ရုရှား ကမ်းလွန်ငလျင်လှုပ်ခတ်ပြီးနောက် ကမ္ဘာတဝန်းက ကမ်ရိုးတန်းဒေသတွေနဲ့ ဂျပန်အထိ ဆူနာမီသတိပေးချက်တွေဆက်တိုက်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်းအား ၈ ဒသမ ၈ မဂ္ဂနီကျု ပမာဏရှိတဲ့ အင်အားပြင်းထန် ငလျင်က ရုရှားနိုင်ငံအရှေ့ဘက်ကမ်းက ကျွန်းဆွယ် နေရာကို ဒီကနေ့ ရုရှားဒေသစံတော်ချိန် ၁၁ နာရီ ၂၅ မိနစ်မှာ ဗဟိုပြုပြီး လှုပ်ခတ်သွားပါတယ်။ အဲဒီလှုပ်ခတ်မှုနောက်မှာ ဆူနာမီ သတိပေးချက်တွေထွက်ပေါ်လာပါတယ်။
ကမ်းလွန်ငလျင်အပြီးဖြစ်ခဲ့တဲ့ ဆူနာမီကြောင့် လှိုင်းအမြင့်ပေ ၃ ကနေ ၄ မီတာကြား( ၁၀ ပေနဲ့ ၁၃ ပေကြား) ကိုမှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေကပြောပါတယ်။
အဲဒီပထမလှိုင်းအရှိန်က ဂျပန် ဟော့ကိုင်းဒိုး အရှေ့မြောက်ဘက်ရှိ ဆိပ်ကမ်းမြို့ နီမူရိုကို ရောက်ခဲ့ပြီး လှိုင်းလုံး (၃၀ စင်တီမီတာ) ၁၂ လက်မ ရှိလို့ ဂျပန်အာဏာပိုင်တွေက ဒီထက်လှိုင်းပိုကြီးလာနိုင်တယ်လို့ သတိပေးထားပါတယ်။
အမေရိကန် အာဏာပိုင်တွေကတော့ အလက်စကာမြို့နဲ့ ဟာဝိုင်ရီအတွက် ဆူနာမီသတိပေးချက်တွေထုတ်ထားပါတယ်။ US ကျွန်းပိုင် ဂူအမ်နဲ့ မက်ခရိုနီရှားကျွန်းစုတွေမှာလည်း ဆူနာမီစောင့်ကြည့်မှုတွေရှိနေပါတယ်။
ဆူနာမီသတိပေးချက် ဘယ်နိုင်ငံတွေမှာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီကွေဒေါ၊ ဟာဝိုင်အီကျွန်းအနောက်မြောက်ဒေသနဲ့ ရုရှားနိုင်ငံက ကမ်းရိုးတန်းကြောတချို့မှာ လှိုင်းအမြင့် သုံးမီတာထက်ပိုပြီး လှိုင်းကြီးနိုင်တယ်လို့ အမေရိကန် ဆူနာမီသတိပေးဌာနက ထုတ်ပြန်ထားပါတယ်။
ချီလီ၊ ကော့စတာရီကာ၊ ဟာဝိုင်အီ၊ ဂျပန်နိုင်ငံတို့ရဲ့ ကမ်းရိုးတန်းတွေအပြင် ပစိဖိတ်သမုဒ္ဒရာအတွင်းက ကျွန်းစုတချို့နဲ့ ကမ်းရိုးတန်းတလျှောက်မှာလည်း လှိုင်းလုံးက ၁ မီတာကနေ ၃ မီတာကြားရှိနိုင်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ဩစတြေးလျ၊ ကိုလံဘီယာ၊ မက္ကဆီကို၊ နယူးဇီလန်၊ တွန်ဂါနဲ့ ထိုင်ဝမ်အပါအဝင် အခြားနေရာတွေမှာ လှိုင်းအမြင့် တစ်မီတာအထိ ရှိနိုင်တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံကတော့ သူ့ရဲ့ နိုင်ငံသားတွေကို ဆူနာမီအတွက် သတိကြီးကြီးထားဖို့ အသိပေးထားပြီး လူ ၁.၉ သန်းကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားပါတယ်။
ဟာဝိုင်အီပြည်နယ်ကတော့ ဆူနာမီအတွက် အထူးသတိပေးခံထားရတဲ့ဒေသဖြစ်ပြီး လူတွေကို ကုန်းမြင့်တွေပေါ် တက်ရှောင်နေကြဖို့နဲ့ သင်္ဘောတွေကိုလည်း ကမ်းလွန်ပင်လယ်ပြင်မှာပဲရှိဖို့ အာဏာပိုင်တွေက ပြောထားပါတယ်။
