ဒေါ်မြစိန်၊ မြသန္တာ ဟယ်လင် ပိုးနဲ့ ဒေါက်တာသန္တာဝေ

ဓာတ်ပုံ ရင်းမြစ်, Archive
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာ့ဂုဏ်ဆောင် ဒေါ်မြစိန်ဆိုပြီး ခေါ်ဆိုကြတဲ့ ဒေါ်မြစိန်ဟာ မွန်ရခိုင်နွယ်ဖွားဖြစ်ပြီး မြန်မာအမျိုးသမီးထဲက ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ရသူ ဖြစ်သလို အောက်စဖို့ဒ်တက္ကသိုလ်က စာပေဘွဲ့ ရခဲ့ပါတယ်။ ၁၉၃၁ က မြန်မာနဲ့ အိန္ဒိယ တွဲရေး ခွဲရေး ဆွေးနွေးပွဲကို လန်ဒန်က စိန့်ဂျိမ်းစ်နန်းတော်မှာ ကျင်းပတော့လည်း အမျိုးသမီးကိုယ်စားလှယ်အဖြစ် ဒေါ်မြစိန်တက်ခဲ့ပါတယ်။
ဒေါ်မြစိန်ကို မြန်မာအမျိုးသမီးလောကရဲ့ ရှေ့ဆောင်တဦးအဖြစ် လူသိများပေမယ့် သူ့မျိုးဆက်တွေထဲက ထူးချွန်သူတွေကိုတော့ လူသိနည်းပါတယ်။ ဒီထဲမှာ သူ့သမီး ဒေါ်မြသန္တာခေါ် ဟယ်လင်ပိုးနဲ့ မြေးဖြစ်သူ ဒေါက်တာ သန္တာဝေတို့ ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝန်ကြီးချုပ်သမီး
ဒေါ်မြစိန်ဟာ ဗြိတိသျှခေတ်မှာ ဒုတိယမြောက် ပြည်ထဲရေး ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးမေအောင်ရဲ့ သမီးဖြစ်ပြီး လွတ်လပ်ပြီးခေတ်မှာ ရဲဗိုလ်ချုပ် ဖြစ်ခဲ့တဲ့ ဦးထွန်းလှအောင်ရဲ့ နှမဖြစ်ပါတယ်။ ဦးမေအောင်တို့ ဆွေမျိုးတစုဟာ ဗြိတိသျှခေတ် မြန်မာပြည်သိမ်းစကတည်းက ထင်ရှားခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဗြိတိသျှသိမ်းခါစက မော်လမြိုင်မြို့ကို တည်ထောင်တဲ့ စစ်ကဲမောင်ထော်လေးရဲ့ သမီး ဒေါ်မြမေဟာ ဦးမေအောင်ရဲ့ ဦးလေး အိန္ဒိယမှာ ငွေတိုက်မင်းကြီး လုပ်ခဲ့တဲ့ ဦးလှအောင်နဲ့ ရပါတယ်။ မင်းကြီးကတော် မမြမေလို့ ထင်ရှားခဲ့တဲ့ ဒေါ်မြမေဟာ ၂ဝ ရာစုဆန်းက နိုင်ငံခြားကို ဗုဒ္ဓသာသနာပြု စေလွှတ်တဲ့လုပ်ငန်းတွေမှာ ကမကထပြုခဲ့ပြီး ပထမဆုံး ဗြိတိသျှသာသနာပြု ရဟန်းတော် အရှင် အာနန္ဒာမေတ္တေယျကို ထောက်ပံ့ခဲ့တဲ့ ဒကာမကြီး ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikipaedia
