ငါးဦးသေ၊ ၂ဝဝ ကျော် ဒဏ်ရာရတဲ့ ဂျာမနီ ခရစ္စမတ်စျေးကို ကားနဲ့ တိုက်ခိုက်မှု

    • ရေးသားသူ, ဂျိတ် လပ်ဖမ်းနဲ့ သြလက်စ် ဖိလစ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

ဂျာမနီနိုင်ငံ အရှေ့ပိုင်း မဂ်ဒါဘဂ်မြို့က လူစည်ကားတဲ့ ခရစ္စမတ်စျေးမှာ သောကြာနေ့က တိုက်ခိုက်မှု ဖြစ်အပြီး ဂျာမန်တွေ ညီညွတ်ကြဖို့ ဝန်ကြီးချုပ် အိုးလပ်ဖ် ရှော့လ်ဇ်က ပြောကြားခဲ့ပါတယ်။

အရှိန်နဲ့ မောင်းလာတဲ့ ကားက လူအုပ်ထဲ ဝင်တိုးလို့ အနည်းဆုံး လူငါးယောက် သေဆုံးခဲ့ပြီး ကလေးငယ်တဦးလည်း ပါပါတယ်။

လူနှစ်ရာကျော် ဒဏ်ရာရခဲ့ပြီး ၄၁ ယောက် အသည်းအသန်ဖြစ်နေကြောင်း ဂျာမန် သတင်းတွေမှာ ပါရှိပါတယ်။

တိုက်ခိုက်မှု အကြောင်းရင်းကို သေချာတိကျအောင် စုံစမ်းဖို့ အရေးကြီးကြောင်း ဂျာမနီ ဝန်ကြီးချုပ် ရှော့လ်ဇ်က ပြောပါတယ်။

တိုက်ခိုက်သူလို့ သံသယရှိသူဟာ အသက် ၅၀ အရွယ် ဆော်ဒီက ဆရာဝန်အမျိုးသားတယောက် ဖြစ်ကြောင်း ဆက်ဇုန်နီ- အန်းဟော့လ်တ် ပြည်နယ်ရဲ့ ပြည်ထဲရေး ဝန်ကြီး တမရာ ဇီးရှိန်က ပြောပါတယ်။ သူ့မှာ အမြဲတမ်းနေခွင့်လည်း ရှိပါတယ်။ သိရသလောက် ဒါ သူတယောက်ထဲ လုပ်တာပါ။ ထပ်စုံစမ်းရပါမယ်ဆိုပြီး မစ္စ ဇီးရှိန်က ပြောပါတယ်။

ဂျာမနီနိုင်ငံအနှံ့က တခြား ခရစ္စမတ်စျေးတွေမှာ လုံခြုံရေး တိုးမြှင့်ထားပါတယ်။

တိုက်ခိုက်သူလို့ မသင်္ကာသူရဲ့ အကြောင်းရင်းက မသဲကွဲသေးပါဘူး။ သူဟာ အစ္စလာမ္မစ် အစွန်းရောက်နဲ့ ဆက်စပ်တယ်လို့လည်း မသိရပါဘူး။ လူမှုကွန်ရက်တွေမှာတော့ အစ္စလာမ်အယူဝါဒကို သူ ဝေဖန်တာတွေ တွေ့ရပါတယ်။

လူတွေ မြေပေါ်မှာ လဲကျနေစဉ်မှာ ကယ်ဆယ်ရေးကားတွေ အများကြီး ရောက်လာတဲ့ ဗီဒီယိုကို တွေ့ရပါတယ်။

နောက် ပေါ်ထွက်လာတဲ့ ဗီဒီယိုတခုမှာတော့ ရပ်ထားတဲ့ ကားတစီးနားမှာ လဲနေတဲ့ အမျိုးသားတယောက်ကို လက်နက်ကိုင်ရဲတွေက ဖမ်းတဲ့ပုံကို ပြနေပါတယ်။

