ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
BTS တို့ရဲ့ တောင်ကိုရီးယားမှာ စစ်မှုမထမ်းမနေရဥပဒေကို နာမည်ကျော်သီချင်းတွေနဲ့ ရွှေတံဆိပ်ဆုတွေက ဘယ်လို ကျော်လွှားပေးခဲ့လဲ
တောင်ကိုရီးယား ကေပေါ့ပ် နာမည်ကျော် တေးဂီတအဖွဲ့ဖြစ်တဲ့ BTS ဟာ တေးဂီတအယ်လ်ဘမ်ပေါင်း သန်းနဲ့ချီ ရောင်းချနိုင်ခဲ့သလို ကမ္ဘာတလွှား လူကြိုက်အများဆုံး တေးသီချင်းတွေစာရင်းမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ လုပ်ဖို့ အခက်အခဲဖြစ်နေတဲ့ အကြောင်းအရာတချို့တော့ ရှိပါတယ်။
တောင်ကိုရီးယားက အသက် ၁၈ နှစ်နဲ့ ၂၈ နှစ်ကြား ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတွေအားလုံးဟာ လ ၂၀ ကြာ စစ်မှုထမ်းဖို့ လိုအပ်ပါတယ်။
BTS တေးဂီတအဖွဲ့မှာ အသက်အကြီးဆုံးဖြစ်တဲ့ ဂျင်ဟာ ၂၈ နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။
ဒါကြောင့် သူက်ိုင်နေကျ မိုက်ကရိုဖုန်းကို ချပြီး သေနတ်ပြောင်းကိုင်ရမယ့် အခြေအနေနဲ့ သူရင်ဆိုင်ခဲ့ရပါတယ်။
ကံကောင်းချင်တော့ BTS အဖွဲ့ ပရိသတ်တွေက ကမ္ဘာတဝန်းမှာ ရှိတဲ့အတွက်ကြောင့် တောင်ကိုရီးယား လွှတ်တော်ဟာ ကြားဝင်ဖြေရှင်းခဲ့ပြီး နာမည်ကျော် ကေပေါ့ပ်အဆိုတော်တွေရဲ့ စစ်မှုထမ်းရက်ကို ရက်ရွှေ့ဆိုင်းပေးဖို့ ဥပဒေကြမ်းတရပ် ပြဋ္ဌာန်းခဲ့ပါတယ်။ BTS ဘက်ကတော့ သူတို့ဟာ အချိန်တန်ရင် စစ်မှုထမ်းဖို့ ၀န်မလေးပါဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ အောင်မြင်ကျော်ကြားသူတွေရဲ့ မျက်နှာနဲ့ စစ်မှုထမ်းတဲ့ ကိစ္စရပ်ဟာ တောင်ကိုရီးယားမှာ သတင်းခေါင်းစီးဖြစ်ခဲ့တာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ တစ်ခါတရံ ယုတ္တိမဆန်တဲ့ ကိစ္စရပ်တွေလည်း ရှိခဲ့ဖူးပါတယ်။
တောင်ကိုရီးယားမှာ ဘာကြောင့် စစ်မှုထမ်းရတဲ့ စနစ်ရှိတာလဲ
လူငယ်အမျိုးသားတွေ စစ်တပ်ထဲမှာ အချိန်အကြာကြီး စစ်မှုထမ်းရတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေ ပိုနည်းလာပေမယ့် အဲဒီအနည်းငယ်ထဲမှာ တောင်ကိုရီးယား နိုင်ငံလည်း ပါဝင်ပါတယ်။ အစ္စရေးနဲ့ စင်္ကာပူနိုင်ငံတွေလည်း အဲဒီထဲမှာ ပါပါတယ်။
တောင်ကိုရီးယားမှာ စစ်မှုထမ်းရတဲ့အကြောင်းကတော့ ရှင်းပါတယ်။ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားနဲ့ စစ်ဖြစ်နေဆဲလို့ ပြောနိုင်ပါတယ်။
၁၉၅၃ ခုနှစ်မှာ အပစ်အခတ်ရပ်စဲထားပေမယ့် နှစ်နိုင်ငံကြား တင်းမာတဲ့ ဆက်ဆံရေး အခုအချိန်ထိ ရှိနေဆဲပါ။
နောက်တချိန်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ ပဋိပက္ခတွေအတွက် နှစ်ဖက်လုံးက ခိုင်မာအားကောင်းတဲ့ စစ်တပ်တွေအဖြစ် ဆက်ထိန်းထားကြပါတယ်။
နာမည်ကြီး ပေါ့ပ်အဆိုတော်အတွက် ဒီဥပဒေက အပြောင်းအလဲ ရှိလား။
