စစ်တပ်ဆက်ကိုင်ထားတဲ့ နိုင်လွတ်လုံဥပဒေ နဲ့ လူထုရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် ဆုံးရှုံးမှု

NLD အရပ်သားအစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ''နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်‌ပေးရေးဥပဒေ'' (နိုင်လွတ်လုံ)ကို စစ်ကောင်စီက ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်မှာ အပြောင်းအလဲတချို့ လုပ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကောင်စီအဖြစ်ဖွဲ့စည်းလုပ်ကိုင်ခဲ့ချိန်မှာ နိုင်လွတ်လုံ ဥပဒေပါ ပုဒ်မ ၅၊ ၇ နဲ့ ၈ တို့ကို ရပ်ဆိုင်းပြီး ဥပဒေပြင်ဆင်တာကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်မှတ်နဲ့ ပြဋ္ဌာန်းခဲ့ပါတယ်။

ဥပဒေပြင်ဆင်ချက်ရဲ့အမှတ်စဉ် ၄ မှာ နိုင်လွတ်လုံ ပုဒ်မတွေကို ရပ်ဆိုင်းတာဟာ စစ်ကောင်စီကာလအတွင်းသာဖြစ်တယ်လို့ ထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။

စစ်ကောင်စီကို ဖျက်သိမ်းပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ် ၁ ရက်မှာ စစ်ခေါင်းဆောင်က ယာယီသမ္မတအဖြစ် ပြောင်းလဲတာဝန်ယူချိန်မှာလည်း အဲဒီပုဒ်မတွေ ရပ်ဆိုင်းထားတာကို ဆက်ပြီးပြဋ္ဌာန်းလိုက်ပါတယ်။

စစ်ကောင်စီအဖွဲ့ကို ဖျက်သိမ်းလိုက်ပေမဲ့ ဒီဥပဒေပုဒ်မတွေကို ဆက်ပြီး ရပ်ဆိုင်းလိုတာကြောင့် လက်ရှိအမြင့်ဆုံးအဖွဲ့အစည်း ကာလုံရဲ့အခွင့်အာဏာကို သုံးပြီး ယာယီသမ္မတအနေနဲ့ လက်မှတ်ထိုးကာ ဥပဒေပြင်ဆင်ချက် ထပ်ထုတ်တာလည်း ဖြစ်ပါတယ်။

"ပုဒ်မ ၅၊ ၇ နဲ့ ၈ တို့က သိပ်အရေးကြီးတဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။ ဒါတွေကို ရပ်ဆိုင်းလိုက်တာက ဥပဒေမပြဋ္ဌာန်းခင် ၁၉၆၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ကြားကာလကို ပြန်ရောက်သွားတာပဲ" လို့ အမည်မသုံးလိုတဲ့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။

နိုင်လွတ်လုံ ပုဒ်မ ၅၊ ၇ နဲ့ ၈ က ဘာတွေလဲ

နိုင်လွတ်လုံ ဥပဒေရဲ့ အရေးကြီးပုဒ်မ ၃ ခုကို ရပ်ဆိုင်းလိုက်တာဟာ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ရပ်ဆိုင်းလိုက်တာနဲ့ အတူတူပဲလို့ ဥပဒေပညာရှင်တွေက အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

"ရာဇဝတ်ဆိုင်ရာ တရားမျှတမှု (Criminal Justice)ရဲ့ အဓိက အုတ်မြစ်ဖြစ်တဲ့ စုံစမ်းစစ်ဆေးရာမှာ လိုအပ်တဲ့ သတင်းအချက်အလက်စုဆောင်းတာ၊ ရှာဖွေဖမ်းဆီးရာမှာ ဥပဒေနဲ့ မညီညွတ်ခဲ့ရင် ဥပဒေအကောင်အထည်ဖော်ဆောင်ရွက်သူ (Law Enforcement)ရဲ့ တာဝန်ဝတ္တရားချိုးဖောက်ခြင်းဖြစ်ပြီး တရားရုံးရှေ့မှာ တာဝန်ခံ(Accountability) ရမှာ ဖြစ်ပါတယ်"