မမြစိန်ဟာ ကိန်းဘရစ်ပညာတတ် ဥပဒေပါမောက္ခရဲ့သမီး ဖြစ်လို့ ငယ်စဉ်ကတည်းက ပညာချွန်ကာ တက္ကသိုလ်ဝင်တန်းမှာ တပြည်လုံး တတိယ ရပါတယ်။ ရန်ကုန်ကောလိပ်မှာ ကျောင်းသူ ၁၁ ယောက်သာ ရှိတဲ့ခေတ်က ယောက်ျားလေးတွေနဲ့ တွဲပြီး တင်းနစ်ကစားခွင့်ရအောင် တိုက်ပွဲဝင်ခဲ့သူလို့လည်း ၁၉၅၅ က ထုတ်တဲ့ ရှုမဝ မဂ္ဂဇင်းမှာ ပါရှိပါတယ်။ ရန်ကုန်ကောလိပ် သမဂ္ဂခေါ် ကျောင်းသားညီညွတ်ရေးအသင်းမှာ သူနဲ့ ဒိုရာသန်းဧတို့ အင်္ဂလိပ်လို စကားစစ်ထိုးပွဲမှာ မမြစိန်ရဲ့ ပြောဆိုပုံဟာ မြခြေကျင်း မငွေမြိုင်ကတာလိုပဲ လေးနက်၊ ပညာသားပါပြီး အင်္ဂလိပ်ဆရာမအစစ် ပြောတာထက် ကောင်းတယ်ဆိုပြီး ဦးချမ်းသာက ကျွန်တော်အိုင်စီအက်စ် စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ မဟာဝိဇ္ဇာသင်နေတုန်းမှာ ဖခင်ကွယ်လွန်ခဲ့ပေမယ့် ၁၉၂၇ မှာ ဗြိတိန်ကို မမြစိန် ပညာတော်သင် သွားရပါတယ်။ ရန်ကုန်နဲ့ အောက်စဖို့ဒ်မှာ သူပြုစုခဲ့တဲ့ မြန်မာအစဉ်အလာအုပ်ချုပ်ရေးနဲ့ ဗြိတိသျှခေတ်ဦး အုပ်ချုပ်ရေး ဘွဲ့ယူစာတမ်းတွေကို အခြေခံပြီး မြန်မာပြည် အုပ်ချုပ်ရေး အကြောင်း ၁၉၃၈ မှာ ရေးသား ထုတ်ဝေခဲ့ပါတယ်။
ဗြိတိန်က ပြန်လာပေမယ့် တက္ကသိုလ်နဲ့ ပညာရေး ဌာနက အလုပ်မပေးတဲ့ မမြစိန်ဟာ ဒေါ်ကြီးကြီး မိန်းကလေးကျောင်းမှာ ကျောင်းအုပ်ကြီးလုပ်ပါတယ်။ ၁၉၃၁ မှာ နိုင်ငံပေါင်းချုပ်အသင်းက ဂျီနီဗာမှာလုပ်တဲ့ အာရှအမျိုးသမီးကွန်ဖရင့်ကို တက်ခဲ့တဲ့ မမြစိန်ဟာ အသင်းရဲ့ အမျိုးသမီးအခွင့်အရေး စိစစ်မှု ကော်မတီမှာ ပါဝင်ခွင့်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေးဦးဘဦး စတဲ့ မြန်မာပြည် ခေါင်းဆောင်တွေရဲ့ သံကြိုးရိုက် တောင်းဆိုမှုကြောင့် ဂျီနီဗာကနေ သူ လန်ဒန်ကို ကူးပြီး မြန်မာပြည် အရေး ဆွေးနွေးပွဲ ခေါ်နိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ အဲဒီအစည်းအဝေးမှာ သူတက်ခွင့်ရခဲ့ပြီး မြန်မာပြည် အုပ်ချုပ်ရေးတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ပါမောက္ခ ချိအဲ အိကိယက ကိုလိုနီခေတ် မြန်မာအမျိုးသမီးကို ပြန်လည်ပုံဖော်ခြင်း စာအုပ်မှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရာဇဝင် ခရီးသည်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လန်ဒန်ကအပြန်မှာ ရခိုင် အိုင်စီအက် ဦးရွှေဘော်နဲ့ ငါးနှစ်ပေါင်းသင်းပြီး