လူမှုကွန်ရက်ပေါ်က အတည်မပြုနိုင်တဲ့ ဗီဒီယိုတခုမှာလည်း ကားတစီး စျေးထဲက လူအုပ်ထဲ ၀င်တိုးလာတဲ့ပုံတွေ တွေ့ရပါတယ်။

ဆေးရုံကြမ်းပြင်ပေါ်မှာ သွေးတွေ ရွှဲနေသလို လူနာတွေ နွေးထွေးအောင်နဲ့ ဒဏ်ရာတွေ ပျောက်ကင်းအောင် ဆရာဝန်အများကြီး ကြိုးစားနေတာကို တွေ့ရကြောင်း ဂျာမန် အစိုးရ ရုပ်သံက သတင်းထောက်တယောက်က ဘီဘီစီကို ပြောပါတယ်။

မသင်္ကာသူ တာလဘ် အေဟာ မဂ်ဒါဘဂ်မြို့ရဲ့ တောင်ဘက် ၂၅ မိုင်ကွာက ဘန်းဘဂ်မြို့မှာ နေတဲ့ စိတ်ရောဂါကု ဆရာဝန် ဖြစ်ကြောင်း ဂျာမန် သတင်းတွေမှာ ပါရှိပါတယ်။

ဆော်ဒီကနေ ဂျာမနီကို ၂၀၀၆ မှာ ရောက်လာပြီး ၂၀၁၆ ကတည်းက ဒုက္ခသည်အဆင့် ရရှိထားသူ ဖြစ်ပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေမှာ ဖိနှိပ်မှုကြောင့် ထွက်ပြေးလာတဲ့ တခြားမွတ်ဆလင်ဟောင်းတွေကို ကူညီဖို့ ဝက်ဆိုက်တခုကို သူ တည်ထောင်ခဲ့ပါတယ်။

ဒီဆရာဝန်က အစ္စလာမ်ဘာသာကို ပွင့်လင်းစွာ ဝေဖန်နေသူဖြစ်ပြီး ဥရောပမှာ အစ္စလာမ်အယူ ကြီးစိုးလာမှုကို ဖော်ထုတ်တဲ့ သဘောတရား ဆိုတာတွေကိုလည်း သူ ပြောလေ့ရှိပါတယ်။

သောကြာနေ့ ဖြစ်ရပ်ဟာ ဂျာမန် ခရစ္စမတ် စျေးတန်းကို ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာ မဟုတ်ပါဘူး။

၂၀၁၆ တုန်းကလည်း ဂျာမနီမှာ ခိုလှုံခွင့်မရတဲ့ အစ္စလာမ္မစ်နိုင်ငံအဖွဲ့နဲ့ ဆက်စပ်တဲ့ တူနီးရှား အမျိုးသားတယောက်က ဘာလင်က ဘုရားကျောင်းပွဲစျေးမှာ စုဝေးနေတဲ့ လူအုပ်ထဲကို ကုန်တင်ကားနဲ့ ဝင်တိုက်လို့ ၁၂ ယောက်သေပြီး ၄၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

နောက် ၂ နှစ်အကြာမှာတော့ ပြင်သစ် အရှေ့ပိုင်းက စထရားဘိုးမြို့ ခရစ္စမတ်စျေးထဲ သေနတ်နဲ့ ဝင်ပစ်လို့ ငါးဦးသေပြီး ၁၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားကိုတော့ နောက် ၂ ရက်အကြာမှာ ရဲက ပစ်သတ်ခဲ့ပါတယ်။

အရင်လကပဲ နာမည်ကြီးတဲ့ ပွဲစျေးတန်းတွေမှာ ပိုစောင့်ကြည့်ဖို့ လိုတယ်ဆိုပြီး ဂျာမနီ ပြည်ထဲရေး ဝန်ကြီး နန်စီ ဖေဇာက ပြောကြားခဲ့ပါတယ်။