရေး နည်းလမ်းမျိုးစုံကနေ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိကြပါတယ်။ လူမှုကွန်ရက်ကနေ တိုက်ရိုက်တင်ဆက်တာနဲ့ အမာခံပရိသတ်တွေနဲ့ လူချင်းတွေ့တဲ့ ပွဲတွေကနေ ပရိသတ်နဲ့ အနုပညာရှင်တွေကြား ဆက်ဆံရေး ရှိကြတာ မဆန်းပါဘူး။

ဒါပေမဲ့လည်း အဆိပ်အတောက် ပရိသတ်တချို့ရဲ့ အကျင့်တွေကိုလည်း ပရိသတ်တွေနဲ့ အေးဂျင့်တွေ သတိထားမိလာကြပါတယ်။ ဥပမာ ဆာဆန်း ပရိသတ်ဆိုတဲ့ အနုပညာရှင်တွေကို အစွဲလမ်းလွန်ပြီး သူတို့နောက်လိုက်ကာ အနှောင့်အယှက်ပေးနေတဲ့ ပရိသတ်အမျိုးအစားကြောင့် အနုပညာရှင် အများအပြား စိတ်ဖိစီးရကြောင်း ထုတ်ပြောလာကြပါတယ်။