သားသမီးနှစ်ယောက်ရကာ ကွာရှင်းခဲ့ကြပါတယ်။ အဲဒီနောက်မှာလည်း ရန်ကုန်မြူနီစီပါယ်အဖွဲ့ဝင် အရွေးခံခဲ့သလို ၁၉၃၉ မှာ တရုတ်ပြည်သွားတဲ့ မြန်မာ မိတ်ဆက်အဖွဲ့မှာ ဒုတိယ ခေါင်းဆောင်အဖြစ် လိုက်ပါခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် မြန်မာပြည် ကူးစက်လာချိန်မှာတော့ မန္တလေးထောင်မှာ အကျဉ်းကျနေတဲ့ သခင်နုကို ကယ်ဖို့ ဒီးဒုတ်ဦးဘချိုနဲ့ ဒေါ်မြစိန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ စစ်အတွင်း တရုတ်ပြည် ချုံကင်းကို စစ်ပြေးပြီး အဲဒီကနေ အိန္ဒိယကူးကာ ဗြိတိသျှ ပြန်ကြားရေးအတွက် ဗမာ့အကြံပေး အရာရှိ လုပ်ခဲ့ကြောင်း စောမုံညင်းရဲ့ ဗမာအမျိုးသမီး စာအုပ်မှာ ပါရှိပါတယ်။
စစ်အပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မေတ္တာရပ်ခံချက်နဲ့ မြန်မာပြည် လွတ်လပ်ရေးအတွက် ဗြိတိသျှ လေဘာပါတီအမတ်တွေကို စည်းရုံးခဲ့ပါတယ်။ လွတ်လပ်ပြီးခေတ် ပြည်တွင်းစစ်ကာလအတွင်း အစ်ကိုဖြစ်သူ ဦးထွန်းလှအောင် လန်ဒန်ကို စစ်သံမှူးအဖြစ် အပို့ခံရချိန်မှာ ပါသွားတဲ့ အမေ မုဆိုးမကြီးနဲ့အတူ လိုက်နေဖို့ ဒေါ်မြစိန်တို့ သားအမိ ဗြိတိန်ကို လိုက်သွားကြပါတယ်။ လန်ဒန်နားက ဆာရေးနယ်မှာ ရာဇဝင်ဆရာမလုပ်ခဲ့တဲ့ ဒေါ်မြစိန်ဟာ အရွယ် ရောက်လာတဲ့ သားသမီးတွေကို အနောက်တိုင်းပုံစံမဝင်စေချင်လို့ မြန်မာပြည် ပြန်လာခဲ့ကြောင်း သမိုင်း ပါမောက္ခဟောင်း ဒေါက်တာသန်းထွန်းက ပြောပြဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပြည် ရန်ကုန်နဲ့ သက်ကြီးတက္ကသိုလ်တွေမှာ ရာဇဝင်ကထိကအဖြစ် အမှုထမ်းရင်း အမေရိကန် တက္ကသိုလ်တွေမှာ ဒေါ်မြစိန် သွားရောက်ပို့ချတတ်ပါတယ်။ ၁၉၆ဝ မှာ ကုလသမဂ္ဂကို စေလွှတ်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ လိုက်ပါပြီး ကုလ လူမှုရေးကော်မတီ အစည်းအဝေးတွေမှာ သူမလာရင် အစည်းအဝေး စလို့မရတဲ့ထိ လူကြိုက်များခဲ့ကြောင်း ဦးအောင်သန့်က မြန်မာ့အရေး ကမ္ဘာ့အရေး နိုင်ငံစုံ သံတမန်ဆက်ဆံရေး မိတ်ဆက် စာအုပ်မှာ ရေးသားခဲ့ပါတယ်။
