ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်နစ္စတန်- တီဗီဇာတ်လမ်းတွေမှာ အမျိုးသမီးတွေ သရုပ်မဆောင်ဖို့ တာလီဘန်ပိတ်ပင်
တာလီဘန် အစိုးရက ထုတ်ပြန်ထားတဲ့ စည်းမျဥ်းသစ်တွေအရ အမျိုးသမီးတွေဟာ တီဗီဇာတ်လမ်းတွေမှာ သရုပ်ဆောင်တာကို ပိတ်ပင်ခံထားလိုက်ရပြီ ဖြစ်ပါတယ်။
ပြီးတော့ အမျိုးသမီးစာနယ်ဇင်းသမားတွေနဲ့ အစီအစဥ်တင်ဆက်သူတွေ တီဗီမှာ သတင်း တင်ဆက်တဲ့အခါ မဖြစ်မနေ ခေါင်းစည်းပဝါခြုံရမယ်လို့ တာလီဘန်အစိုးရက အမိန့်ထုတ်ထားပါတယ်။
တာလီဘန်တွေ ထုတ်ပြန်တဲ့ တချို့စည်းမျဉ်းတွေက မတိမကျ မရောမရာဖြစ်နေသလို လိုရာဆွဲ အဓိပ္ပာယ်ယူလို့လည်း ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လလယ်ကစပြီး အာဖဂန်နစ္စတန်ကို တာလီဘန်တွေက ပြန်လည်သိမ်းပိုက်ခဲ့သလို သူတို့အာဏာရပြီးနောက်ပိုင်း စည်းမျဥ်းစည်းကမ်းတွေ အရမ်း တင်းကျပ်လာမှာကိုလည်း အများစုက စိုးရိမ်နေကြပါတယ်။
အမေရိကန်နဲ့ သူ့မဟာမိတ်တပ်ဖွဲ့တွေ ထွက်ခွာသွားပြီးနောက် အာဖဂန်နစ္စတန်ကို တာလီဘန် တွေက အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး မိန်းကလေးတွေနဲ့ အမျိုးသမီးငယ် ကျောင်းမသွားဘဲ အိမ်မှာပဲနေရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ထုတ်ခဲ့ပါတယ်။
သူတို့ အုပ်ချုပ်ခဲ့တဲ့ ၁၉၉၀ကျော်နှစ်တွေတုန်းကလည်း တာလီဘန်တွေက အမျိုးသမီးတွေ စာသင်ခွင့်နဲ့ အလုပ်လုပ်ခွင့်တွေကို ပိတ်ပင်တာတွေ ရှိခဲ့ပါတယ်။
ပြီးတော့ အာဖဂန်တီဗီလိုင်းတွေလိုက်နာရမယ့် စည်းမျဥ်းသစ် ၈ ခုကိုလည်း တာလီဘန်အစိုးရက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစည်းမျဥ်းတွေထဲမှာ ရှာရီယာ ဥပဒေသတွေကို ဆန့်ကျင်တာတွေကိုမလွှင့်ဖို့ နဲ့ အစ္စလာမ်မစ် ဥပဒေနဲ့ အာဖဂန်တန်ဖိုးတွေနဲ့ဆန့်ကျင်တဲ့ အမျိုးသားတွေရဲ့ မဖော်ပြသင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မဖော်ပြဖို့ ကိုလည်း တားမြစ်ထားပါတယ်။
ဟာသတွေ နဲ့ ဖျော်ဖြေတင်ဆက်မှုတွေလုပ်တဲ့ပွဲတွေမှာလည်း ဘာသာရေးကို စော်ကားတာတွေ၊ အာဖဂန်တွေကို စိတ်အနှောင့်အယှက်ဖြစ်မယ့် ကိစ္စတွေ မတင်ဆက်ဖို့ တားမြစ် ထားပါသေးတယ်။
နိုင်ငံခြားရုပ်ရှင်တွေက နိုင်ငံခြားယဥ်ကျေးမှုကို အားပေးသလိုဖြစ်တာကြောင့် မပြသင့်ဘူးလို့လည်း တာလီဘန်တွေက လေးလေးနက်နက် ပြောထားပါတယ်။
အာဖဂန် ရုပ်သံလိုင်းတွေဟာ များသောအားဖြင့် အမျိုးသမီးသရုပ်ဆောင်တွေ အဓိက သရုပ်ဆောင်အနနဲ့ပါဝင်တဲ့ နိုင်ငံခြား တီဗီဇတ်လမ်းတွေကို လွှင့်လေ့ရှိပါတယ်။
အာဖဂန်က စာနယ်ဇင်းသမားတွေကို ကိုယ်စားပြုနေတဲ့ အဖွဲ့ အစည်းတစ်ခုရဲ့ အဖွဲ့ဝင် တစ်ယောက်က အခုလို ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်လိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားဘူးလို့ ဆိုပါတယ်။
အဲ့ဒီထဲက တချို့စည်းမျဥ်းတွေက အကောင်အထည်ဖော်ဖို့ လက်တွေ့မကျတဲ့အတွက် တကယ်လို့ အဲဒီအတိုင်းလိုက်လုပ်ရင် ရုပ်သံလိုင်းတွေ ပိတ်လိုက်ရနိုင်တယ်လို့ ဘီဘီစီကို သူက ပြောပါတယ်။
တာလီဘန်တွေရဲ့ အစောပိုင်း ဆုံးဖြတ်ချက်ဖြစ်တဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ်တွေ ကျောင်းမသွားခိုင်းတဲ့ ဆုံးဖြတ်ချက်ဟာ အာဖဂန်နစ္စတန်ကို ကမ္ဘာပေါ်မှာ လူဦးရေထက်ဝက်ကို ပညာသင်ခွင့် တားမြစ်ထားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်လာစေပါတယ်။
ကာလူးလ်မြို့တော်ဝန်က အမျိုးသားတွေ ပြန်မဖြည့်နိုင်တဲ့ အလုပ်တွေကလွဲရင် မြို့တော်က အမျိုးသမီးဝန်ထမ်းတွေကို အိမ်မှာပဲ နေကြဖို့ ပြောပါတယ်။
ဒါပေမဲ့ အခုလို အမျိုးသမီးတွေကို အလုပ်လုပ်ခွင့်မပြု၊ မိန်းကလေးတွေစာမသင်ရဆိုတဲ့ ကန့်သတ်ချက်လုပ်ထားဟာ ယာယီသာဖြစ်ပြီး လုပ်ငန်းခွင်နဲ့ စာသင်တဲ့ ပတ်ဝန်းကျင်အားလုံး သူတို့အတွက် လုံခြုံမှုရှိဖို့ လုပ်တာပဲ ဖြစ်တယ်လို့ တာလီဘန်တွေက ဆိုပါတယ်။