ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
BTS - ဂီတမှ စစ်မှုထမ်း ဘ၀ဆီသို့
နာမည်ကျော် ကေပေါ့ ဂီတ အဖွဲ့ BTS ဝိုင်းတော်သားတချို့ဟာ တောင်ကိုရီးယားမှာ အမျိုးသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရတဲ့ တာဝန်ကို ထမ်းဆောင်သွားမယ်လို့ အတည်ပြု ကြေညာလိုက်ပါတယ်။
BTS ပရိသတ်တွေ က သူတို့ချစ်တဲ့ ဝိုင်းတော်သားတွေကို အထူးအခွင့်အရေး တရပ် အနေနဲ့ စစ်မှုထမ်းတဲ့ တာဝန်ကနေ ကင်းလွတ်ခွင့် ပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
တောင်ကိုရီးယား ယဉ်ကျေးမှု ဝန်ကြီး Park Yang-woo ကတော့ သူ့အနေနဲ့ BTS ဝိုင်းတော်သားတွေ စစ်မှုထမ်းတာကနေ ကင်းလွတ်ခွင့် ပေးဖို့ ဆန္ဒ ရှိတယ်လို့ ပြောခဲ့ပေမယ့် အခုတော့ အဖွဲ့သားတွေ တချို့ စစ်မှုထမ်း ကြတော့မှာ ဖြစ်ပါတယ်။
BTS အဖွဲ့ ရှေ့ဆက် ဘာလုပ်ကြရမလဲ
တောင်ကိုရီးယားမှာ အသက် ၂၈ နှစ် ပြည့်တဲ့ အမျိုးသားတိုင်း မဖြစ်မနေ ၂နှစ်တာ စစ်မှုထမ်းကြရပါတယ်။
စစ်မှုထမ်းခြင်းက ကင်းလွတ်ခွင့်ရဖို့ ခဲယဉ်းပေမယ့် တချို့ အနုပညာရှင်တွေနဲ့ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားတွေတော့ ရလေ့ရှိပါတယ်။
BTS ဝိုင်းတော်သားတွေ အနေနဲ့ စစ်မှုထမ်းဘ၀ ကင်းလွတ်ခွင့်ရဖို့ လူတော်တော်များများက ပြောနေကြတယ်လို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကေပေါ့ သီချင်းများစွာ ရေးခဲ့တဲ့ အလွတ်တမ်း ဂီတ တေးရေးဆရာ Taylor Glasby က ပြောပါတယ်။
တိုင်းပြည်အတွက် ၀င်ငွေအမြောက်အများရှာ ၊ ဂုဏ်ဆောင်နိုင်ခဲ့ပေးသူတွေ ဖြစ်ပေမယ့် သူတို့ဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့် မရခဲ့ဘူးလို့ သူက ထောက်ပြထားပါတယ်။
BTS ဝိုင်းတော်သားတွေ ကတော့ သူတို့ ထမ်းဆောင်ရမယ့် တာဝန်ကို ရှောင်လွှဲသွားဖို့ မျှော်လင့် မထားကြဘူးလို့ သူတို့နဲ့ အတူ ၁၀ နှစ်ကျော်ကြာ အနီးကပ် အတူတွဲ အလုပ်လုပ်ခဲ့တဲ့ Taylor က ပြောပါတယ်။
သူတို့ဟာ တောင်ကိုရီးယား အတွက် ဂုဏ်ယူရမယ့် သားကောင်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တကယ်လို့ ကေပေါ့ အမျိုးသား အဖွဲ့ကို နှစ်ခြိုက်ကြမယ် ဆိုရင် သူတို့ဟာ တချိန်ချိန်မှာ စစ်မှုထမ်း ကြရမယ် ဆိုတာ ကေပေါ့ ပရိသတ် တိုင်း သိထားပြီး ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
ကေပေါ့ အဖွဲ့ တော်တော်များများဟာ ငါးနှစ်ကနေ ခုနစ်နှစ် အထိ သက်တမ်းကြာရှည် ခံလေ့ရှိပြီး အောင်မြင်သွားတဲ့ အခါ စစ်မှုထမ်း ၂နှစ် ဘဝ ဖြတ်သန်းရတဲ့ အတွက် စစ်ထဲဝင်ပြီးလို့ ပြန်ထွက်လာတဲ့ အခါ သူတို့က အသက်ကြီးနေကြပြီလို့လည်း ဆိုပါတယ်။