၁၉၆၂ နောက်ပိုင်းမှာတော့ နိုင်ငံပြင်ကို သိပ်မထွက်တော့ပေမယ့် သူ စာသင်ခဲ့တဲ့ အောက်စဖို့ဒ်က စိန့်ဟုချ် ကောလိပ်က ဖိတ်ခေါ်လို့ ၁၉၇၁ မှာ သွားရောက်ခဲ့ပါတယ်။ ဒေါ်မြစိန်ဟာ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို မနှစ်မြို့သူ ဖြစ်လို့ နိုင်ငံခြား အစည်းအဝေးတခုမှာ နေဝင်း... မသား ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ပြောဆိုတယ်ဆိုပြီး မြန်မာပြည်မှာ အမှုထမ်းခဲ့တဲ့ အမေရိကန် စီအိုင်အေ အရာရှိဟောင်းတယောက်က ပြောပါတယ်။
၁၉၇၁ မှာ အမေရိကန် စာကြည့်တိုက်မှူး ဂျိုးဇက်ဟောင်းဝပ်က သူနဲ့ ရန်ကုန်မှာ သွားတွေ့ပါတယ်။ အဲဒီနေ့မှာပဲ စစ်အစိုးရက မော်တော်ကားတွေကို လက်ဝဲမောင်းစနစ်ကနေ လက်ယာမောင်းစနစ် ပြောင်းပါတယ်။ အစိုးရဟာ ကျွန်မတို့ ဗိုက်ထဲမှာ အစာမရှိတာကို မေ့အောင် လုပ်နေတာပဲ ဆိုပြီး ဒေါ်မြစိန်က အမေရိကန် ဧည့်သည်ကို မှတ်ချက်ပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေတူသမီး
ဒေါ်မြစိန် အသက်ကြီးသွားချိန်မှာတော့ သမီးဖြစ်သူ ဒေါ်မြသန္တာက အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ စာကြည့်တိုက်မှူးအဖြစ် အမှုထမ်းပါတယ်။ ဟယ်လင်ဘော် ခေါ် ဒေါ်မြသန္တာဟာ အင်္ဂလိပ်ခေတ်က ဘဏ္ဍာရေးဝန်ကြီးချုပ်ဟောင်း ဆာထွန်းအောင်ကျော်ရဲ့သား တက်ဒီ သာကျော်ဝေနဲ့ လက်ထပ်ပြီး အမေရိကန်မှာ အိမ်ထောင်ပြိုကွဲပါတယ်။ နောက်ပိုင်း ဂျိမ်းစ်ဒီ ပိုးဆိုတဲ့ အမေရိကန် စာကြည့်တိုက်မှူး တယောက်နဲ့ စာသင်ခန်းမှာ တွေ့ပြီး လက်ထပ်ခဲ့လို့ မြသန္တာ ဟယ်လင် ပိုးလို့ သိကြပါတယ်။
ဒေါ်မြသန္တာဟာ နယူးဒေလီက ကွန်ဂရက် စာကြည့်တိုက်မှာ ထမ်းဆောင်ခဲ့ပြီး ဝါရှင်တန် ဒီစီက ကွန်ဂရက် စာကြည့်တိုက်၊ အာရှပိုင်းမှာ ဌာနမှူးအဖြစ် ၁၉၉၄ ကနေ ၂ဝဝ၁ ထိ ဖြစ်ခဲ့ပါတယ်။ ဟယ်လင်ဟာ စစ်အတွင်း ကုန်းလမ်းကနေ တရုတ်ပြည်ကို မိသားစုနဲ့အတူ ထွက်ပြေးခဲ့ရပြီး အိန္ဒိယ၊ အင်္ဂလန်၊ အိုင်ယာလန်နဲ့ အမေရိကန် နိုင်ငံတွေမှာ ကျောင်းနေခဲ့ရတယ်လို့ ဝါရှင်တန်တိုင်း သတင်းစာက ရေးပါတယ်။ အာရှစာကြည့်ခန်း ဖိုင်တွဲတွေထဲက ရတနာများ ဆိုတဲ့ ၂ဝဝဝ ပြည့်နှစ်က သတင်းစာ ဆောင်းပါးမှာ ဒေါ်မြသန္တာ ကွပ်ကဲရတဲ့ စာကြည့်ခန်းထဲက ရှားပါး အမွေအနှစ် စာစုတွေအကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီစာကြည့်တိုက်ထဲမှာ သူနဲ့ဆိုင်တဲ့ ပစ္စည်းက ဘာရှိလဲလို့ ဒေါ်မြသန္တာကို သတင်းထောက်က မေးတဲ့အခါ နယူးလိုက်အော့ဖ်မြန်မာ သတင်းစာနဲ့ အိန္ဒိယတူဒေး စာစောင်ကို ထုတ်ပြတယ်လို့ ဆိုပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ သူ့အမေလို ဆရာမလုပ်ခဲ့ပြီး အဘိုးလို ရှေ့နေလိုက်ခဲ့တဲ့ ဒေါ်မြသန္တာဟာ ၈၈ နှစ်အရွယ်မှာ မကြာခင်ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ အမေဖြစ်သူ ဒေါ်မြစိန်ဟာလည်း ၁၉၈၅ မှာ သူရှိတဲ့ အိန္ဒိယကို လိုက်လာခဲ့ပြီး အမေရိကန်မှာ ၁၉၈၈ က ကွယ်လွန်ခဲ့ပါတယ်။ ဒေါ်မြစိန် မကွယ်လွန်ခင် အသက် ၈ဝ အရွယ် ၁၉၈၄ မှာ အင်္ဂလန်သွားပြီး ရောဘတ်တေလာစတဲ့ မြန်မာရေးရာ ပညာရှင်တွေနဲ့ တွေ့ခဲ့ကြောင်း သမီးဖြစ်သူ ဒေါ်မြသန္တာက နယူးဒေလီကနေပြီး မြန်မာလေ့လာရေးအုပ်စု ဘူလက်တင်အတွက် ရေးပို့ခဲ့ပါတယ်။
ဒေါ်မြစိန်လို ပြည်တွင်းမှာ နာမည်မကြီးမပေမယ့် ဒေါ်မြသန္တာဟာလည်း ပညာခေသူမဟုတ်ပါဘူး။ ရန်ကုန်နဲ့ အမေရိကန်မှာ မဟာဝိဇ္ဇာဘွဲ့ သုံးဘွဲ့ရယူခဲ့သူဆိုပြီး အမေရိကန် ကွန်ဂရက် စာကြည့်တိုက် ဝက်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သိပ္ပံပါရဂူ
ဒေါ်မြသန္တာရဲ့သမီး ဒေါက်တာသန္တာဝေကတော့ အဘွား၊ အမေတို့နဲ့မတူဘဲ သိပ္ပံ ပါရဂူ ဖြစ်ပါတယ်။ ၁၉၅၈ က ရန်ကုန်မှာ မွေးတဲ့ မသန္တာဝေဟာ မိဘတွေနဲ့အတူ အမေရိကန်ကို ပြောင်းရွှေ့လာခဲ့ကာ ကနေဒါနဲ့ အမေရိကန် တက္ကသိုလ်တွေမှာ သိပ္ပံဆိုင်ရာ ဘွဲ့ကြို ဘွဲ့လွန်ပညာတွေ ဆည်းပူးခဲ့ပါတယ်။ နောက် မစ်ရှီဂန် ပြည်နယ် တက္ကသိုလ်မှာ ၁၉၉၄ က မျိုးဗီဇ ပါရဂူဘွဲ့ယူပြီး ဒေါက်တာသန္တာဝေ ဖြစ်လာပါတယ်။ ဒေါက်တာဝေဟာ ပါရဂူဘွဲ့လွန်သုတေသီအဖြစ် မေရီလန်းပြည်နယ်က အမေရိကန်အစိုးရရဲ့ စိုက်ပျိုးရေး သုတေသန ဌာနမှာ မော်လီကျူး ဇီဝဗေဒပညာရှင်လုပ်ခဲ့ပါတယ်။ အဲဒီနောက် ဇီဝနည်းပညာ မူပိုင်ခွင့်နဲ့ ဆိုင်တဲ့ အမေရိကန်အစိုးရ ဌာနတွေမှာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ နောက် ဖိလစ်ပိုင် နိုင်ငံ မနီလာက နိုင်ငံတကာ စပါးသုတေသန သိပ္ပံမှာ ဉာဏပစ္စည်းမူပိုင်ခွင့် ကျွမ်းကျင်သူအဖြစ် ထမ်းဆောင်ခဲ့ပြီး အမေရိကန် အမျိုးသား ကျန်းမာရေးဌာနမှာလည်း၂ဝဝ၆ ကစပြီး နည်းပညာလွှဲပြောင်းရေး ဌာနရဲ့ စောင့်ကြည့် ထိန်းကွပ်ရေး အရာရှိ အဖြစ် အမှုထမ်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ars.usda.gov
