ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆာနေတဲ့ ကလေးတွေကို အိပ်ဆေးပေး ထိန်းနေရတဲ့ အာဖဂန်နစ္စတန်
- ရေးသားသူ, ရိုဂီတာလီမာရေး
- ရာထူးတာဝန်, အာဖဂန်နစ္စတန်သတင်းထောက်
''ကျွန်မ ကလေးအတွက် နောက်ဆုံးအကြိမ် နို့ဝယ်နိုင်တာက လွန်ခဲ့တဲ့ နှစ်လလောက်ကပါ။ အခုတော့ ဗို့ဗူးထဲကို လက်ဖက်ရည်ဖြည့်ပြီး တိုက်တယ်။ ဒါမှမဟုတ် လက်ဖက်ရည်ထဲမှာ ပေါင်မုန့်စိမ်ပြီး ကျွေးလိုက်တယ်" လို့ ကာဘူးလ်အရှေ့ပိုင်း၊ တောင်ကုန်းတစ်ခုပေါ်က သူ့ရဲ့ ရွှံ့အုတ်အိမ်ထဲကကြမ်းပြင်မှာထိုင်ပြီး ဆိုဟိုင်လာနီယာဇီက ပြောပါတယ်။
သူ့အိမ်ကိုသွားတဲ့ လမ်းမရှိပါဘူး။ ဘေးမှာ ရေဆိုးတွေစီးနေတဲ့ မတ်စောက်တဲ့ ရွှံ့နွံလမ်းပေါ်မှာ လမ်းလျှောက်သွားရမှာပါ။
ဆိုဟိုင်လာက မုဆိုးမတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ကလေး ၆ ယောက်ရှိပြီးတော့ အငယ်ဆုံးသမီး ကလေး ဟူဆနာဖာကရီ က ၁၅ လသားပဲရှိပါသေးတယ်။ ဆိုဟိုင်လာပြောနေတဲ့ လက်ဖက်ရည်ဆိုတာက အာဖဂန်နစ္စတန်က ရိုးရာသောက်စရာ (ရေနွေးကြမ်း) ဖြစ်ပါတယ်။ နို့ နဲ့ သကြားမပါဘဲ ရေနွေးထဲ အရွက်စိမ်းထည့်သောက်တာမျိုးဆိုတော့ ကလေးအတွက် အာဟာရလည်းမပါဝင်ပါဘူး။
ဆိုဟိုင်လာဟာ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကနေ အရေးပေါ် စားနပ်ရိက္ခာ အကူအညီ ရပ်ဆိုင်းခံထားရတဲ့ အာဖဂန်နစ္စတန်က လူ ၁၀ သန်းထဲက တစ်ဦးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ရန်ပုံငွေတွေအများကြီး လျော့သွားလို့ ရိက္ခာဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒါက အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေ ဦးဆောင်လည်ပတ်နေရတဲ့ အိမ်ထောင်စု နှစ်သန်းနီးပါးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ပါတယ်။
တာလီဘန်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ သူအပြင်ထွက်အလုပ်လုပ်ပြီး မိသားစုကို ကျွေးမွေးဖို့ မဖြစ်နိုင်ဘူးလို့ ဆိုဟိုင်လာကဆိုပါတယ်။
“ ကျွန်မတို့မှာ ဘာမှစားစရာမရှိတဲ့ ညတွေ ရှိတယ်။ ကျွန်မက သားသမီးတွေကိုပြောတယ်။ ညကြီး ဒီလိုအချိန်မှာ ဘယ်မှာသွားတောင်းရမလဲပေါ့။ သူတို့ဆာဆာနဲ့ အိပ်သွားကြတယ်။ ဒါပေမဲ့သူတို့နိုးလာရင် ငါဘယ်လိုကျွေးဖို့လုပ်ရမလဲဆိုတာ တွေးရတယ်။ ဘေးကအိမ်နီးချင်းတွေက အစားအစာတချို့ယူလာပေးရင် ကလေးတွေက အပြိုင်အဆိုင်တောင်းကြပြီး အလုအယက်ယူကြတယ်။ သူတို့ အားလုံးစားရဖို့ ကျွန်မက ခွဲဝေပေးဖို့ ကြိုးစားရတယ်။"