"ဒီ နိုင်လွတ်လုံဥပဒေက လူ့အခွင့်အရေးရဲ့အခြေခံအချက်တွေထဲက တစ်ခုအနေနဲ့ ဥပဒေအရအကာအကွယ်ပေးထားတဲ့ဥပဒေဖြစ်ပါတယ်" လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ရှင်းပြပါတယ်။

အာဏာသိမ်းပြီး ၄ နှစ်ခွဲအကြာမှာ စစ်ကောင်စီက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)ကို အာဏာပြန်အပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် ဆိုတဲ့ နာမည်နဲ့ ပြောင်းလဲ ဖွဲ့စည်းပါတယ်။

ဒါကြောင့် အာဏာသိမ်း ၄ နှစ်ခွဲအတွင်း နိုင်ငံသားတွေ ဥပဒေ အကာအကွယ်ကင်းမဲ့ခဲ့တဲ့အနေအထားဟာ ကော်မရှင်ဆိုတဲ့ကာလအထိ ဆက်ကြုံတွေ့ရမယ့်သဘောဖြစ်ပါတယ်။

စစ်ကောင်စီလက်ထက်က ဥပဒေကို ရပ်ဆိုင်းခဲ့တာကြောင့် စစ်သားနဲ့ ရဲတွေဟာ ပြည်သူတွေရဲ့ နေအိမ်၊ ပိုင်နက်ထဲကို ဖမ်းဝရမ်းမပါဘဲ ဝင်ရောက်ခွင့်ရတာနဲ့ အဓမ္မ ရှာဖွေတာတွေလုပ်သလို အနိုင်ကျင့်ရိုက်နှက်ဖမ်းဆီးတာ၊ နေအိမ်ချိပ်ပိတ်တာတွေ ဖြစ်ခဲ့တယ်လို့ အသံ (Athan) ရဲ့ အမှုဆောင်ဒါရိုက်တာ မဇက်ပီက ပြောပါတယ်။

အသံ (Athan) ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ဖြစ်ပါတယ်။

"နောက်ယောင်ခံ လိုက်တာတွေ၊ ဆက်သွယ်ရေးလိုင်းတွေကို ကြားဖြတ် ဖမ်းယူနားထောင်တာတွေလည်း လုပ်တယ်"

"နောက်ပြီး ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ဥပဒေမဲ့ ကောက်ယူတာ၊ သိမ်းဆည်းတာအပြင် မိသားစုဝင်နဲ့ ဆွေမျိုးတွေကိုပါ ဓါးစာခံအနေနဲ့ ဖမ်းဆီးတာတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လာတာ ဒီနေ့အထိပါပဲ" လို့ အသံရဲ့အမှုဆောင်ဒါရိုက်တာ မဇက်ပီက ပြောပါတယ်။

ဥပဒေကိုပြန်ကြည့်မယ်ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိတဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုတွေကို အပြည့်အဝ ရရှိခံစားနိုင်ခွင့်ရှိအောင် နိုင်လွတ်လုံဥပဒေကို အရပ်သားအစိုးရ NLD လက်ထက် ၂၀၁၇ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံသားတွေ စောင့်ကြည့်ခံခဲ့ရတဲ့ အခင်းအကျင်းတစ်ခုကနေ အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဥပဒေတစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။

အခု ယာယီသမ္မတတာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထပ်မံ ရပ်ဆိုင်းလိုက်တဲ့ ပုဒ်မတွေထဲက တစ်ခုဖြစ်တဲ့ ပုဒ်မ ၅ ကတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေဟာ တည်ဆဲဥပဒေနဲ့အညီမှ တစ်ပါး ဘယ်သူကိုမဆို ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုရှိအောင် ကာကွယ်ပေးရမယ် ဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။

ဒါအပြင် လူတစ်ယောက်ရဲ့ နေအိမ်၊ နေအိမ်အဖြစ်အသုံးပြုနေတဲ့ အခန်း၊ အဆောက်အအုံ၊ ပရဝဏ် ဒါမှမဟုတ် ပရဝဏ်ထဲက အဆောက်အအုံထဲကို တည်ဆဲဥပဒေတစ်ရပ်ရပ်ကြောင့် ဝင်ရှာဖွေသိမ်းဆည်းတာ ဒါမှမဟုတ် လူရှာဖွေဖမ်းဆီးလိုရင် လူ သက်သေနှစ်ဦးနဲ့သာ အတူဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်။

