ဘာသာခြားမွေးစားစကားလုံးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗမာစကားအပေါ်မှာ ပါဠိရဲ့သြဇာသက်ရောက်မှုဟာ အလွန်ကြီးမားပါတယ်။ တချို့စကားလုံးတွေဟာ သိပ်ရင်းနှီးကျွမ်းဝင်လွန်းလို့ ပါဠိလို့တောင်မထင်တော့ဘဲ ကိုယ့်ဘာသာစကားလို့တောင် လူအများထင်မှတ်နေကြပါပြီ။ ဥပမာ မေတ္တာ၊ စေတနာ၊ ကရုဏာ၊ သံယောဇဥ် ဆိုတဲ့စကားတွေပါ။ အဲဒီစကားလုံးတွေကို ကိုယ့်ဘာသာစကားလို့ လူအများက ထင်မှတ်နေကြပါပြီ။ အဲဒါတွေဟာ ကိုယ့်ဘာသာ စကားမဟုတ်၊ ဘာသာခြားစကားတွေသာ ဖြစ်တယ်လို့သွားပြောရင် မကျေနပ်သူတွေ တော်တော်များများ ရှိပါတယ်။
ဘာသာစကားတိုင်းမှာ အဲသလို မွေးစားထားတဲ့စကားလုံးတွေ ရှိကြပါတယ်။ လူအချင်းချင်း ရင်းနှီးပေါင်းသင်းကြတော့ ကူးစက်တတ်ကြတာ ဓမ္မတာ ဖြစ်ပါတယ်။ ရောဂါတောင်ကူးစက်သေးတာ၊ ဘာသာစကားကူးစက်တာလည်း မဆန်းပါဘူး။ ဗမာစကားမှာ အများဆုံးမွေးစားထားတဲ့ စကားလုံးက ပါဠိနဲ့ သက္ကတစကားလုံးပါ။ ဒုတိယအများဆုံးမွေးစားထားတာက မွန်စကားဖြစ်ပါလိမ့်မယ်။ တတိယအများဆုံးက ဟိန္ဒီဖြစ်ပြီး စတုတ္ထအများဆုံးမွေးစားထားတာက အင်္ဂလိပ်စကားဖြစ်ပါလိမ့်မယ်။ မွေးစားတိုင်းလည်း တသားတည်းဖြစ်မသွားပါဘူး။ မွေးစားပြီး တသားတည်းဖြစ်သွားတာတွေ ရှိသလို၊ မွေးစားထားသည့်တိုင်အောင် တသားတည်း မဖြစ်တာတွေလည်း ရှိတတ်ပါတယ်။
ရွာတရွာမှာ အသက် ၉၀ ရှိတဲ့အဘွားအိုတယောက်က “ဟဲ့ကောင်လေးတွေ နင်တို့တော်တော်အဲယားပန်းတာပဲ” လို့ပြောတာကို ကြားဖူးပါတယ်။ အဲဒီစကားလုံးကို မြို့ပေါ်မှာ သုံးတာ တခါမှ မကြားဖူးပါဘူး။ အဲဒီအညာရွာလေးမှာတော့ အဘွားပြောတာကို အားလုံးနားလည်ပါတယ်။ အဲဒီအဘွားက အင်္ဂလိပ်စာလည်း မတတ်ပါဘူး။ ဗမာစာလည်း မတတ်ပါဘူး။ သူပြောတဲ့စကားဟာ အရပ်သုံးစကားအနေနဲ့ပြောတာပါ။ သူပြောတဲ့ “အဲယားပန်း” တယ်ဆိုတာ အင်္ဂလိပ်စကား Air ဗမာစကားလုံး ပန်းကို တွဲထားပြီး လေပန်းတယ်လို့ပြောတာနဲ့ အတူတူပဲဆိုတာကိုလည်း သူမသိပါဘူး။ ဒါပေမဲ့ ဘာကို ဆိုလိုကြောင်း သူတို့အားလုံးကောင်းကောင်းသိပါတယ်။ အဲဒီစကားလုံးဟာ တရွာတည်းသုံးတာမဟုတ်ပါဘူး။ အညာကျေးရွာတော်တော်များများမှာ သုံးတယ်ဆိုတာကို နောက်ပိုင်းမှာသတိထားမိပါတယ်။
“သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ်” ဆိုတဲ့စကားဆိုရင် ဗမာစကားစစ်စစ်လား၊ ဘာသာပြန်စကားလား မခွဲခြားတတ်ပါဘူး။ အင်္ဂလိပ်စကား flesh and blood နဲ့ထပ်တူကျနေပါတယ်။ သီးခြားစီဖြစ်ပေါ်တိုးတက်သုံးစွဲရင်း တိုက်ဆိုင်တာလည်း မဖြစ်နိုင်ဘူးလို့ ပြောမရပါဘူး။ တယောက်ယောက်က ဘာသာပြန်ခဲ့တာမဟုတ်ဘူးလို့လည်း အပြတ်ငြင်းဖို့ ခက်ပါတယ်။ ဗမာစကားကို အင်္ဂလိပ်က ဘာသာပြန်သုံးတာမဟုတ်ဘူးလို့လည်း အပြတ်ပြောဖို့ခက်ပါတယ်။ အင်္ဂလိပ်ကတော့ အဲဒီစကားကို သက္ကရာဇ် ၁၀၀၀ ကတည်းက သမ္မာကျမ်းကို အင်္ဂလိပ်လို ပြန်ဆိုရေးသားရာမှာ စသုံးခဲ့တယ်လို့ မှတ်တမ်းပြုထားပါတယ်။ ဗမာစကားလုံးဘယ်အချိန်စပေါ်သလဲဆိုတာတော့ မှတ်တမ်းပြုစုထားသူမရှိဘူးထင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မော်တော်ကားတို့ တယ်လီဖုန်းတို့ဆိုရင် ကိုယ့်စကားလို ဖြစ်နေပါပြီ။ ဒါပေမဲ့ ကိုယ့်စကားမဟုတ်မှန်းတော့ သိကြပါသေးတယ်။ ဒါပေမဲ့ မတ်ခွက်ဆိုရင် ကိုယ့်စကားမဟုတ်ဘူးဆိုတာ လူတိုင်းမသိကြတော့ပါဘူး။ အင်္ဂလိပ်စကား Mug ကနေ လာတယ်ဆိုတာ လူတိုင်းမသိကြပါဘူး။ ပိုက်ဆံဆိုတဲ့စကားဆိုရင်လည်း ကိုယ့်စကားလိုပါပဲ။ ဟိန္ဒီကနေ လာမှန်းမသိသူတွေလည်း ရှိကြပါတယ်။ ဗီရိုဆိုတာ ပြင်သစ်စကား bureau ကနေလာတယ်ဆိုတာလည်း သိဖို့သိပ်မလွယ်ပါဘူး။ အရက်ဆိုတဲ့စကားဟာ အာရဗီဘာသာစကားကနေလာတယ်ဆိုတာလည်း သိသူနည်းပါတယ်။ အရက်ဆိုတာက အာရပ်စကား၊ သူရာရည်ဆိုတာက ပါဠိစကားပါ။ ဗမာလိုပြောမယ်ဆိုရင် သေရည်ဆိုတာကမှ ဗမာစကားစစ်စစ်ပါ။
စာလုံးပေါင်း တမျိုးတည်း၊ အသံထွက်တမျိုးတည်း ဖြစ်နေပြီး အဓိပ္ပာယ်လည်းမတူ ရင်းမြစ်လည်း မတူတဲ့ စကားလုံးတလုံး ရှိပါတယ်။ အဲဒါကတော့ ပိန္နဲပါ။ ပိန္နဲ ၃ မျိုးရှိတယ်လို့ ဆရာကြီးဦးထွန်းတင့်က ရှင်းပြပါတယ်။
