တာလီဘန်တွေ ပြောင်းလဲဆုံးဖြတ်လိုက်တဲ့ကလေးသတို့သမီးတစ်ယောက်ရဲ့ကွာရှင်းခွင့်

    • ရေးသားသူ, မမ်မွမ်း ဒူရမ်နီ
    • ရာထူးတာဝန်, ဘီဘီစီအာဖဂန်ဘာသာစကားဌာန
    • ရေးသားသူ, ကဝမ် ခါမွစ်ရ်
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
    • ရေးသားပေးပို့သည့်နေရာ, ကာဘူးလ်

လူတွေယာဥ်တွေ ဥဒဟို သွားလာနေကြတဲ့ လမ်းမကြီးနှစ်ခုကြားက သစ်ပင်တစ်ပင်အောက်မှာ စာရွက်စာတမ်းတွေကို ရင်ဝယ် တင်းတင်းပိုက်ထားတဲ့ အမျိုးသမီးငယ်တဦး အရိပ်ခိုနေပါတယ်။

ဘီဘီ နာဇ်ဒါနာအတွက်တော့ အဲဒီစာရွက်စာတမ်းတွေဟာ ကမ္ဘာပေါ်က အရာအားလုံးထက် ပိုပြီးအရေးကြီးပါတယ်။ ၂ နှစ်ကြာ တရားရင်ဆိုင်ပြီးမှရလာတဲ့ ကလေးသတို့သမီးဘဝကနေ သူလွတ်မြောက်ဖို့ အာမခံချက်ပေးတဲ့ ကွာရှင်းကြောင်းစာရွက်စာတမ်းတွေ ဖြစ်ပါတယ်။

ဒီစာရွက်တွေဟာ တာလီဘန်တရားရုံးကနေ တရားမဝင်ဘူးလို့ ပယ်ဖျက်လိုက်ခံလိုက်ရတဲ့စာရွက် စာတမ်းတွေလည်းဖြစ်ပါတယ်။ ဒါ့အပြင် အာဖဂန်နစ္စတန်ရဲ့ တရားရေးစနစ်မှာ အမျိုးသမီးတွေအသံတိတ်သွားစေတဲ့ “ရှာရီယာ”(ဘာသာရေးဥပဒေ) အပေါ် တာလီဘန်တွေရဲ့ ခပ်မာမာ အနက်ဖွင့်ဆိုမှုရဲ့ သားကောင်လည်းဖြစ်ပါတယ်။

အခုလဆိုရင် အာဖဂန်မှာ တာလီဘန်လက်နက်ကိုင်အဖွဲ့ တိုင်းပြည်အာဏာရယူတာ သုံးနှစ်ပြည့်သွားပြီ ဖြစ်ပြီး သူတို့ထိန်းချုပ်ချိန်ကစလို့ ပြန်လည်ရုတ်သိမ်းခဲ့တဲ့ ထောင်သောင်းချီ တရားရုံးဆုံးဖြတ်ချက်တွေထဲ နာဇ်ဒါနာရဲ့ ကွာရှင်းအမှုလည်း တစ်ခုအပါအဝင်ပါ။

ဘီဘီ နာဇ်ဒါနာအတွက်တော့ အဲဒီစာရွက်စာတမ်းတွေဟာ ကမ္ဘာပေါ်ကအရာအားလုံးထက် ပိုပြီးအရေးကြီးပါတယ်။ နှစ်နှစ်ကြာတရားရင်ဆိုင်အပြီး ကလေးသတို့သမီးဘဝကနေ သူလွတ်မြောက်ဖို့အတွက် အာမခံချက်ပေးတဲ့ ကွာရှင်းကြောင်းစာရွက်စာတမ်းတွေဖြစ်ပါတယ်။

သူ့အသက် ၇ နှစ်အရွယ်တုန်းက လက်ထပ်ဖို့ကတိပေးခဲ့တဲ့ အမျိုးသားနဲ့ ကွာရှင်းခွင့်နိုင်ရေး ခက်ခက်ခဲခဲ တရားရင်ဆိုင်ခဲ့ရပေမဲ့ အဲဒီအမျိုးသားက ကွာရှင်းမှုကို ပြန်လည်စိစစ်ဖို့ တရားရုံးကို တင်ပြချိန်မှာတော့ မြို့တော် ကဘူးလ်ဆီ အမှုလွှဲပြောင်းပေးဖို့က ၁၀ ရက်ပဲ ကြာခဲ့ပါတယ်။