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဒါမှမဟုတ် ကျေးရွာတာဝန်ခံဖြစ်စေ၊ ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနဲ့အတူတူ ဆောင်ရွက်ရမှာပါ။

အခု ပုဒ်မ ၅ ကို ရပ်ဆိုင်းထားတာကြောင့် နိုင်ငံသားတိုင်းဟာ ပုဂ္ဂိုလ်ဆိုင်ရာ အကာအကွယ်မရှိတော့သလို ဥပဒေနဲ့အညီဆိုပြီး နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးခံရနိုင်မှု ရှိနေပါတယ်။

ပုဒ်မ ၇ နဲ့ ၈ ကတော့ နိုင်လွတ်လုံဥပဒေအရ တားမြစ်ချက်တွေ ဖြစ်ပါတယ်။

တည်ဆဲဥပဒေအရခွင့်ပြုတာကလွဲလို့ တရားရုံးရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူကိုမှ ၂၄ နာရီထက်ကျော်လွန် ချုပ်နှောင်လို့မရကြောင်း ပုဒ်မ ၇ မှာ ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၈ ကတော့ လုပ်ဆောင်လို့မရတဲ့ တားမြစ်ချက် ၇ ချက်ကို ပြဋ္ဌာန်းထားတာပါ။

  • နိုင်ငံသားတစ်ဦးရဲ့ နေအိမ်၊ နေအိမ်အဖြစ်အသုံးပြုတဲ့နေရာတွေကို ဝင်ရောက်ရှာဖွေသိမ်းဆည်းတာ ဒါမှမဟုတ် လူတစ်ဦးဦးကို ဖမ်းဆီးတာမလုပ်ရ။
  • နိုင်ငံသားတစ်ဦးရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုကိုအနှောင့်အယှက်ဖြစ်စေတာ ဒါမှမဟုတ် လူပုဂ္ဂိုလ်ကိုထိခိုက်စေနိုင်တဲ့ နောက်ယောင်ခံစောင့်ကြည့်၊ စုံထောက်၊ စုံစမ်းတာတွေမပြုရ။
  • ပုဂ္ဂိုလ်တစ်ဦးနဲ့ တစ်ဦးကြား ဆက်သွယ်ရေးကိရိယာတစ်မျိုးနဲ့ ဆက်သွယ်ပြောကြားတာကို ကြားဖြတ်ဖမ်းယူနားထောင်တာ ဒါမှမဟုတ် တစ်နည်းနည်းနဲ့အနှောင့်အယှက်ပေးတာမျိုး မလုပ်ရ။
  • ဆက်သွယ်ရေးအော်ပရေတာတွေဆီက ပုဂ္ဂိုလ်ဆိုင်ရာတယ်လီဖုန်းနဲ့ အီလက်ထရောနစ်ဆက်သွယ်ရေးအချက်အလက်တွေကို တောင်းယူ၊ ထုတ်ပေးတာမလုပ်ရ။
  • တခြားသူရဲ့ ပုဂ္ဂိုလ်ဆိုင်ရာဆက်သွယ်ပေးပို့တဲ့ စာပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ် တစ်ခုခုကို ဖွင့်ဖောက်၊ ရှာဖွေ၊ သိမ်းဆည်း၊ ဖျောက်ဖျက် ဒါမှမဟုတ် ဖျက်ဆီးတာမလုပ်ရ။
  • နိုင်ငံသားတစ်ဦးရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စရပ်တွေမှာ အဓမ္မဝင်ရောက်စွက်ဖက်တာ ဒါမှမဟုတ် လူတစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်တာ ဒါမှမဟုတ် ထိခိုက်စေဖို့ တစ်နည်းနည်းဆောင်ရွက်တာမျိုးမလုပ်ရ။
  • နိုင်ငံသားတွေရဲ့ တရားဝင်ရရှိပိုင်ဆိုင်ထားတဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေရော မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကိုပါ မတရားသိမ်းယူတာ ဒါမှမဟုတ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တမင် ပျက်စီးစေတာ ဒါမှမဟုတ် ဖျက်ဆီးစေတာတွေမပြုရ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လက်မှတ်နဲ့ပဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ တစ်ကြိမ်ရပ်ဆိုင်းခဲ့ပြီး အခုနှစ်သြဂုတ် ၁ ရက်မှာ တစ်ကြိမ်ရပ်ဆိုင်းခဲ့ပါတယ်။