“ပိန္နဲက ၃ မျိုးရှိသဗျ။ ရေးတော့ ပိန္နဲလို့ချည်းရေးကြတာပဲ။ ပစောက်လုံးကြီးတင်နငယ်နှစ်လုံးဆင့်ပြီး နောက်ပစ်နဲ့ပေါ့။ ပိန္နဲက ကျွန်တော်တို့ဗမာစကားထဲကို ရောက်နေတာ ၃ မျိုးရှိတယ်ဗျ။ တခုက ပိန္နဲသီးပေါ့။ အဲဒါကတော့ ပါဠိသက္ကတမှာ ပနသပေါ့။ အဲဒီပါဠိသက္ကတက သက်တာပဲ။ သက္ကတမှာတော့ နောက်ကသနဲ့သတ်တဲ့ အသံထွက်ပြီး ပနသ်သ (ပနတ်သ) လို့အသံထွက်တယ်။ အဲဒီပနသ်သကနေ ပိန္နဲဖြစ်လာတယ်ဆိုတဲ့ အယူအဆကို အားလုံးလက်ခံကြပါတယ်။”
နောက်ထပ်ပိန္နဲတခုကတော့ မဟာပိန္နဲပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“မဟာပိန္နဲဆိုတာ သက္ကတကနေ လာပါတယ်။ သက္ကတတို့ ဘာတို့မှာ ရေးရင်တော့ ဝနဲ့ပဲရေးမှာပေါ့။ ဝိနယ။ ဝိနယဆိုတာကို ဗိနယလို့လည်း ခေါ်နိုင်ပါတယ်။ ဗိနယကနေ ဗိနဲပေါ့။ ဗိနဲကမှ ပိန္နဲဖြစ်တယ်ပေါ့။”
အင်္ဂလိပ်စကားလုံးနဲ့ အသံဖလှယ်ရင် mahavinaya ပါ။ နောက်ထပ်ပိန္နဲတမျိုးလည်း ရှိပါသေးတယ်။
“နောက်တခုက ဘုရားစေတီတို့မှာ ပိန္နဲတိုင်ပေါ့။ အဲဒီပိန္နဲကတော့ ဗမာစကားပါ။ ဘယ်ကလာသလဲဆိုတော့ ရင်းမြစ်က ပန်းလယ်ဆိုတာကနေ လာတာဗျ။ ပန်းလယ်ကနေ ပိန္နဲဆိုပြီးပြောင်းသွားတာ။ ပန်းလယ်ဆိုတာ အလယ်ခေါင်မှာထားတဲ့တိုင်ဟာ ပန်းလယ်တိုင်လို့ ခေါ်တာပေါ့။”
ဆရာကြီးဦးထွန်းတင့်ရှင်းပြသွားတာပါ။ ဗမာစကားမှာ လနဲ့နဟာ တခါတလေပြောင်းတတ်ပါတယ်။ ဥပမာ ရှုံ့ချည်လှပ်ချည်ကနေ ရှုံ့ချည်နှပ်ချည်ဖြစ်သွားတာရှိပါတယ်။ အခွံလွှာတာကနေ အခွံနွှာတာဖြစ်သွားပါတယ်။
ဟိန္ဒီစကားတချို့ဟာလည်း ဗမာစကားထဲမှာတချိန်က တော်တော်ခေတ်စားခဲ့ကြပါတယ်။ ပါနီထဲကလာတဲ့ငွေ ပါနီထဲပြန်သွားတယ်ဆိုတဲ့စကားကိုဆိုရင် စကားပုံတခုလို့သုံးတတ်ပါတယ်။ ပါနီဆိုတာ ရေကို ပြောတာပါ။ ရှေးကလူကြီးတွေဟာ တခါတလေမှာ ကြက်သွန်နီကို မူရကီသွန်နီလို့ ခေါ်တတ်ပါတယ်။ မူရကီဆိုတာ ဟိန္ဒီလို ကြက်ကိုခေါ်တာပါ။
ဒါပေမဲ့ တခါတလေမှာ စာထဲသာတွင်ကျယ်ပြီး အရပ်ထဲပါးစပ်ထဲမှာ တိုးမပေါက်တဲ့စကားမျိုးတွေလည်း ရှိတတ်ပါတယ်။ ဥပမာ မင်္ဂလာဆိုတဲ့စကားဟာ ပါဠိစကားပါ။ မင်္ဂလာဟာ ဗမာစကားမဟုတ်ဘူး။ ပါဠိစကား နိုင်ငံခြားစကားပါလို့ပြောလို့ စိတ်ဆိုးဒေါသထွက်တဲ့သူတွေတောင် ရှိပါတယ်။