ဟာဝိုင်ဝီပြည်နယ်ထဲက ဟိုနိုလူလူ မြို့တော်ဝန်ကတော့ "သတိပေးချက်တွေကို အလေးအနက်ထားပါ။ တတ်နိုင်သမျှ အမြင့်မှာနေပါ၊ အာဏာပိုင်တွေကလည်း ဆူနာမီနဲ့ပတ်သက်ပြီး စောင့်ကြည့်နေပါတယ်" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းဒေသမှာလည်း ကမ်းခြေနဲ့ ဆိပ်ကမ်းတွေ၊ လှေဆိပ်တွေမှာရှိနေတဲ့လူတွေကို ဘေးကင်းရာကို ရှောင်ထားကြဖို့ အမေရိကန်အမျိုးသားမိုးလေဝသဌာနက သတိပေးထားပါတယ်။
အလားတူ တောင်အမေရိကမှာရှိတဲ့ ပီရူးနိုင်ငံမှာလည်း အာဏာပိုင်တွေက ဆူနာမီသတိပေးချက်ထုတ်ပြန်ထားပြီး ဆက်တိုက်စောင့်ကြည့်နေတဲ့အကြောင်း ကြေညာထားပါတယ်။
ဆူနာမီလှိုင်းလုံးများ ဂျပန်ကမ်းရိုးတန်းကို ဝင်ရောက်တော့မှာဖြစ်လို့ သတိပေးချက်တွေ အရှိန်မြှင့်
ဆူနာမီလှိုင်းလုံးများ နိုင်ငံရဲ့ ကမ်းရိုးတန်းဒေသကို ဝင်ရောက်တော့မှာဖြစ်လို့ သတိပေးချက်တွေ အရှိန်မြှင့်ထားတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။
ဖူကီရှီးမား၊ မီရာဂျီနဲ့ အိုင်ဝါတေး စီရင်စု တွေကို လှိုင်းလုံးတွေရောက်လာနိုင်တယ်လို့ဆိုပါတယ်။
ဂျပန်မိုးလေဝသအေဂျင်စီရဲ့ ၀က်ဘ်ဆိုက်မှာ တိုက်ရိုက်လွှင့်တင်ထားတဲ့ မြေပုံညွှန်းလှုပ်ရှားမှုအရ လှိုင်းအမြင့် ၃ မီတာ (၉ ပေ) အထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိအချိန်အထိ စံချိန်တင် အမြင့်ဆုံးလှိုင်းက ၁ ဒသမ ၃ မီတာ (၄ ပေ) ရှိပြီး အိုင်ဝါတေး စီရင်စုရှိ ကူဂျီဆိပ်ကမ်းမှာ စောင့်ကြည့်လေ့လာခဲ့ကြောင်း အေဂျင်စီက ပြောပါတယ်။
ဂျပန်မှာ ကမ်းရိုးတန်းနီးဒေသတွေက လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပြီး အများပြည်သူပိုင် ရုပ်သံလိုင်း NHK က အခုအချိန်အထိ ကြီးကြီးမားမား ပျက်စီးမှုသတင်းများ မထုတ်ပြန်သေးပါဘူး။
ဆူနာမီလှိုင်းလုံးကြောင်း ရရှားဆိပ်ကမ်းမြို့ အထိအခိုက်ရှိ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရုရှားဆိပ်ကမ်းမြို့ ဆဗယ်ရို ကူရိစ်ကို အနည်းဆုံး ဆူနာမီရေလှိုင်း ၃ ကြိမ် ရိုက်ခတ်ခဲ့ပါတယ်။ အဲ့ဒီမြို့မှာ လူဦးရေ ၂,၀၀၀ ဝန်းကျင်ရှိပါတယ်။
နောက်ဆုံးကြိမ်ရိုက်ခတ်တဲ့ ဆူနာမီလှိုင်းလုံးဟာ အပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။
လှိုင်းလုံးကပြင်းထန်တာကြောင့် ဆိပ်ကမ်းအဆောက်အဦးတချို့ ထိခိုက်ခဲ့ပြီး ကမ်းကပ်ထားတဲ့ သင်္ဘောကြီးတွေ သမုဒ္ဒရာ ရေလက်ကြား ထဲ မျောပါသွားခဲ့ပါတယ်။
တတိယလှိုင်းလုံးတွေဟာ "အလွန်ပြင်းထန်" တယ်လို့ ရုရှားအစိုးရပိုင် TASS သတင်းဌာနကဖော်ပြပါတယ်။မြို့ခံတွေကတော့ တောင်ကုန်းတွေမှာ စုဝေးနေထိုင်နေကြတယ်လို့ TASS သတင်းဌာနက ရေးပါတယ်။