ပုံမှန်အခြေအနေမှာတော့ မရှိပါဘူး။
ကေပေါ့ပ်အကျော်အမော်တွေကို အထူးအခွင့်အရေး ဘယ်တုန်းကမှ မပေးခဲ့ပါဘူး။ BTS အတွက်တော့ ဒီလို စစ်မှုထမ်းဖို့ မလိုသေးတာက သူတို့ရဲ့ ပထမဆုံးဆိုတာတွေထဲက နောက်တခုအဖြစ် ပါဝင်လာပါတယ်။
ဂန္ဓဝင်သီချင်းတွေ သီဆိုတဲ့ ဂီတပညာရှင်တွေကတော့ နိုင်ငံရပ်ခြားမှာ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သတင်း မြင့်တက်အောင် လုပ်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ စစ်မှုထမ်းဖို့ကနေ ကင်းလွတ်ခွင့် ရခဲ့ဖူးပါတယ်။
ဒါပေမဲ့ အဲဒီထဲမှာ ပေါ့ပ်အဆိုတော်တွေတော့ မပါပါဘူး။
အဲဒီလို ကင်းလွတ်ခွင့်ရဖို့ဆိုရင် အစိုးရ၀က်ဘ်ဆိုက်တခုမှာ စာရင်းထုတ်ထားတဲ့ နာမည်ကြီး နိုင်ငံတကာ တေးဂီတ ပြိုင်ပွဲ တခုခုမှာ ပထမဆု ရဖို့ လိုအပ်ပါတယ်။
ကေပေါ့ပ် အကျော်အမော်တွေအတွက် သူတို့ရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ အလားတူ ပြိုင်ပွဲတွေ မရှိတာကြောင့်လည်း လူတွေက ကေပေါ့ပ်အဆိုတော်တွေကို အထူးအခွင့်အရေးမပေးသင့်ဘူးလို့ ယူဆလာတဲ့အကြောင်းပြချက်တခု ဖြစ်ပါတယ်။
ဒါပေမဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကြားမှာ စစ်မှုမထမ်းရအောင် နည်းလမ်းတွေ မရှာခဲ့တာမျိုးတော့ မဟုတ်ပါဘူး။
ရက်ပ်အဆိုတော် အမ်စီမုံဟာ စစ်မှုမထမ်းရအောင်အတွက် ကောင်းမွန်တဲ့ သူ့သွားသုံးချောင်းကို နုတ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေနောက်ပိုင်း ၂၀၁၁ ခုနှစ်မှာ ၆ လ ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
၁၉၉၈ ခုနှစ်မှာ စစ်မှုထမ်းဖို့ ပထမဆုံးအကြိမ် စမ်းသပ်တုန်းက သူဟာ စစ်မှုထမ်းနိုင်တဲ့အခြေအနေမှာ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၀၇ ခုနှစ်မှာ ဒုတိယအကြိမ် စမ်းသပ်စစ်ဆေးမှုတွေ လုပ်တဲ့အခါမှာတော့ သူဟာ စစ်မှုထမ်းဖို့ အရည်အချင်းမပြည့်မီဘူးလို့ ကြေညာခဲ့ပါတယ်။
တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟတ်ကတော့ "အစာကောင်းကောင်း မဝါးမျိုနိုင်တဲ့ အတွက်ကြောင့်"ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ သွားဆရာဝန်တချို့တွေဆီကနေ သက်သေအထောက်အထားတွေ ရပြီးနောက်ပိုင်း သွားတွေကို ဆွဲနုတ်ခဲ့တဲ့ ပြစ်မှုနဲ့ အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
"မန်စီမုံဟာ စစ်မှုမထမ်းရအောင်အတွက် သူ့သွားတွေကို ရည်ရွယ်ချက်ရှိရှိ နုတ်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ဖို့ ခဲယဉ်းတယ်" လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ သူဟာ တခြားနည်းဗျူဟာတွေကို သုံးပြီး စစ်ထဲဝင်ဖို့ နှောင့်နှေးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုတာနဲ့ အပြစ်ရှိကြောင်းကိုတော့ တွေ့ရှိခဲ့ပါတယ်။