နာဇ်ဒါနာအသက် ၁၅ နှစ်အရွယ်မှာ ဇနီးမယားအဖြစ် အရယူဖို့ ဟတ်မာတူလာက ကနဦး ကြိုးစားခဲ့ပါတယ်။ မိသားစု ''ရန်သူ''ကို ''မိတ်ဆွေ''အဖြစ် ပြောင်းလဲလိုတဲ့အခါ စီစဉ်လေ့ရှိတဲ့ “ပြေရာပြေကြောင်းလက်ဆက်ပေးမှု”အတွက် သူရဲ့ ဖခင်က ကတိပေးပြီး ရှစ်နှစ်အကြာမှာပဲ ဟတ်မာတူလာဘက်က ကြိုးစားလာတာပါ။

ဒါကြောင့် အမေရိကန်ကျောထောက်နောက်ခံပြု အာဖဂန်အစိုးရလက်ထက်တုန်းက ကွာရှင်းခွင့်ရဖို့ တရားရုံးကို ချက်ချင်းလျှောက်ထားခဲ့ပြီး အသက်နှစ်ဆယ်အရွယ် လယ်သမားတဦးကို လက်မထပ် နိုင်ကြောင်း ထပ်ခါတလဲလဲ တရားရုံးမှာ သူ တင်ပြခဲ့ပါတယ်။ ၂ နှစ်အချိန်ယူခဲ့ရပေမဲ့ တရားရုံးက သူဖြစ်ချင်တဲ့ဆန္ဒကို လိုက်လျောပေးခဲ့တယ်။

“ရုံးတော်က ကျွန်မကို ဂုဏ်ယူပါတယ်လို့ ပြောတယ်။ သင် အခု ကွာရှင်းခွင့်ရပြီ၊ သင် လက်ထပ်လိုတဲ့ ဘယ်သူနဲ့မဆို လက်ထပ်နိုင်ပြီတဲ့”

တရားရုံးဆုံးဖြတ်ချက်ကို ဟတ်မတ်တူလာက ၂၀၂၁ ခုနှစ်မှာ အယူခံထပ်ဝင်ပြီးနောက်မှာတော့ သူ့အမှုကို သူကိုယ်တိုင်သွားပြီး လျှောက်လဲခွင့်မရတော့ဘူးလို့ နာဇ်ဒါနာက ပြောပါတယ်။

“တရားရုံးမှာ တာလီဘန်တွေပြောတာက ရှာရီယာ နဲ့ ဆန့်ကျင်နေလို့ ကျွန်မတရားရုံးကို ပြန်လာစရာမလိုဘူးတဲ့။ သူတို့ပြောတာက ကျွန်မအစား ကျွန်မအကိုက ကိုယ်စားပြုနိုင်တယ်” လို့ နာဇ်ဒါနာက ဆက်ပြောပါတယ်။

“သူတို့ ပြောတာက ... ကျွန်တော်တို့က မလိုက်နာဘူးဆိုရင်” ... “ကျွန်တော့် ညီမလေးကို သူ့(ဟတ်မတ်တူလာ) လက်ထဲ အင်အားသုံး ထည့်ပေးရလိမ့်မယ်တဲ့” လို့ နာဇ်ဒါနာရဲ့ အသက် ၂၈ နှစ်အရွယ် အကို ရှမ်းစ်က ပြောပါတယ်။

တာလီဘန်အဖွဲ့ဝင်အဖြစ် ပူပူနွေးနွေးစာရင်းပေးခဲ့တဲ့ သူ့ရဲ့ ခင်ပွန်းဟောင်းက အမှုနိုင်ခဲ့ပါတယ်။