နိုင်ငံခြားသားတွေက ဗမာလို နှုတ်ဆက်ချင်ရင် ဘယ်လိုနှုတ်ဆက်ရမလဲလို့ မေးရင်လည်း တော်တော်များများက မင်္ဂလာပါလို့ နှုတ်ဆက်ရကြောင်းပြောတတ်ပါတယ်။ တကယ်တော့ မင်္ဂလာဟာ ဗမာစကားမဟုတ်ပါဘူး။ ဗမာတွေ အချင်းချင်း နှုတ်ဆက်ရင်လည်း မင်္ဂလာပါလို့ နှုတ်မဆက်ပါဘူး။ “နေကောင်းရဲ့လား” “ထမင်းစားပြီးပြီလား” “ဘယ်သွားမလို့လဲ” ဆိုတာမျိုးစကားတွေနဲ့ပဲ နှုတ်ဆက်လေ့ရှိကြပါတယ်။ ပုံသေစကားလုံးမရှိပါဘူး။
ဒါပေမဲ့ မင်္ဂလာပါဆိုတာ နှုတ်ခွန်းဆက်ဖို့ အတွက် တမင် ရည်ရွယ်ချက်ရှိရှိ မွေးစားထားတဲ့စကားလုံးပါ။ အခန်းအနားတွေ ဘာတွေမှာစပြီးသုံးစွဲပါတယ်။ နောက်တော့ ကျောင်းမှာ ဆရာတွေ ၊ ဆရာမတွေကို မင်္ဂလာပါနဲ့ ကြိုဆိုနှုတ်ခွန်းဆက်ခိုင်းပါတယ်။ ဘယ်ခေတ်မှာ စလိုက်သလဲတော့ မသိပါဘူး။ ဒါပေမဲ့ ဗမာပါးစပ်နဲ့ အခုထက်ထိ အဆင်ပြေပြေ လိုက်လျောညီထွေမဖြစ်ပါဘူး။ ရုံးသုံးစကားလို၊ အခန်းအနားသုံးစကားလိုဖြစ်နေပါတယ်။ အခန်းအနားမှာသုံးတယ်။ ဧည့်သည်စိမ်းရင် သုံးတတ်တယ်။ အထူးသဖြင့် အထက်လူကြီးတို့ နိုင်ငံခြားသားတို့လာရင် သုံးတတ်တယ်။ ဟိုတယ်လိုနေရာမျိုး၊ စားသောက်ဆိုင်လိုနေရာမျိုးမှာ သုံးတတ်ပါတယ်။ ဒါပေမဲ့ မိသားစုထဲမှာ မသုံးပါဘူး။ သူငယ်ချင်း အချင်းချင်း မသုံးပါဘူး။ ရပ်ကွက်သားအချင်းချင်း၊ ကျေးရွာသားအချင်းချင်း နှုတ်ဆက်ဖို့ မသုံးပါဘူး။ အရပ်ထဲကို အများသူငါ ပါးစပ်ထဲကို အဆင်ပြေပြေရောက်မလာတဲ့ သဘောပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တမင်မမွေးစားဘဲနဲ့ သိပ်အာတွေ့ကြတဲ့ နိုင်ငံခြားစကားလုံးတခု ရှိပါတယ်။ အဲဒါကတော့ အချင်းချင်း နှုတ်ဆက်ခွဲခွာကာနီးမှာ သုံးတတ်တဲ့ တာ့တာ ဆိုတဲ့စကားလုံးပါ။ အဲဒီစကားလုံးကိုကျ အတည်အခန့်နေရာမှာ မသုံးစကောင်းဘူး။ ပေါ့တန်တယ်လို့ သဘောထားကြပုံရပါတယ်။ ဒါပေမဲ့ ရွယ်တူတန်းတူချင်း နှုတ်ဆက်တဲ့အခါမှာ ဗမာစကားလိုပဲ အာတွေ့နေကြပါတယ်။ လူကြီးတွေကတော့ ဒီစကားလုံးကို ပေါ့ပျက်တဲ့စကားလုံးလို့ သဘောထားကြဟန်တူပါတယ်။ ဘုန်းကြီးတာ့တာလို့ နှုတ်ဆက်ရမလားဆိုပြီး ဆရာမကြီးလူထုဒေါ်အမာက ဆောင်းပါးထဲမှာ စိတ်မချမ်းမသာနဲ့ ထည့်ရေးဖူးတာကို သတိရမိပါတယ်။ အဲဒီတာ့တာကို ဗမာစကားလို့ ထင်ကြသူတော်တော်များများပါတယ်။ မဟုတ်ပါဘူး။ အဲဒီစကားက အင်္ဂလိပ်စကားပါ။ အင်္ဂလိပ်အဘိဓာန်တိုင်းလိုလိုမှာ ပါပါတယ်။ ta-ta လို့စာလုံးပေါင်းပါတယ်။