စစ်မှုထမ်းကြတဲ့ နာမည်ကြီးတွေတောင် ဒုက္ခရောက်ကြတာမျိုးလည်း ရှိပါတယ်။
ကေပေါ့ပ် နာမည်ကြီးအဆိုတော် ရိန်းဟာလည်း မင်းသမီးတလက်နဲ့ တွေ့ဆုံနေတဲ့ပုံ ထွက်ပေါ်လာပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ စစ်တပ်စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။
စစ်မှုထမ်းကြတဲ့ အမျိုးသားတွေဟာ အားလပ်ချိန် အကန့်အသတ်နဲ့သာရပြီး များသောအားဖြင့် စစ်တန်းလျားမှာပဲ နေထိုင်ကြရတာပါ။
ဒါပေမဲ့ ရိန်းဟာ စစ်မှုထမ်းနေချိန်အတွင်း တောင်ကိုရီးယား နာမည်ကြီး မင်းသမီး ကင် တေဟီးရဲ့ ချိန်းတွေ့နေတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် အရေးယူခံခဲ့ရပါတယ်။
စစ်တပ်ရဲ့ ဂုဏ်ကိုမြှင့်တင်ပေးတဲ့ "ဖျော်ဖြေရေး စစ်သားတဦး" ဆိုပေမယ့် စစ်တပ်စည်းကမ်းအရ ရိန်း ဒုက္ခရောက်ခဲ့ပါတယ်။
နောက်ပြီး ဂန်းနန်းစတိုင်လ် သီချင်းနဲ့ နာမည်ကြီးတဲ့ စိုင်း (Psy) ဟာလည်း စစ်မှုထမ်းနေတုန်း သူ့ကိုပေးအပ်ထားတဲ့ တာဝန်ပျက်ကွက်ခဲ့တဲ့အကြောင်း တွေ့ရှိခဲ့ပြီးတဲ့နောက် ၂၀၀၇ ခုနှစ်မှာ နောက်တကြိမ် စစ်မှုထပ်ထမ်းခဲ့ရပါတယ်။
တခြား ဘယ်အဖွဲ့တွေ အထူးအခွင့်အရေး ရခဲ့ဖူးလဲ။
နိုင်ငံတကာမှာ ထူးချွန်တဲ့ နာမည်ကြီး အားကစားသမားတွေလည်း စစ်မှုထမ်း ကင်းလွတ်ခွင့် ရနိုင်ပါတယ်။
အိုလံပစ်အားကစားပြိုင်ပွဲ ဒါမှမဟုတ် အာရှအားကစားပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုရသူဟာ ကင်းလွတ်ခွင့် ရနိုင်ပါတယ်။
၂၀၁၈ အာရှအားကစားပြိုင်ပွဲရဲ့ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျပန်အသင်းကို တောင်ကိုရီးယားက ၂ ဂိုး ၁ဂိုးနဲ့ နိုင်ခဲ့တုန်းက တသင်းလုံး စစ်မှုထမ်း ကင်းလွတ်ခွင့် ရခဲ့ပါတယ်။
အဲဒီ နိုင်ပွဲကနေ အကျိုးအမြတ်အရဆုံး ဘောလုံးသမားကတော့ ၂၀၁၅ ခုနှစ်မှာ ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စ်စပါးအသင်းကနေ ပေါင်သန်း ၃၀ နဲ့ ဝယ်ခဲ့တဲ့ တိုက်စစ်မှူး ဆွန်ဟွမ်မင်း ဖြစ်ပါတယ်။
ပုံမှန်ဆိုရင် ၂၁ လ စစ်မှုထမ်းရမှာဖြစ်ပေမယ့် ဆွန်ဟွမ်မင်းဟာ ကင်းလွတ်ခွင့်ကြောင့် စစ်တပ်ထဲမှာ ၃ ပတ်ပဲ နေခဲ့ရတာပါ။
၂၀၂၀ နှစ်ဆန်းပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်္ဂလန်ဘောလုံးပွဲတွေ ရပ်နားထားချိန်မှာ သူဟာ အဲဒီလို စစ်တပ်ထဲမှာ အမှုထမ်းခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်မှုထမ်း ကင်းလွတ်မှုတိုင်းကိုတော့ လူကြိုက်များတာမျိုးမဟုတ်ပါဘူး။
၂၀၁၈ အာရှအားကစားပြိုင်ပွဲမှာပဲ တောင်ကိုရီးယား ဘေ့စ်ဘောအသင်းဟာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီးတဲ့နောက် ဒီစနစ်ကို ပြောင်းလဲဖို့ တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။