ညီမဖြစ်သူရဲ့အသက်အန္တရာယ် ထိပါးခံလာရနိုင်တယ်ဆိုပြီး သူတို့ရဲ့ မွေးရပ်ပြည်နယ် အူရူဇ်ဂန်က တရားရုံးမှာ ရှမ်းစ်ရဲ့လျှောက်လဲဖို့ ကြိုးပမ်းသမျှဟာ တိုးမပေါက်ဖြစ်ခဲ့ပါတယ်။ ရွေးချယ်စရာမရှိတော့တဲ့အဆုံးမှာ သူတို့မောင်နှမနှစ်ဦးသား ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

တာလီဘန် တွေ အာဖဂန်မှာ အာဏာပြန်ယူတော့ အတိတ်က အကျင့်ပျက်ခြစားတာတွေကို ရှောင်ရှားပြီး ရှာရီယာ ဘာသာရေးဥပဒေကို အစ္စလာမ္မစ်ဥပဒေပုံစံသစ်နဲ့ ဖွင့်ဆိုကာ “တရားမျှတမှု”ကို ပြန်လည်ဖော်ဆောင်ပေးမယ်လို့ ကတိပေးခဲ့ကြပါတယ်။

အဲဒီအချိန်ကစလို့ သူတို့ဟာ အမှုပေါင်း ၃၅၅,၅၀၀ ခုကို ပြန်လည်စစ်ဆေးခဲ့တယ်လို့ တာလီဘန် တွေ က ပြောပါတယ်။

အများစုက ရာဇဝတ်မှုတွေပါ။ ခန့်မှန်းခြေအနေနဲ့ ၄၀ ရာခိုင်နှုန်းက မြေယာအငြင်းပွားမှုတွေဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကတော့ နာဇ်ဒါနာရဲ့ အမှုလိုမျိုး ကွာရှင်းပြတ်စဲတာ အပါအဝင် မိသားစုအမှုအခင်းတွေဖြစ်ပါတယ်။

မြို့တော် ကဘူးလ်မှာရှိတဲ့ တရားရုံးချုပ်နောက်ပိုင်း ရုံးခန်းတွေထဲကို ဘီဘီစီက သီးသန့်ဝင်ရောက်ခွင့်ရပြီးတဲ့နောက် နာဇ်ဒါနာရဲ့ ကွာရှင်းမှု တရားရုံးဆုံးဖြတ်ချက်ကို ပြန်အစဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဖဂန်နစ္စတန်တရားရုံးချုပ်ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ အက်ဘ်ဒူဝါဟိဒ် ဟာကာနီကတော့ တရားရုံးက ဟတ်မက်တူလာကို အနိုင်ပေးခဲ့တဲ့ဆုံးဖြတ်ချက်ကို အတည်ပြုပြီး “သူ တရားခွင် မတက်” လို့ ဆုံးဖြတ်ချက်အတည် မဖြစ်ရာမရောက်ဘူးလို့ ပြောပါတယ်။

“ဟတ်မက်တူလာနဲ့ နာဇ်ဒါနာတို့ရဲ့ လက်ထပ်ထိမ်းမြားမှုကို ဖျက်သိမ်းပေးလိုက်တဲ့ အရင်အကျင့်ပျက်အုပ်ချုပ်ရေးအဖွဲ့ အဆုံးအဖြတ်ဟာ ရှာရီယာနဲ့ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာစည်းကမ်းတွေကို ချိုးဖောက်နေတယ်” လို့ သူက ရှင်းပြပါတယ်။

ဒါပေမဲ့ တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ကတိတွေဟာ ကျေလည်ပြီးသားအမှုတွေကို ပြန်လည်တိုင်ကြားခွင့်၊ ကြားနာခွင့်ပေးလိုက်တယ်ဆိုတာထက် ကျော်လွန်နေပါတယ်။

တာလီဘန်တွေဟာ အမျိုးသားတရားသူကြီးရော၊ အမျိုးသမီးတရားသူကြီးတွေကိုပါ အကွက်ကျကျ ဖယ်ရှားခဲ့ပြီး သဘောထားတင်းမာတဲ့သူတို့ရဲ့အမြင်တွေကို ထောက်ခံတဲ့သူတွေနဲ့ အစားထိုးခဲ့ပါတယ်။

အမျိုးသမီးတွေဟာ တရားစီရင်ရေးမဏ္ဍိုင်မှာပါဝင်ဖို့ မသင့်တော်ဘူးဆိုပြီး ကြေညာခံရပါတယ်။