ပက်ထရိုပဗို့စ်-ကမ်ချက်စကီး အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ အင်းအားပြင်း ငလျင်လှုပ်ခတ်ပြီးတဲ့နောက်မှာ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ လေဆိပ်အာဏာပိုင်က ထုတ်ပြန်ပါတယ်။
လေယာဉ်ခရီးစဉ်တွေ အချိန်အပြောင်းမလဲမရှိ လည်ပတ်နေပါတယ်။ ငလျင်ကြောင့် လေဆိပ် မျက်နှာကျက်ထိခိုက်ခဲ့ပေမယ့် လေယာဉ်ပြေးလမ်းကြောင်း ကတော့ " အဆင်ပြေတဲ့ အခြေအနေ" မှာရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စောင့်ဆိုင်းနေခဲ့ကြတဲ့ ခရီးသည်တွေကိုတော့ ယာယီပြောင်းရွှေ့ထားပြီး တစ်ဦးကတော့ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဖြည့်စွက်ပြောပါတယ်။
ဆူနာမီသတိပေးချက်ကြောင့် ဂျပန်မှာဘေးလွတ်ရာကြိုရွှေ့နေကြ
ဂျပန်နိုင်ငံမှာ ဆူနာမီဘေးကြိုတင်ကာကွယ်နိုင်ဖို့ ဘေးလွတ်ရာရွှေ့ဖို့ သတိပေးချက် ထုတ်တဲ့နောက်မှာ ဒေသခံတွေက ဆူနာမီဒဏ်ခံ အဆောက်အအုံပေါ် သွားရောက်နေထိုင်မှုတွေရှိလာပါတယ်။
ဂျပန်နိုင်ငံရဲ့ နေရာတော်တော်များများမှာ အနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့
ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းကို ရွှေ့ပြောင်းခိုင်းပြီး ကမ်းရိုးတန်းနဲ့ ခပ်ဝေးဝေးမှာ နေဖို့ အသိပေးထားပါတယ်။
ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးစီရင်စုရှိ မူကာဝါက အဆောက်အအုံတစ်ခုရဲ့ ထိပ်မှာ ခိုလှုံနေကြသူတွေကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
ဟာဝိုင်အီမှာ သတိပေး ဥဩသံတွေ စတင်
အမေရိကန်နိုင်ငံ၊ ကမ်းခြေပြည်နယ် ဟာဝိုင်အီကို လာမယ့်နာရီပိုင်းအတွင်း ဆူနာမီရိုက်ခတ်မှုကြုံရနိုင်တယ်လို့ အာဏာပိုင်တွေကသတိပေးပါတယ်။
ဘေးလွတ်ရာရွှေ့ပြောင်းမှုတွေလည်း တွေ့နေရတယ်လို့ ကမ္ဘာလှည့်ခရီးသွားတစ်ဦးက ပြောပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ မှာနေထိုင်တဲ့ မြန်မာနိုင်ငံ တစ်ဦးကလည်း အစိုးရက ဆူနာမီ သတိပေးချက် တွေ ထုတ်ပြန်ထားတယ်လို့ ပြောပါတယ်။
"ဟာဝိုင်အီ က လူတွေရဲ့ ဖုန်းထဲတွေမှာတော့ ဆူနာမီသတိပေးချက်တွေရောက်တယ်။ ဒီကိုမရောက်သေးဘူး။ လော့စ်အိန်ဂျယ်လိစ်က ကမ်းရိုးတန်းဒေသပဲ။ ဟာဝိုင်အီက အဓိက ထိမယ်လို့ ပြောတယ်။ ဒီကိုအဖျားခတ်မှာ။ ခက်တာက ရေက ဘယ်လောက်တက်လာမလဲ မသိဘူး။ အာဏာပိုင်တွေက လည်း မကြေညာသေးဘူး။" လို့ လော့စ်အိန်ဂျယ်လိစ်မှာ နေထိုင်တဲ့ မြန်မာတစ်ဦးက သူ့စိုးရိမ်ချက်ကို ဘီဘီစီကို ပြောပါတယ်။
ဟာဝိုင်အီမှာ ဘေးလွတ်ရာရွှေ့ပြောင်းနေကြပြီဖြစ်ပါတယ်။