ဘေ့စ်ဘောအသင်းနည်းပြဟာ တောင်ကိုရီးယား ကစားသမားတွေကို ရွေးချယ်ရာမှာ စစ်မှု မထမ်းရသေးသူ ဒါမှမဟုတ် စစ်မှုထမ်းဖို့ ကင်းလွတ်ခွင့်ရသူတွေကို ရွေးချယ်ခဲ့တယ်လို့လည်း ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
BTS အဖွဲ့ကို အထောက်အကူဖြစ်ဖို့ ဘယ်လိုအပြောင်းလဲတွေ ရှိခဲ့လဲ။
တောင်ကိုရီးယားလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ ကေပေါ့ပ် နာမည်ကြီးအဆိုတော်တွေဟာ "နိုင်ငံရဲ့ ဂုဏ်သတင်းကို မြှင့်တင်ရာမှာ အရေးပါတဲ့သူတွေ"လို့ ယဉ်ကျေးမှုဝန်ကြီးက ယူဆရင် သူတို့ရဲ့ စစ်မှုထမ်းရက်ကို အသက် ၃၀ အထိ ရွှေ့ဆိုင်းနိုင်ပါတယ်။
BTS အဖွဲ့ဟာ သူတို့ရဲ့ Dynamite ဆိုတဲ့ သီချင်းနဲ့ အမေရိကန်နိုင်ငံတွင်း Billboard Hot လူကြိုက်အများဆုံး တေးသီချင်း ၁၀၀ စာရင်းမှာ တောင်ကိုရီးယား ဂီတအဖွဲ့တဖွဲ့အနေနဲ့ ပထမဆုံးအကြိမ် ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ စက်တင်ဘာလမှာ ဥပဒေပြင်ဆင်ပြောင်းလဲဖို့ အဆိုပြုချက်တွေဟာ ပိုပြီး အရှိန်အဟုန်အားကောင်းခဲ့ပါတယ်။
BTS အဖွဲ့ဝင်တွေကတော့ အထူးအခွင့်အရေးပေးဖို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့သလို လိုအပ်မယ်ဆိုရင် သူတို့ရဲ့ တာဝန်တွေကို ပြည့်မီအောင် ထမ်းဆောင်မှာပါလို့ ထပ်တလဲလဲ ပြောခဲ့ပါတယ်။
"နိုင်ငံရဲ့ လိုအပ်ချက်ကို ထမ်းဆောင်ဖို့ ကျွန်တော်တို့ စိတ်ဆန္ဒအပြည့်ရှိတယ်" လို့ ဥပဒေမပြောင်းခင်မှာ ဂျင်က ပြောခဲ့ဖူးပါတယ်။
"ကျွန်တော်တို့ အဖွဲ့ဝင်တွေအချင်းချင်းကြား မကြာခဏဆိုသလို စစ်မှုထမ်းတဲ့ကိစ္စအကြောင်း ပြောဖြစ်ကြတယ်။ ကျွန်တော်တို့အားလုံး စစ်မှုထမ်းကြမှာပါ" လို့လည်း ဆိုပါတယ်။
တောင်ကိုရီးယားသတင်းမီဒီယာ E-Today က ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ လူထုစစ်တမ်းတခုမှာတော့ ဖြေကြားသူ ၅၃% ဟာ BTS အဖွဲ့ကို အထူးအခွင့်အရေးပေးဖို့ ထောက်ခံကြပြီး ၄၇% ကတော့ ကန့်ကွက်ကြတာကို တွေ့ရပါတယ်။
ကေပေါ့ပ်အဆိုတော် Psy ကတော့ စစ်မှုထမ်းတာဟာ သူ့ရဲ့ အဆိုတော်အလုပ်ကိုပါ အထောက်အကူဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။
"အဆိုတော် တဦးအနေနဲ့ ၁၂ နှစ်တာ ဖြစ်သန်းခဲ့စဉ်မှာ မမှန်မကန် စစ်မှုထမ်းခဲ့မှုကြောင့် လူတွေရဲ့ ရှောင်ဖယ်ခြင်းကို ခံရပြီးနောက်ပိုင်း ဒီအလုပ်ကို အဆုံးသတ်ဖို့ နီးပါးအထိ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ လူတွေက သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေ ပေးကြတော့ ကျွန်တော် အခုလို ဖြစ်လာတာပေါ့ဗျာ" လို့ ဂန်းနန်းစတိုင်လ် သီဆိုတဲ့ Psy က ပြောပါတယ်။