ဆာလောင်နေသမီးငယ် ကို ထိန်းထားနိုင်ဖို့ ဆိုဟိုင်လာက ကလေးကို ''အိပ်ဆေး'' တိုက်တယ်လို့ပြောပါတယ်။
'' ကျွန်မဘာလို့သူ့ကိုအိပ်ဆေးတိုက်တာလဲဆိုတော့ သူအိပ်ရာနိုးမလာမှ နို့မတောင်းမှာလေ။ သူ့အတွက် ကျွန်မမှာလည်းနို့မရှိဘူး။ သူ့ကိုဆေးတိုက်ပြီးသိပ်လိုက်ရင်တော့ သူမနက်ကနေ နောက်တစ်နေ့အထိ အိပ်တယ်'' လို့ ဆိုဟိုင်လာကပြောပါတယ်။
'' တခါတလေလည်း သေသွားပြီလား၊ ရှင်နေသေးလားဆိုတာသိဖို့ ကျွန်မသူ့ကို ကြည့်ရသေးတယ်။''
သူ့သမီးငယ်ကို ဆိုဟိုင်လာတိုက်နေတဲ့ အိပ်ဆေးအမျိုးအစားကို စုံစမ်းကြည့်တော့ ဒါက အလာ့ဂျစ် လို့ခေါ်ကြတဲ့ ဓာတ်မတည့်မှုကို ပျောက်စေတဲ့ အသုံးများတဲ့ စိတ်ငြိမ်ဆေးတစ်မျိုးဖြစ်နေပါတယ်။ စိတ်ငြိမ်ဆေးဆိုတာကလည်း ဘေးထွက်ဆိုးကျိုးရှိပါတယ်။
ဆရာဝန်တွေကတော့ စိတ်ငြိမ်ဆေးတွေက တချို့ အာဖဂန်မိဘတွေ သူတို့ကလေးတွေကို တိုက်နေတဲ့ စိတ်ကျရောဂါသက်သာစေတဲ့ ဆေးတွေထက် အန္တရာယ်နည်းပါးတယ်လို့ဆိုပေမဲ့ ဆေးပမာဏများတယ်ဆိုရင်တော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။
ဆိုဟိုင်လာကတော့ သူ့ရဲ့ခင်ပွန်းဟာ ၂၀၂၂ ခုနှစ်က ပန်ရှီယာဒေသက တာလီဘန်နဲ့ တာလီဘန်ဆန့်ကျင်သူတွေကြားက ပစ်ခတ်မှုမှာသေဆုံးခဲ့တဲ့ အရပ်သားတစ်ဦးဖြစ်တယ်လို့ ပြောပြပါတယ်။ ခင်ပွန်းသေပြီးတဲ့နောက်မှာ ဆိုဟိုင်လာနဲ့သူ့ကလေးတွေဟာ WFP ကအကူအညီပေးတဲ့ ဂျုံ၊ ဆီနဲ့ ပဲ ရိက္ခာတွေအပေါ် အလုံးစုံမှီခိုစားသောက်ခဲ့ရတာပါ။
WFP ကတော့ လက်ရှိမှာ လူဦးရေ သုံးသန်းကိုပဲ ထောက်ပံ့နိုင်တယ်လို့ပြောပါတယ်။ ဒါက အဆိုးရွားဆုံး ငတ်မွတ်မှု ကြုံတွေ့နေရတဲ့ အရေအတွက်ထဲက လေးပုံတစ်ပုံတောင်မရှိတဲ့ ဦးရေပါ။
ဆိုဟိုင်လာဟာအခုဆိုရင် ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေရဲ့ ထောက်ပံ့ပေးကမ်းမှုအပေါ်မှာ လုံးလုံးလျားလျား မှီခိုနေရပါတယ်။ ကျွန်မတို့ ( ဘီဘီစီအဖွဲ့) သူတို့မိသားစုနဲ့ ရှိနေတဲ့အချိန်တစ်လျှောက်လုံး ဟူဆနာလေးက တိတ်ဆိတ်နေပြီး မလှုပ်မရှားဖြစ်နေပါတယ်။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ Unicef ကတော့ အာဖဂန်နိုင်ငံတွင်းမှာ အာဟာရချို့တဲ့ပြီး ရောဂါခံစားနေရတဲ့ ကလေး သုံးသန်းကျော်ရှိနေပြီး ဟူဆနာကလည်း ဒီကလေးတွေထဲက တစ်ဦးဖြစ်ပါတယ်။ အဲဒီ သုံးသန်းထဲက လေးပုံတစ်ပုံကျော်ဟာ အဆိုးဆုံးပုံစံလို့သတ်မှတ်ကြတဲ့ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုခံစားနေရတယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂကတော့ အာဖဂန်နစ္စတန်မှာဖြစ်ခဲ့တဲ့ ဖြစ်စဥ်တွေထဲမှာ အဆိုးရွာဆုံးအခြေအနေပဲလို့ ပြောထားပါတယ်။
တိုင်းပြည်ရဲ့ အသက်အငယ်ဆုံးကလေးငယ်တွေအာဟာရချို့တဲ့နေချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး လုံးဝပြိုပျက်မသွားအောင် ကျားကန်ပေးထားခဲ့တဲ့ အထောက်အပံ့အကူအညီတွေကို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
၂၀၂၁ မှာ တာလီဘန်တွေ ပြန်လာအုပ်ချုပ်ခဲ့တဲ့အချိန်က စပြီး ယာယီအစီအစဥ်အနေနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ကျန်းမာရေးဝန်ထမ်းတွေကို လစာပေးနေခဲ့ပြီး ဆေးရုံ ၃၀ ကျော်မှာ ဆေးဝါးနဲ့ အစားအသောက်တွေကို ထောက်ပံ့ပေးနေခဲ့တာပါ။
အခုတော့ အဲဒီလို ဆက်ထောက်ပံ့ဖို့ အင်အားမရှိတော့ဘူးဆိုပြီး အာဖဂန်နစ္စတန်ရဲ့ တစ်ခုတည်းသော ကလေးဆေးရုံဖြစ်တဲ့ ကာဘူးလ်က အင်ဒီရာဂန္ဒီ ကလေးဆေးရုံ အပါအဝင် ဆေးရုံတွေကို ထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။
“ အခု ဆရာဝန်နဲ့ သူနာပြုတွေရဲ့ လစာက တာလီဘန်အစိုးရဆီက ရတယ်။ အားလုံးရဲ့ လစာက တစ်ဝက်ဖြတ်ခံရပါတယ်'' လို့ အဲဒီဆေးရုံက တာလီဘန်အစိုးရခန့်အပ်တဲ့ ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမိုဟာမက် အစ်ဂဘယ် ဆာဒစ်က ပြောပါတယ်။
ဆေးရုံက ပြင်ပလူနာဌာနကိုလည်း ပိတ်ထားလိုက်ပြီး ဆေးရုံတက်ဖို့လိုအပ်သူတွေကိုသာ လက်ခံကုသပေးနေပါတယ်။
အာဟာရချို့တဲ့လူနာကုသဆောင်မှာတော့ လူနာအပြည့်ရှိနေတာ ရက်ပေါင်းများစွာရှိပါပြီ။ ကုတင်တစ်လုံးပေါ်မှာ ကလေးတစ်ဦးမက တင်ပြီး ကုသပေးနေရပါတယ်။
အဆောင်ထဲမှာတော့ ဆူမာယာတစ်ယောက် ထောင့်လေးတစ်ခုကိုကပ်ပြီး ခပ်မတ်မတ်ထိုင်နေပါတယ်။ သူ့အသက်က ၁၄ လ ( ၁ နှစ်နဲ့ နှစ်လ) ရှိပေမဲ့ မွေးကင်းစကလေးငယ်ရဲ့ ကိုယ်အလေးချိန်လောက်ပဲရှိပါတယ်။ သူ့ရဲ့ မျက်နှာ သေးသေးလေးက အသက်ကြီးသူတွေလို တွန့်နေပါတယ်။
သူ့ဘေးမှာကတော့ မိုဟာမက်ရှာဖီရှိပါတယ်။ အသက် ၁၈ လဆိုပေမဲ့ သူရှိသင့်တဲ့ကိုယ်ခန္ဓာအလေးချိန်ထက် ထက်ဝက်ပဲရှိပါတယ်။ သူ့အဖေက တာလီဘန် တိုက်ခိုက်ရေးသမားဖြစ်ပြီး ကားမှောက်လို့ သေဆုံးသွားပါတယ်။ အမေကလည်း ရောဂါနဲ့ ဆုံးသွားပြီဖြစ်ပါတယ်။
သူ့ကုတင်ဘေးနားကကနေ ဖြတ်သွားတဲ့အခါမှာတော့ သူ့ရဲ့ အဖွားဖြစ်သူ ဟာရတ်ဘီဘီက သူတို့ရဲ့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြချင်စိတ်တွေနဲ့ ကျွန်မတို့ဆီရောက်လာပါတယ်။
တာလီဘန်တွေက သူ့မြေးကို ဆေးရုံပို့ဆောင်ပေးခဲ့ပေမဲ့ ရှေ့ကို ဘယ်လိုခရီးဆက်ရမယ်ဆိုတာ မသိဘူးလို့ ဟာရတ်ဘီဘီက ပြောပါတယ်။
