လျှပ်စစ်မီတာခအပါ စရိတ်တွေ လျှော့ချပေးမယ့်ထိုင်းအစိုးရသစ်

ထိုင်းဝန်ကြီးချုပ်သစ် ဆေထာထဝီဆင်

ဓာတ်ပုံ ရင်းမြစ်, AFP

ထိုင်းနိုင်ငံတွင်း လူနေမှုစရိတ်တွေသက်သာဖို့ လျှပ်စစ်မီတာခ၊ စက်သုံးဆီ စျေးနှုန်းတွေလျှော့ချပေးမယ့်အပြင် လျှပ်စစ်မီးရထားခကို ဘတ်ငွေ ၂၀ သာ ကျသင့်မယ့်အထိ သင့်တော်တဲ့နှုန်းထားနဲ့ကောက်ခံတာတွေကို လုပ်ပေးမယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် ဆေထာထဝီဆင်က ကတိပြုလိုက်ပါတယ်။

ဒါ့အပြင် အစိုးရသစ်အနေနဲ့ ရွေးကောက်ပွဲကတိအတိုင်း စီးပွားရေး တိုးတက်မယ့် မူဝါဒတွေကို ဦးစားပေး ဖော်ဆောင်မယ်လို့ ဝန်ကြီးချုပ်သစ် ဆေထာ‌ထဝီဆင်က ပြောပါတယ်။

ဒီလို ဝန်ကြီးချုပ်သစ်ရဲ့ ဖွေထိုင်းပါတီကပေးခဲ့တဲ့ ရွေးကောက်ပွဲကတိတွေကို အကောင်အထည် ဖော်ဖို့ အတွက် ညွန့်ပေါင်းပါတီတွေထဲက အစိုးရအဖွဲ့မှာပါဝင်မယ့်သူတွေနဲ့ ဆွေးနွေးတာတွေဆက်လုပ်မယ်လို့ ဆေထာထဝီဆင်က ဆိုပါတယ်။

ဝန်ကြီးချုပ်သစ်ရဲ့ ပြောကြားမှုနောက်မှာတော့ မီးရထားပို့ဆောင်ရေးဝန်ကြီးဌာနက ဘန်ကောက်ရဲ့ လျှပ်စစ်မိုးပျံရထားခကို ခရီးတစ်ခုအတွက် ဘတ် ၂၀ ပဲ ကျသင့်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပြီလို့ ဌာနတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်အနေနဲ့ ညွန့်ပေါင်း ၁၀ ပါတီ ရဲ့ သဘောထားတွေကိုလည်း မေးမြန်းသွားမှာဖြစ်သလို လျှပ်စစ်ရထားခရီးတစ်ခုကို ဘတ် ၂၀ ပဲ ကောက်ခံမယ့် မူဝါဒကို ဝင်ငွေနည်းပြည်သူတွေအတွက် စပြီး အစမ်းသဘောမျိုး လုပ်ကြည့်ဖို့ကို စဥ်းစားနိုင်တယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာဌာနကတော့ လူမှုဖူလုံရေးကတ် ကိုင်ဆောင်ထားသူတွေအတွက် ဒီအစီအစဥ်က ချက်ချင်းအကောင်အထည်ဖော်နိုင်တယ်လို့ ပြောပါတယ်။

ဘန်ကောက်ရဲ့ မိုးပျံရထား

ဓာတ်ပုံ ရင်းမြစ်, BTS

အစိုးရသစ်က ကြေညာထားပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အား စျေးနှုန်းကိုလျှော့ချပေးမယ့် အစီအစဉ်ကို အခု စက်တင်ဘာလကနေ ဒီဇင်ဘာလအထိပဲ ကျင့်သုံးမယ်လို့ ဆေထာထဝီဆင် က ‌‌ဆိုပါတယ်။

ပုဂ္ဂလိကစက်မှုလုပ်ငန်းတွေက တောင်းဆိုနေတဲ့ လျှပ်စစ်မီတာခ တစ်ယူနစ် ၄ ဘတ်ကျော်နှုန်းအထိကျဆင်းဖို့ကတော့ စောင့်ကြည့်ရမယ်လို့ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လက်ရှိမှာ လျှပ်စစ်မီတာခတစ်ယူနစ်ကို ၅ ဘတ် နီးပါးကောက်ခံနေတဲ့နှုန်းကနေလျှော့စျေးအရဆိုရင် ၄ ဘတ် နဲ့ ၄၅ ပြား ထက်မပိုစေဖို့ စဥ်းစားထားပြီး ဘယ်လောက်လျှော့ချပေးနိုင်မလဲဆိုတာကို အစိုးရသစ်က တွက်ချက်နေတယ်လို့ ဝန်ကြီးချုပ်သစ်က ပြောထားပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်သစ်ရဲ့ ဖွေထိုင်းပါတီရွေးကောက်ပွဲမူဝါဒဖြစ်တဲ့ လူတစ်ဦးချင်းရဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်လို့ခေါ်တဲ့ မိုဘိုင်းဖုန်းအသုံးပြုဘဏ်စနစ်ထဲမှာ ဘတ် တစ်သောင်းထည့်ပေးမယ်ဆိုတဲ့ အစီအစဥ်ကိုလည်း ရေတိုစီးပွားရေးဖွံ့ဖြိုးမှုအတွက် သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ ဆွေးနွေးနေတယ်လို့ဆိုပါတယ်။

အဲဒီမူဝါဒဟာလည်း လာမယ့်နှစ် ပထမသုံးလပတ်ထက် နောက်မကျစေဘဲ အကောင်အထည်ဖော်နိုင်မယ်လို့ ဆေထာထဝီဆင်က ပြောပါတယ်။

စွမ်းအင် နဲ့ စက်သုံးဆီစျေးနှုန်းတွေမြင့်တက်နေတာက လူနေမှုစရိတ်တွေနဲ့ထုတ်လုပ်မှုစရိတ်တွေကို တိုးမြင့်လာစေလို့ ပုဂ္ဂလိကလုပ်ငန်းတွေက ဒီကဏ္ဍတွေကိုဖြေလျှော့ပေးဖို့ တွန်းအားပေးခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ်သစ်ရဲ့ လျှပ်စစ်မီတာခနှုန်းထားတွေ လျှော့ချပေးမယ်ဆိုတဲ့ ကတိစကားကို ကြိုဆိုတယ်လို့ ထိုင်းစက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကလည်း ပြောထားပါတယ်။