အမေရိက ကို ဆူနာမီရိုတ်ခတ်မှု ပြင်းထန်မှုမရှိနိုင် - ငလျင်ပညာရှင်
ငလျင်ပညာရှင် ဒေါက်တာ လူစီဂျုံး က ဆူနာမီဟာ ဟာဝိုင်အီမြို့က ဆိပ်ကမ်းတွေ၊ ကမ်းနားက အိမ်တွေကို ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။
ကယ်လီဖိုးနီးယားလည်း ပါဝင်နိုင်တယ်လို့ သူကပြောပါတယ်။
ဒါပေမယ့် ဒီဆူနာမီ ရိုက်ခတ်မှုကြောင့် အမေရိကမှာ လူတွေ သေကြေနိုင်လောက်တဲ့ အဆင့်ထိ တော့ ရောက်မှာ မဟုတ်ဘူး လို့ ဒေါက်တာ လူစီက ပြောပါတယ်။
ဟာဝိုင်အီမှာ ဆူနာမီလှိုင်းတွေဟာ ၃ ပေ ကနေ ၁၀ ပေအထိတက်နိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဆန်တာ ဘာဘာရာမြို့မှာတော့ ရေလှိုင်းအမြင့်က ၁ ပေ ကနေ ၂ ပေ အထိ ခန့်မှန်းပါတယ်။
နှိုင်းယှဉ်ရရင် ၂၀၁၁ ခုနှစ်၊ ဂျပန်ဆူနာမီတုန်းက ရေလှိုင်းတချို့ရဲ့ အမြင့်က ၄၂ ပေအထိ ရှိခဲ့တာလို့ ဒေါက်တာ လူစီ က ပြောပါတယ်။
ကယ်လီဖိုနီးယားပြည်နယ်၊ ကရဲစန့် မြို့ ရဲ့ ကမ်းရိုးတန်းနေရာမှာ လှိုင်းလုံး အမြင့်ဟာ ၆ ပေအထိ တက်နိုင်တယ်လို့ သူကဖြည့်ပြောပါတယ်။
နေပြည်တော်ငလျင်စခန်းကနေ ရုရှားငလျင် တိုင်းထွာမိကြောင်း မိုးဇလကြေညာ
မြန်မာမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံ ပြင်ပ ရုရှားကျွန်းဆွယ် ဒေသ ကမ်ချက်က ကို ဗဟိုပြုတဲ့ ပြင်းအား ၇.၈ ရစ်ခ်တာစကေး လှုပ်ခတ်တာကို နေပြည်တော်ငလျင်စခန်းကနေ တိုင်းထွာမိကြောင်း ကြေညာပါတယ်။
ဖိလစ်ပိုင် နဲ့ အင်ဒိုးနီးရှားမှာ ဆူနာမီသတိပေးချက်တွေထုတ်ပြန်
ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်လာပါတယ်။
ဒါပေမဲ့ တခြား နေရာတွေလောက် လှိုင်းလုံး မကြီးနိုင်ဘူးလို့ ပြောထားပါတယ်။
လူထုအနေနဲ့ ကမ်းစပ် နေရာ တွေကို ရှောင်ရှားကြဖို့ တော့ သတိပေးထားပါတယ်။
ဖိလစ်ပိုင် မီးတောင်ဗေဒ နဲ့ ငလျင်ဌာန က ရုရှားနိုင်ငံ၊ ကမ်ချက်ကကျွန်းဆွယ်မှာ ပြင်းအား ၈.၈ မဂ္ဂနီကျု လှုပ်ခတ်ပြီးတဲ့နောက်မှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်လာတာပါ။
ဖိလစ်ပိုင်မြို့တော်၊ မနီလာ စံတော်ချိန် ဒီနေ့ မွန်းလွှဲအစောပိုင်းမှာ ၁ မီတာ အောက်ရှိတဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်နိုင်တယ်လို့ ကြေညာပါတယ်။
ပြည်နယ် ၂၀ ခု ကျော်မှာ နေထိုင်သူတွေ ကမ်းခြေ နဲ့ ကမ်းရိုးတန်းဒေသတွေ သွားတဲ့အခါ သတိပြု ကြဖို့ ပြောထားပါတယ်။
အင်ဒိုနီးရှား မိုးလေဝသဌာန၊ ဇလဗေဒ နဲ့ ဘူမိဗေဒဌာန ကတော့ အင်ဒိုနီးရှား အရှေ့ပိုင်းမှာ ကနဦး ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