“ကျွန်မ မှာ ဘုရားသခင်ရဲ့ ကရုဏာပဲ အားကိုးစရာရှိတယ်။ ကျွန်မ တကယ်ကိုလမ်းပျောက်နေပြီ'' လို့ မျက်ရည်တွေစို့တက်လာရင်း ဟာရတ်ဘီဘီကပြောပါတယ်။ ''ကျွန်မကိုယ်တိုင်လည်း ရုန်းကန်နေရတယ်။ ခေါင်းတစ်ခုလုံးလည်း ပေါက်ကွဲထွက်တော့မယ်လို့ပဲ ခံစားနေရတယ်'' လို့ သူကဆက်ပြောပါတယ်။
နိုင်ငံတကာ အသိုက်အဝန်းက သူတို့ကို အကူအညီတွေ ပိုပေးလာအောင် ဘာတွေလုပ်နေလဲဆိုပြီး တာလီဘန် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘိုင်ဟူလာမူဂျာဟစ်ကို ကျွန်မတို့မေးခွန်းထုတ်ခဲ့ပါတယ်။
"အလှူရှင်နိုင်ငံတွေရဲ့ စီးပွားရေး အဆင်မပြေတာကြောင့် အကူအညီတွေ ဖြတ်တောက်ခံလိုက်ရပါတယ်။ ပြီးတော့ ကြီးမားတဲ့ ဘေးဆိုးကြီး နှစ်ခုဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ယူကရိန်းစစ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ဆီက အကူအညီကို ကျွန်တော်တို့ မျှော်လင့်လို့မရနိုင်ပါဘူး။ သူတို့ကို သူသွားပြောလို့လည်း အကူအညီတွေ ရနိုင်မှာ မဟုတ်ပါဘူး” လို့သူကဖြေပါတယ်။
“ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်။ စီးပွားရေးကလည်း တည်ငြိမ်လာပါပြီ။ အလုပ်အကိုင်ထောင်ပေါင်းများစွာကို ဖန်တီးပေးမယ့် သတ္တုတွင်းကန်ထရိုက်တွေကို ထုတ်ပေးနေပါတယ်။ ဒါပေမဲ့ ဟုတ်တာပေါ့၊ အကူအညီတွေ ဖြတ်တောက်လိုက်သင့်တယ်လို့ တော့ ကျွန်တော် မပြောပါဘူး၊ ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေရှိနေပါသေးတယ်”
တာလီဘန်ရဲ့ မူဝါဒတွေကပဲ ပြဿနာတွေရဲ့ အဓိက တစ်စိတ်တစ်ပိုင်းဖြစ်တာကို သူ အသိအမှတ်ပြုသလား။ ဘာကြောင့်လဲဆိုရင် အမျိုးသမီးတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံကို အလှူရှင်တွေက ငွေကြေးထောက်ပံ့မှု လုပ်ချင်ပါ့မလားဆိုတာ သူ့ကို မေးခွန်းထုတ်ခဲ့ပါတယ်။
“အကူအညီကို ဖိအားပေးတဲ့အနေနဲ့ အသုံးပြုမယ်ဆိုရင် အစ္စလာမ့်စော်ဘွားနိုင်ငံအနေနဲ့ ကိုယ့်တန်ဖိုးတွေကို ဘယ်နည်းနဲ့မဆို ကိုယ့်ဟာကိုယ်ကာကွယ်သွားမှာပါ။ အာဖဂန်နစ္စတန်နိုင်ငံ အနေနဲ့ ကျွန်တော်တို့ရဲ့ တန်ဖိုးတွေကိုကာကွယ်ဖို့ အတိတ်မှာ ကြီးမားတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကိုပြခဲ့လုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီအကူအညီဖြတ်တောက်မှုကိုလည်း ခံနိုင်ရည်ရှိမှာပါ” လို့မူဂျာဟစ်ကပြန်ဖြေပါတယ်။
သူ့စကားတွေက အာဖဂန်အများအပြားရဲ့စိတ်ကို နှစ်သိမ့်နိုင်မှာမဟုတ်ပါဘူး။ နိုင်ငံ့လူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက်က သူတို့အတွက် နောက်ထပ်စားစရာ ဘယ်ကရမလဲဆိုတာကို မသိကြပါဘူး။