BTS လို နာမည်ကြီး ရေရှည် ရပ်တည်နေတဲ့ အဖွဲ့လည်း လူတိုင်း သိတဲ့ အတိုင်း စစ်မှုထမ်းကြရတော့မယ့် အချိန်ရောက်လာပြီး စစ်တပ်ထဲက နေရာ အသီးသီးမှာ လေ့ကျင့် သင်ကြား တာဝန် ထမ်းဆောင် ကြရတော့မယ်လို့ သူက ပြောပါတယ်။
သူတို့ ဘယ်တော့ စတင် စစ်မှုထမ်းမလဲ
Jin ကတော့ BTS အဖွဲ့ထဲမှာ အသက်အကြီးဆုံး ဖြစ်ပြီး ၂၀၂၀ ဒီဇင်ဘာ မှာ အသက် ၂၈နှစ် ပြည့်မှာ ဖြစ်ပါတယ်။
အငယ်ဆုံး အဖွဲ့သား Jungkook ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာမှာ အသက် ၂၂ နှစ် ပြည့်ခဲ့တာမို့ တခြား ဝိုင်းတော်သားတွေနဲ့ အသက်မညီတဲ့ အပေါ် ဘယ်လို ဆက်လက် စီစဉ် ဆောင်ရွက်သွားမလဲ ဆိုတဲ့ အပေါ် လူတွေကြား မေးခွန်းထုတ်နေကြပါတယ်။
အဖွဲ့သားတွေ မစုံပေမယ့် ဆက်လက် ချီတက်သွားကောင်း သွားနိုင်တယ်လို့ Taylorက ပြောပါတယ်။
ကေပေါ့ အဖွဲ့ အများစုထဲက အဖွဲ့သားတွေဟာ တကိုယ်တော် အနုပညာရှင် ခရီး အရင် ဖြတ်သန်းပြီးမှ နောက်တဆင့်ကို တခြားသူတွေနဲ့ ပူးပေါင်း အဖွဲ့ဖွဲ့ တက်လှမ်းလေ့ ရှိကြပါတယ်လို့ Taylor က ရှင်းပြပါတယ်။
BTS အဖွဲ့မှာတော့ အဖွဲ့သားတွေကြား အသက် ကွာဟမှုကြောင့် ဝိုင်းတော်သား အစုံအညီနဲ့ ရှေ့ခရီး ဆက်နိုင်ဖို့ ခက်ခဲသွားနိုင်တယ်လို့ သူက ဆိုပါတယ်။
BTS အဖွဲ့သားတွေ အနေနဲ့ စစ်မှုထမ်းဘ၀ အတူဖြတ်သန်းနိုင်ဖို့ လျှောက်ထားကောင်း လျှောက်ထားနိုင်ပေမယ့် အစိုးရက ဒါကို လက်ခံမလား ဆိုတာကလည်း မသေချာပါဘူး။
ဒါကို စစ်တပ်က လက်ခံမလား ဆိုတဲ့ အပေါ်မှာ မူတည်ပြီး BTS အဖွဲ့သားတွေကတော့ စစ်မှုထမ်းဖို့ အသင့် ဖြစ်နေပြီလို့ ဆိုထားပါတယ်။
တခြား ကေပေါ့ အဖွဲ့တွေကတော့ သူတို့ ထမ်းဆောင်ရမယ့် စစ်မှုထမ်း တာဝန်ကို မတူတဲ့ နည်းတွေနဲ့ ချဉ်းကပ်ခဲ့တယ်လို့ Taylor က ထောက်ပြထားပါတယ်။
Shinee အဖွဲ့ ဆိုရင် သူတို့ထဲက သုံးယောက်က လက်ရှိ စစ်ထဲမှာ ထမ်းဆောင်နေကြပြီး ကျန် တယောက်ကတော့ တကိုယ်တော် ပွဲတွေ ဖျော်ဖြေနေတယ်လို့ ဆိုပါတယ်။
အလားတူ VIXX အဖွဲ့ ဆိုရင်လည်း အဖွဲ့သား တချို့က စစ်ထဲ၀င်နေပြီး ကျန်တချို့က ကိုယ်စီ အနုပညာနယ်ကို အသီးသီး ဖြတ်သန်းနေကြတယ်လို့ Taylor က ပြောပါတယ်။
BTS အနေနဲ့ သူတို့ရဲ့ ဖျော်ဖြေမှု အသံသွင်းမှုတွေ အများအပြား အခုအခါ လုပ်ဆောင်ထားပြီး သူတို့ အဝေးရောက် စစ်မှုထမ်းနေခိုက် ပရိသတ်နဲ့ မဝေးအောင် စီစဉ်ထားသင့်တယ်လို့လည်း Taylor က အကြံပေးထား ပါတယ်။