ဒါဟာ နိုင်လွတ်လုံဥပဒေပါ တားမြစ်ချက်တွေကို ဥပဒေနဲ့အညီဆိုပြီး အာဏာပိုင်တွေကို လုပ်ဆောင်ခွင့်ရဖို့ ဦးတည်သွားစေပါတယ်။

"အာဏာသိမ်း ၄ နှစ်ခွဲကာလအတွင်း နိုင်လွတ်လုံဥပဒေနဲ့ တရားစွဲတာ မတွေ့ရပါဘူး။ ဥပဒေနဲ့ အညီ လိုက်လံ စစ်ဆေးတယ်ဆိုတဲ့ သဘောဖြစ်သွားပြီး ပြီးမှ သင့်လျော်တဲ့ပုဒ်မတပ်တဲ့သဘောပေါ့" လို့ ဥပဒေပညာရှင်တစ်ဦးက သူ့ တွေ့ရှိချက်ကို ပြောပြပါတယ်။

ဒီ နိုင်လွတ်လုံဥပဒေကို အရပ်သားအစိုးရ NLD လက်ထက် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၂၈ ရက်မှာလည်း ပြင်ဆင်တဲ့ဥပဒေပြဋ္ဌာန်းခဲ့ပါသေးတယ်။

NLD လက်ထက်က နိုင်လွတ်လုံ

အရပ်သားအစိုးရ NLD လက်ထက် နိုင်လွတ်လုံ ဥပဒေ အသုံးပြုပုံကတော့ အာဏာသိမ်း စစ်တပ်နဲ့ ပုံစံကွဲပြားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရ၊ လွှတ်တော်စတဲ့ နိုင်ငံရေးဆိုင်ရာဝေဖန်ချက်ပြောဆိုသူတွေကို လွှတ်တော်ကိုယ်စားလှယ်နဲ့ အစိုးရတာဝန်ရှိသူတွေက နိုင်လွတ်လုံဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ စစ်ရေးချုပ် ခူးရီဒူးဟာ ၂၀၁၉ ခုနှစ်တုန်းက NLD အစိုးရရဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်ကို ဝေဖန်လို့ နိုင်လွတ်လုံ ဥပဒေနဲ့ တရားစွဲဆိုခဲ့တဲ့ လူငယ် ၆ ဦးထဲက တစ်ဦးအပါအဝင်ပါ။

နေပြည်တော်မှာဖြစ်ခဲ့တဲ့ နာမည်ကျော်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်အမှုတစ်မှုဖြစ်တဲ့ ဗစ်တိုးရီးယားအမှုမှာလည်း နိုင်လွတ်လုံဥပဒေနဲ့ အပြန်အလှန်တရားစွဲဆိုတာတွေရှိပါတယ်။

"ဒီလိုအခြေအနေတွေနဲ့ ဝေဖန်မှုတွေကြုံခဲ့ရလို့ NLD အစိုးရလက်ထက်မှာ နိုင်လွတ်လုံဥပဒေကိုပြင်ဆင်ခဲ့ရတယ်" လို့ ကြားကာလပညာရေးကျောင်းတစ်ကျောင်းဖြစ်တဲ့ ဧရာဝတီဥပဒေပညာသင်ကျောင်းရဲ့ ဒါရိုက်တာ ကိုမင်းသွင်က ဥပဒေရဲ့ နောက်ခံ အကြောင်းကို ပြန်ပြောင်းပြောပါတယ်။

ဒါကြောင့် ပုဒ်မ ၈ ရဲ့ ခြေဆင်းကို "တည်ဆဲဥပဒေနဲ့အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် ဒါမှမဟုတ် ဝရမ်းတစုံတရာ မရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲဖြစ်စေ" ဆိုပြီး ပြင်ဆင်ခဲ့ပါတယ်။