ကာဘူးလ်မြို့ရဲ့ လမ်းတစ်လမ်းက ချမ်းစိမ့်စိုစွတ်နေတဲ့ အခန်းတစ်ခန်းပဲ ရှိတဲ့ အိမ်မှာ တာလီဘန်တွေက စျေးမရောင်းခိုင်းတဲ့ အမျိုးသမီးတစ်ဦးနဲ့ ကျွန်မတို့တွေ့ခဲ့ပါတယ်။ သူက လမ်းပေါ်မှာ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ခြေအိတ်စတဲ့ ထွေရာလေးပါးပစ္စည်းတွေရောင်းတဲ့သူလို့ပြောပြီး သူ့နာမည်ကိုမဖော်ပြစေချင်ပါဘူး။ သူတစ်ခါအဖမ်းခံခဲ့ရတယ်လို့လည်းဆိုပါတယ်။ စစ်ပွဲအတွင်း ခင်ပွန်းသည် သေဆုံးခဲ့ပြီး ကလေးလေးဦးရှိတယ်လို့ ပြောပါတယ်။
သူ့အကြောင်းတွေပြောနေရင်းမှာပဲ မိနစ်တော်တော်များများမှာ ဆက်မပြောနိုင်ဘဲ ရပ်သွားတဲ့အထိဖြစ်ခဲ့ပါတယ်။
“သူတို့ (တာလီဘန်) က အနည်းဆုံးတော့ ကျွန်မတို့ကို ရိုးသားတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုခွင့်ပေးသင့်တယ်။ ကျွန်မတို့ မကောင်းတာလုပ်မှာမဟုတ်တာ ဘုရားသခင်ကို ကျိန်ဆိုပြောပါတယ်။ ကျွန်မတို့ ကလေးတွေအတွက် စားစရာရှာဖို့လုပ်တာကို သူတို့ကနှောင့်ယှက်ကြတယ်” လို့သူကပြောပြပါတယ်။
ခုတော့ သူ့ရဲ့ အသက် ၁၂ နှစ်အရွယ်သားကို အပြင်ထွက်အလုပ်လုပ်ခိုင်းရပါတယ်။
“တာလီဘန်က အစ်ကိုတစ်ယောက်ကို ကျွန်မမေးတယ်လေ။ ငါဝင်ငွေမရှိရင် ကလေးတွေကို ဘယ်လိုကျွေးမွေးရမလဲလို့ ဆိုတော့ သူတို့ကို အဆိပ်ကျွေးလိုက်၊ အိမ်အပြင်ကိုတော့ မထွက်နဲ့လို့ ပြောသွားတယ်” လို့ ပြန်ပြောပြပါတယ်။ “တာလီဘန်အစိုးရက ကျွန်မတို့ကို ပိုက်ဆံနှစ်ခါလောက် ပေးခဲ့ပေမဲ့ဘယ်လိုမှ မလုံလောက်ပါဘူး'' လို့ ဆိုပါတယ်။
တာလီဘန် အာဏာမသိမ်းခင်က အာဖဂန်ရဲ့ ပြည်သူ့အသုံးစရိတ် လေးပုံသုံးပုံဟာ အရင်အစိုးရကို တိုက်ရိုက်ပေးတဲ့ နိုင်ငံခြားငွေက လာတာဖြစ်ပါတယ်။ အဲဒီ ထောက်ပံ့ငွေတွေ ၂၀၂၁ ခုနှစ် သြဂုတ်မှာ ရပ်သွားတော့ နိုင်ငံစီးပွားရေးကလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတယ်။။
အဲဒီအချိန်မှာ အကူအညီပေးရေး အေဂျင်စီတွေက ယာယီအနေနဲ့ အကျပ်အတည်းကာလ ပေါင်းကူးအနေနဲ့ ကူညီပေးခဲ့ပါတယ်။ အခုတော့ ရန်ပုံငွေ တော်တော်များများလည်းမရှိတော့ပါဘူး။
ဒီ အခြေအနေ ဘယ်လောက်ဆိုးနေလဲ ဆိုတာကို ခုထက် ပိုပြီးပြောပြဖို့ ခက်ပါတယ်။ အဲဒါကို ပြီးခဲ့တဲ့နှစ်ထဲမှာ ထပ်ခါတလဲလဲမြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်
လူသန်းပေါင်းများစွာဟာ ပေါင်မုန့်ခြောက်နဲ့ ရေကိုပဲစားပြီး အသက်ရှင်နေရပါတယ်။ တချို့ဆိုရင် ဆောင်းရာသီကို ဖြတ်သန်းနိုင်မယ့်အခြေအနေမရှိပါဘူး။
(ဒီဆောင်းပါးမှာ အီမိုဂျင်အန်ဒါဆင်လည်း ပါဝင်ရေးသားပြီး ဓာတ်ပုံတွေကိုတော့ အာမာပီရာဇာဒါက ရိုက်ကူးပေးထားပါတယ်။)