မင်္ဂလာဟာ ရုံးသုံးစကားလိုဖြစ်နေပြီး အရပ်စကား၊ပါးစပ်စကား ဖြစ်မလာသလို၊ စာထဲမှာ တော်တော်တွင်ကျယ်နေပြီး ပါးစပ်ထဲလုံးဝ ရောက်မလာတဲ့ စကားလုံးတလုံးကတော့ သူမ ဆိုတဲ့စကားပါ။ စာထဲမှာတော့ တော်တော်ကို တွင်တွင်ကျယ်ကျယ်သုံးပါတယ်။ တချို့ကဗျာဆရာကြီး၊ ကဗျာဆရာလေးတွေက သူမလို့ရေးမှ လှတယ်ထင်လို့ အဲသလိုသုံးပါတယ်။ တချို့စာရေးဆရာတွေကဆိုရင် ကျားမ မကွဲမှာစိုးလို့ သူမ လို့သုံးတယ်ဆိုပြီးပြောတတ်ကြပါတယ်။
ဒါပေမဲ့ စာထဲမှာ ဘယ်လောက်ပဲတွင်ကျယ်ပေမဲ့ အရပ်ထဲပါးစပ်ထဲမှာ ဘယ်သူမှ သူမ လို့မသုံးပါဘူး။ ဗမာစကားမှာ သူမ မရှိဘူးလို့ပဲ ပြောရပါလိမ့်မယ်။ ဒီလောက်သုံးနေတာကြာပေမဲ့လည်း ဗမာတွေ အာမတွေ့ဘူးလို့ပဲ ပြောရပါလိမ့်မယ်။ သူမစဖြစ်လာတာကလည်း သိပ်မကြာသေးပါဘူး။ ဗမာပြည်မှာ နက်စဖီးအင်္ဂလိပ်သဒ္ဒါစာအုပ် စတင်ပုံနှိပ်ထုတ်ဝေချိန်မှာ She ဆိုတဲ့ အင်္ဂလိပ်စကားကို သူ (မ) လို့ အဓိပ္ပာယ်ပေးခဲ့ပါတယ်။ ကွင်းခတ်ပြီး မ လို့ထည့်တဲ့သဘောက အမျိုးသမီးအတွက်ပဲ သုံးတယ်ဆိုတဲ့ သဘောနဲ့ရေးတာပါ။ အဲဒီကနေစပြီး သူမ ရယ်လို့ စပေါ်လာတယ်လို့ ဆိုကြပါတယ်။
တချို့ပညာရှင်တွေက သူမကို တော်တော် မကြိုက်ကြပါဘူး။ ဆရာဦးစောထွန်း ၊ ဆရာမောင်ခင်မင် ဓနုဖြူ၊ ဆရာမောင်သာနိုးတို့က ဗမာစကားမှာ သူမ မရှိဘူးလို့ ပြောကြပါတယ်။ ဆရာကြီးဦးထွန်းတင့်ကလည်း ဗမာစကားမှာ သူမ မရှိဘူး၊ နောက်မှပေါ်လာတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ ကဗျာသမား၊ စာသမားတွေက သုံးချင်တယ်ဆိုရင်လည်း သူ့အနေနဲ့ မကန့်ကွက်ဘူးလို့ ဆိုပါတယ်။
မွေးစားစကားလုံးတွေအများအပြားရှိပေမဲ့ တချို့စာထဲမှာ လမ်းဆုံးပါတယ်။ တချို့ လုံးဝပျောက်ကွယ်သွားပါတယ်။ တချို့ကတော့ ကိုယ့်ဗမာစကားသဖွယ်ဖြစ်သွားပြီး ကိုယ့်စကားလို့ထင်တဲ့အထိ ရင်းနှီးကျွမ်းဝင်သွားကြပါတယ်။