ပုဒ်မ ၈ အပါအဝင် ပုဒ်မ ၇ ရဲ့ တားမြစ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်ရင် အနည်းဆုံး ၆ လကနေ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်အဖြစ် အနည်းဆုံး ကျပ်ငွေ ၃ သိန်းကနေ ၁၅ သိန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

အခုတော့ စစ်ခေါင်းဆောင်က ပုဒ်မ ၅ အပါအဝင် ၇ နဲ့ ၈ ကို ရပ်ဆိုင်းလိုက်တာကြောင့် NLD လက်ထက်ပြင်ဆင်ချက်တွေလည်းအသက်မဝင်တော့တဲ့အခြေအနေဖြစ်ပါတယ်။

နိုင်ငံသားတွေကို ဘယ်ဥပဒေတွေနဲ့ ဆက်အကာအကွယ်ပေးမလဲ

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူတွေအပေါ် ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေကို စောင့်ကြည့်ရေးအဖွဲ့တွေက ဘက်ပေါင်းစုံကနေ ထုတ်ဖော်ခဲ့ကြပါတယ်။

စစ်တပ်က အရေးပေါ်ကာလကို ရုပ်သိမ်းလိုက်ပေမဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုလုပ်ရပ်တွေကို အကာအကွယ်ပေးမယ့် နိုင်လွတ်လုံဥပ‌ဒေ ဆက်ရှိနေတာဟာ ရွေးကောက်ပွဲမတိုင်ခင်ဖိနှိပ်မှုတွေ ပိုတိုးလာမယ့်သဘောလို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

"ရွေးကောက်ပွဲကို စိုင်းပြင်းပြီး လုပ်ဖို့ရှိနေတဲ့အတွက်လည်း ဒီမိုကရေစီအင်အားစုတွေ ဖိနှိပ်တာလည်း ပိုပြီး ပြင်းထန်လာနိုင်တယ်။ အခုအခြေအနေက အားလုံးကျီးလန့်စာစား စားရမယ့်အခြေအနေပါပဲ" လို့ ဧရာဝတီဥပဒေပညာသင်ကျောင်းရဲ့ ဒါရိုက်တာ ကိုမင်းသွင်က သုံးသပ်ပါတယ်။

ရွေးကောက်ပွဲဆန့်ကျင်သူတွေ အပေါ် ပြစ်ဒဏ်ကြီးကြီးမားမားချမှတ်ပြီး အရေးယူလာနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ အသံအဖွဲ့က သတိပေးပါတယ်။

ဒါကြောင့် အွန်လိုင်းကတဆင့် သတင်းအချက်အလက်မျှဝေတာကို ပိုပြီးကန့်သတ်တာ၊ သတင်း အချက်အလက်ဖြန့်ဝေသူကို ဝါဒဖြန့်ချိတယ်ဆိုပြီး စွပ်စွဲအရေးယူလာနိုင်ခြေပိုများလာတယ်လို့ ဆိုပါတယ်။

"သူတို့ မတရားကောက်ယူထားတဲ့ ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တရားလက်လွတ် အသုံးပြုပြီး ပြည်သူတွေကို အနိုင်ကျင့်တာတွေ ပိုများလာနိုင်ပါတယ်" လို့ အသံရဲ့ အမှုဆောင်ဒါရိုက်တာ မဇက်ပီက ပြောပါတယ်။

နိုင်လွတ်လုံဥပဒေပါ ပုဒ်မအချို့ကိုရပ်ဆိုင်းခံရတာကြောင့် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကင်းမဲ့သွားတဲ့ နိုင်ငံသားတွေအတွက် ဘယ်လို ဥပဒေအကာအကွယ်ဆက်ရှိနေလဲဆိုတာက နောက်ဆက်တွဲမေးခွန်းဖြစ်လာပါတယ်။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာချုပ်ကတဆင့် ဆက်စပ် ပဋိညာဉ်စာချုပ်တွေရဲ့ အဓိကလူ့အခွင့်အရေးဥပဒေ ၉ ခုထဲက ၄ ခုကို သဘောတူလက်မှတ်ရေးထိုးထားပါတယ်။