“အမျိုးသမီးတွေဟာ ချင့်ချိန်နိုင်စွမ်း ဒါမှမဟုတ် တရားသူကြီးနေရာအတွက် အရည်အချင်း မပြည့်မီကြပါဘူး။ ကျွန်တော်တို့ရဲ့ ရှာရီယာရဲ့စည်းကမ်းတွေအရ တရားစီရင်ရေးအလုပ်တွေမှာ ဉာဏ်ရည်မြင့်မားသူတွေကိုသာ လိုအပ်ပါတယ်” လို့ တာလီဘန် တရားရုံးချုပ်ရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ ပြန်ကြားရေးတာဝန်ခံ ဒါရိုက်တာ အက်ဘ်ဒူရာဟင်း ရာရှိဒ်က ပြောပါတယ်။

အမှုရင်ဆိုင်ခဲ့ရသူတွေတင်မက တရားရေးစနစ်မှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ အာဖဂန် အမျိုးသမီးတွေအတွက်လည်း ဆုံးရှုံးမှုတွေက ကြီးမားပါတယ်။

တာလီဘန် တွေပြန်လာပြီးနောက် တိုင်းပြည်ကထွက်ပြေးခဲ့တဲ့ တရားရုံးချုပ်က တရားသူကြီးဟောင်း ဖောခ့်ဇီယာ အာမီနီကတော့ တရားရုံးတွေမှာ အမျိုးသမီးတွေမရှိတော့ဘူးဆိုရင် ရှာရီယာဥပဒေအရ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ မျှော်လင့်ချက်နည်းနည်းပဲရှိတော့တယ်လို့ ပြောပါတယ်။

“ကျွန်မတို့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ခဲ့တာပါ” လို့ သူက ဆက်ပြောပါတယ်။ “ဥပမာပြောရရင် ၂၀၀၉ ခုနှစ်တုန်းက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့တာက ကျွန်မတို့ အောင်မြင်မှုတွေထဲက တခုပါ။ အမျိုးသမီးတွေကို ခိုလှုံရာနဲ့ပတ်သက်ပြီးစည်းမျဥ်းစည်းကမ်း၊ မိဘမဲ့တွေကို အုပ်ထိန်းခွင့်နဲ့ လူကုန်ကူးမှုဥပဒေတွေ ပါဝင်ပါတယ်။ ဒါတွေက လုပ်နိုင်ခဲ့တာတွေထဲကမှ နည်းနည်းကိုပဲ နာမည်တပ်ပြောတာ ရှိပါသေးတယ်'' ”

နာဇ်ဒါနာရဲ့အမှုလိုမျိုး အမှုဟောင်းတွေကို ပြန်လည်တရားစီရင်တဲ့ တာလီဘန်ရဲ့ လုပ်ရပ်ကို သူက ပြစ်တင်ဝေဖန်ပါတယ်။

“အမျိုးသမီးတယောက်က သူ့အမျိုးသားကို ကွာရှင်းပြီး တရားရုံးစာရွက်စာတမ်းတွေလည်း သက်သေအဖြစ်ရှိနေတယ်ဆိုရင် ဒါကနောက်ဆုံးအဆင့်ပဲ။ ဥပဒေအရ စီရင်ချက်ချပြီးသားတွေကို အုပ်ချုပ်သူပြောင်းလဲတာနဲ့ပဲ အမိန့်ပြောင်းလဲချလို့မရဘူး” လို့ မစ္စအာမီနီက ပြောပါတယ်။

“ကျွန်မတို့ရဲ့ အရပ်ဖက် တရားစီရင်ရေးထုံးတမ်းတွေက ရာစုနှစ်တဝက်နီးပါး သက်တမ်းရင့်နေပြီ” လို့ သူက ထပ်ပြောပါတယ်။ “တာလီဘန်ဆိုပြီး မဖြစ်လာခင်ကတည်းက ကျင့်သုံးခဲ့တာတွေလေ”

“ကွာရှင်းတာအပါအဝင် ရာဇဝတ်မှုရော၊ ရာဇသတ်ကြီး စီရင်ထုံးတွေ အကုန်လုံးက ကုရ်အာန်ကျမ်းမြတ်ကနေပဲ ဖြစ်ပေါ်လာတာတွေပါ”