သတိပေးထားတဲ့ နေရာတွေကတော့ မြောက် ဆူလာဝီစီ၊ မြောက် မလူကူ၊ အနောက် ပပူရာ၊ နဲ့ ဂိုရွန်တလို ပြည်နယ်တွေဖြစ်ပါတယ်။
အာဏာပိုင်တွေကတော့ လူထုအနေနဲ့ မစိုးရိမ်ကြဖို့ နဲ့ ကမ်းစပ်တွေကို မသွားဖို့ တိုက်တွန်း ထားပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအထိ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
ဆူနာမီဆိုတာဘာလဲ

ဆူနာမီဆိုတာဟာ ဝါဟာရနှစ်မျိုးပေါင်းစပ်ထားတဲ့ ဂျပန်စကားဖြစ်ပါတယ်။ 'ဆူ' ဆိုတာ "ဆိပ်ကမ်း" လို့ အဓိပ္ပါယ်ရပြီး 'နာမီ' ဆိုတာက ဂျပန်လို "လှိုင်း" ကိုခေါ်တာဖြစ်ပါတယ်။ ဆိပ်ကမ်းနဲ့လှိုင်း လို့ ခေါ်လို့ရပါတယ်။
ငလျင်လှုပ်ပြီးနောက် ပင်လယ်ရေအောက်ကြမ်းပြင်က မီတာပေါင်းများစွာက မြေထုလွှာအနက် ဒေါင်လိုက်ရွေ့လျားခဲ့တာကြောင့် ဆူနာမီလှိုင်းလုံးကြီးတွေ ဖြစ်ပေါ်ခဲ့ပြီး ကီလိုမီတာရာနဲ့ချီ ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂကတော့ ဆူနာမီဆိုတာ သမုဒ္ဒရာလှိုင်းလုံးကြီးတွေကိုထိန်းထားတဲ့ နံရံကြီးလိုပဲ ပြိုကျလာရင် အချိန်အနည်းအတွင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ဖောညွှန်းပါတယ်။
ဆူနာမီလှိုင်းတွေရဲ့ ပထမဆုံးလှိုင်းဟာ အမြဲတမ်းလှိုင်းအကြီးကြီးတွေတော့မဟုတ်ပါဘူး။၂၀၀၄ ခုနှစ် အိန္ဒိယ သမုဒ္ဒရာဆူနာမီ ရဲ့ အကြီးဆုံး လှိုင်းဟာ ဒုတိယလှိုင်းကျ မှဖြစ်ခဲ့တာပါ။
၁၉၆၄ အမေရိကန် အလက်စကာပြည်နယ်က ဆူနာမီဆိုရင်စတုတ္ထလှိုင်းမှ အကြီးဆုံးလှိုင်းဖြစ်ခဲ့တာပါ။ ဆူနာမီလှိုင်းတွေဟာ ငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာနဲ့ မြေပြိုတာတွေကနေလည်း ဖြစ်လာနိုင်ပါတယ်။
ဆူနာမီ သတိပေးချက်ဆိုတာဘာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်နိုင်ငံမှာ လူပေါင်း ၂၂,၀၀၀ ကျော်သေဆုံးခဲ့တဲ့ ၁၈၉၆ ဆန်ရီခု ဆူနာမီအပြီး ငလျင်နဲ့ဆိုင်တဲ့ သတိပေးချက်တွေကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။
၁၉၂၃ ခုနှစ် အရောက်မှာတော့ ဆူနာမီလှိုင်း ကြိုတင်သတိပေးချက်စနစ်တွေဟာ အရင်ကထက်ပိုပြီး တိုးတက်လာခဲ့ပါတယ်။
ဟာဝိုင်အီ မီးတောင်စောင့်ကြည့်လေ့လာရေးဌာနကို တည်ထောင်သူ ငလျင်ပညာရှင် သောမတ်စ်ဂျက်ဂျာ ဟာ ရုရှားနိုင်ငံ အရှေ့ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ကန်ချက်တာ ငလျင်ကြီးဖြစ်ပွားပြီးနောက်ပိုင်း ဆူနာမီ ဖြစ်နိုင်ချေကို ပထမဆုံးခန့်မှန်းတွက်ချက်နိုင်တဲ့ သိပ္ပံပညာရှင်ဖြစ်လာပါတယ်။
ကမ္ဘာ့ပထမဆုံး ဆူနာမီကြိုတင်သတိပေးရေး အဖွဲ့အစည်းကို ဂျပန်နိုင်ငံ ဆန်ဒိုင်မြို့မှာ ၁၉၄၁ ခုနှစ်က ထူထောင်ခဲ့တာဖြစ်ပါတယ်။