တခြားစာချုပ်ကို အတည်ပြုလက်မှတ်မထိုးရသေးဘူးဆိုပေမဲ့ အပြည်ပြည်ဆိုင်ရာဓလေ့ထုံးထမ်းဥပဒေအရ သွယ်ဝိုက်သက်ရောက်မှုရှိသလို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနဲ့ပါ လိုက်နာရမယ့် တာဝန်ဝတ္တရား ရှိနေတယ်လို့ ဘီဘီစီမေးမြန်းခွင့်ရတဲ့ ဥပဒေကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

"အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးဥပဒေများအပါ အခြားပဋိညာဉ်စာချုပ်တွေမှာလည်း အသက်ရှင်သန် ပိုင်ခွင့်၊ အခြေခံလူ့အခွင့်အရေးတို့ကို စစ်မက်ဖြစ်ပွားချိန်နဲ့အရေးပေါ်အခြေအနေတွေမှာ ချိုးဖောက်ခွင့် ရှိတယ်လို့ သီးသန့်ပြဋ္ဌာန်းထားမျိုးမရှိဘူး" လို့ တရားလွှတ်တော်ရှေနေ ဒေါ်ဇာလီအေးက ပြောပါတယ်။

"ပုဒ်မ ၃ ခုကို ကန့်သတ်ရုံနဲ့ ထင်ရာစိုင်း၊ တရားလက်လွတ်ဆောင်ရွက်လို့မရဘူး။ ဆောင်ရွက်ခဲ့ရင်လည်း အကျိုးဆက်ကိုရင်ဆိုင်ရမှာဖြစ်ပြီး ဥပဒေနဲ့မညီညွတ်တဲ့ဆောင်ရွက်တွေကို ရွံ့ရှာမုန်းတီးသူတွေ ဒုနဲ့ဒေး ရှိသူတွေကို ကွယ်ဝှက်လို့မရတော့ပါ" လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ်ထောက်ပြတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ "နိုင်ငံသား၊ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့တာဝန်တွေ" ဆိုတဲ့ ပါရှိတဲ့အချက်တွေနဲ့ ကိုးကားပါတယ်။

"အခြေခံအခွင့်အရေးဆိုင်ရာပြဋ္ဌာန်းချက်တွေရှိတယ်။ အဲဒီမှာလည်း အသေးစိတ်ပြဋ္ဌာန်းထားတာရှိတယ်။ ဥပဒေသဘောအရ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်တွင်းမှာရှိတဲ့ ဥပဒေအားလုံးရဲ့ ပင်မအခြေခံဖြစ်တယ်"

"နိုင်ငံသားတွေရဲ့ အခွင့်အရေးဆိုင်ရာပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင်နေတယ်။" လို့ နိုင်လွတ်လုံပါ ပုဒ်မတချို့ကို ရပ်ဆိုင်းထားတဲ့အပေါ် ဥပဒေပညာရှင်က ရှင်းပြပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြွေးကြော်ပြီး ကော်မရှင်ဖွဲ့စည်းထားချိန်ကာလမှာ အခုလိုဥပဒေပြင်ဆင်ချက်တွေနဲ့ လွတ်လပ်ခွင့်ကိုထိန်းချုပ်တာဟာ မဖြစ်သင့်တဲ့လုပ်ရပ်လို့ ဝေဖန်နေကြပါတယ်။

နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုတွေကို ထိန်းချုပ်ထားရင် တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ ဥပဒေကျွမ်းကျင်သူတွေက တညီတညွတ်တည်း ဘီဘီစီကို ပြောကြပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ပြောရေးဆိုခွင့်ရှိသူ ကိုစည်သူမောင်ကတော့ "အာဏာစသိမ်းထဲက သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ နဲ့တောင်မညီပဲ နိုင်ငံရေးအာဏာသိမ်းခဲ့တာပဲ" လို့ တုံ့ပြန်ဖြေပါတယ်။

နိုင်လွတ်လုံ ဥပဒေပုဒ်မတွေ ရပ်ဆိုင်းခံရတာဟာ "ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိတ်သုဉ်းမှုရဲ့ ပြယုဂ်ပါပဲ" လို့ မှတ်ချက်ပြုထားပါတယ်။