ဒေါက်တာသန္တာဝေဟာ ရခိုင်သူဌေးကြီး ဦးရဲကျော်သူရဲ့ တီဖြစ်ပြီး ဘောဂဗေဒပညာရှင် ဒေါက်တာထွန်းဝေရဲ့ တူမအရင်း ဖြစ်သလို ဦးနုခေတ်မှာ ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့တဲ့ အိုင်စီအက် ဦးကျော်မင်းရဲ့ မြေးတဝမ်းကွဲလည်း တော်စပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိန်းမပုံရိပ်
၁၉၄၁ က မိန်းမ ဆိုပြီး အမျိုးသမီးဘဝ အခြေပြဝတ္ထုတပုဒ် ရေးခဲ့တဲ့ ဒေါ်မြစိန်ဟာ သူ့မိသားစုထဲက နောက်ထပ် ထွန်းပေါက်လာမယ့် အမျိုးသမီးတွေအကြောင်း စာမဖွဲ့နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒေါ်မြစိန်လိုပဲ ဗြိတိသျှခေတ်မှာ ပေါ်ထွန်းလာတဲ့ ပညာတတ်လူချမ်းသာလောကက အမျိုးသမီး ပညာတတ် မျိုးဆက်တွေ ကနေ့ထိ အထင်အရှားရှိနေသလို လွတ်လပ်ပြီးခေတ်မှာ လူလတ်တန်းလွှာက ပေါ်ထွန်းလာတဲ့ အမျိုးသမီး ပညာတတ်တွေလည်း အများအပြား ရှိနေပြီ။ မစ္စစ်ဘမောင်ချိန်နဲ့ ဒေါ်ခင်ကြည်နောက်ပိုင်း ဒီထက်မြက်တဲ့ အမျိုးသမီးတွေကို ဝန်ကြီး၊ သံအမတ် စတဲ့ ရာထူးကြီးတွေမှာ ခန့်တာကတော့ ဆယ်စုနှစ်တစုစာပဲ ရှိပါသေးတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးနုက မမ ဆိုပြီး တရင်းတနှီးခေါ်ခဲ့တဲ့ ဒေါ်မြစိန်ကို လွတ်လပ်ပြီးခေတ်မှာ အစိုးရက မမြှောက်စားခဲ့သလို သူ့မျိုးဆက်တွေကိုလည်း နိုင်ငံတွင်းမှာ မေ့ပျောက်နေကြတာကို တွေ့ရပါတယ်။ ဒေါ်မြစိန်နဲ့ ဦးမေအောင်တို့ သားအဖရဲ့ ထူးချွန်မှု အကြောင်းတွေကိုတော့ မြန်မာလူမှုကွန်ရက်တွေမှာ ရေးသားဖတ်ရှုနေကြဆဲ ဖြစ်ပါတယ်။
ခေတ်သစ် မြန်မာအမျိုးသမီးဆိုတဲ့ ပုံရိပ်ကို သွန်းလုပ်ခဲ့ကြတဲ့ ဒေါ်မြစိန်တို့ မျိုးဆက်ဟာ အဲဒီခေတ် လူချမ်းသာ လက်တဆုပ်ကိုပဲ ကိုယ်စားပြုသလား၊ ကျေးလက်က သန်းနဲ့ချီတဲ့ အမျိုးသမီးတွေရဲ့ ခေတ်နောက်ကျမှုကို အရိပ်ထိုးနေသလို ဖြစ်ခဲ့သလား ဆိုတာကိုလည်း ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။