ဒါပေမဲ့ တာလီဘန်တွေကတော့ အာဖဂန်နစ္စတန်ခေါင်းဆောင်ဟောင်းတွေဟာ အစ္စလာမ္မစ်အဖြစ် မပြည့်ဝခဲ့ကြဘူးလို့ပြောပါတယ်။

အဲဒီအစား “လက်ရှိလိုအပ်ချက်တွေနဲ့ ပြုပြင်မွမ်းမံ” ထားပေမဲ့ ၈ ရာစုကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဟမ်နဖီ ဆွလာသ် (တရားဥပဒေစိုးမိုးရေး)ဆိုင်ရာ ဘာသာရေးဥပဒေအပေါ် အများကြီး တည်မှီထားတယ်ဆိုတာကို အက်ဘ်ဒူရာဟင်း ရာရှိဒ် အပြောအရသိနိုင်ပါတယ်။

“အရင်တရားရုံးတွေက စီရင်ချက်ချရင် တရားမမှုနဲ့ ရာဇသတ်ကြီး စီရင်ထုံးတွေအပေါ် မူတည်ဆုံးဖြတ်ခဲ့တာပါ။ အခုကျတော့ အစ္စလာမ္မစ်ဥပ‌ဒေ ရှာရီယာကို အခြေခံပြီးပဲ ဆုံးဖြတ်တယ်” လို့ သူက သူတို့ဖြေရှင်းပြီးသား အမှုတစ်သီကြီးကို ညွှန်းပြပြီး အားရဂုဏ်ယူဟန်နဲ့ ဖြေပါတယ်။

မစ္စအာမီနီကတော့ အာဖဂန်နစ္စတန်ရဲ့ တရားရေးစနစ်အတွက် ရှေ့ဆက်လုပ်မယ့်အစီအစဉ်တွေအပေါ် ယုံကြည်မှုနည်းပါတယ်။

“တာလီဘန်ကို ကျွန်မ မေးချင်တဲ့မေးခွန်းတစ်ခု ရှိတယ်။ သူတို့မိဘတွေဟာ ဒီဥပဒေအတိုင်းလက်ထပ်ခဲ့တာလား ဒါမှမဟုတ် သူတို့သားတွေရေးသားမယ့်ဥပဒေ‌ပေါ် အခြေခံပြီး လက်ထပ်ခဲ့တာလား” လို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။

နာမည်မဖော်ပြလိုတဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံရဲ့ လမ်းမနှစ်ခုကြားက သစ်ပင်အောက်မှာရပ်နေရတဲ့ နာဇ်ဒါနာအတွက်တော့ အရိပ်အောက်မှာရှိနေပေမဲ့ အေးမြမှုကို မခံစားနိုင်ပါဘူး။

အခုတော့ အသက် ၂၀ ထဲ ဝင်ကာစပဲရှိသေးတဲ့ ဒီအမျိုးသမီးငယ်ဟာ ဒီနေရာကိုပြောင်းရွှေ့လာတာ တစ်နှစ်ပြည့်ပြီဆိုပေမဲ့ သူ့ရဲ့ ကွာရှင်းစာချုပ်ကို ရင်ဝယ်ပိုက်ထားရင်း အကူအညီပေးမယ့် တစုံတယောက်ကို စောင့်ဆိုင်းနေရဆဲပါ။

“ကျွန်မကို အကူအညီပေးဖို့အတွက် ကုလသမဂ္ဂအပါအဝင် တံခါးတွေအများကြီးကို လိုက်ခေါက်ပြီးပြီ။ ဘယ်သူမှ ကျွန်မအသံကိုမကြားကြဘူး” လို့ သူက ဆက်ပြောပါတယ်။

“အကူအညီတွေဘယ်မှာလဲ။ အမျိုးသမီးတယောက်အနေနဲ့ လွတ်လပ်ခွင့်ရဖို့ ကျွန်မက မထိုက်တန်နေလို့လား”

ဟတ်မတ်တူလာရဲ့ တုံ့ပြန်ချက်ရဖို့ ဘီဘီစီက ကြိုးစားပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။