ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိမ်ချိပ်ပိတ်ခံရပြီးနောက် သေဆုံးသူ လမ်းပေါ်မှာပဲ စျာပန လုပ်ရ
"အိမ်အသိမ်းခံရပြီး ကျွန်တော့် အမျိုးသမီးရဲ့ အမေက အဲဒီအပေါ်မှာ စိတ်ထိခိုက်သွားတယ်။ တစ်ပတ်လောက် အကြာမှာတော့ အခြေအနေမကောင်းဘဲ ဆေးရုံ ရောက်တယ်၊ ဆေးရုံမှာပဲ ဆုံးသွားရောပေါ့၊ ဒီစိတ်နဲ့ပဲ။"
ကွယ်လွန်သူ ဒေါ်ခင်ဝင်းက ပဲခူးတိုင်း တောင်ငူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမခရဲ့ ယောက္ခမပါ။ ဦးမိုးမခ ကိုယ်တိုင်ကတော့ စစ်အာဏာသိမ်းတဲ့နေ့ကတည်းက စစ်တပ်က လာရောက်ဖမ်းဆီးဖို့ ကြိုးစားနေတဲ့အတွက် တိမ်းရှောင်နေရပါတယ်။
ဒေါ်ခင်ဝင်းဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က နေအိမ် ချိပ်ပိတ်ခံရတဲ့အတွက် နေစရာမရှိတော့တဲ့ ဘဝ ရောက်သွားပြီးနောက် ကျန်းမာရေး ထိခိုက်လာလို့ ဆေးရုံတက်ရပြီး ဆေးရုံပေါ်မှာတင် အသက်ဆုံးခဲ့ပါတယ်။ သူ့မှာ ဆီးချိုရောဂါအခံ ရှိပေမယ့် အဲဒီရောဂါက မပြင်းထန်ဘူးလို့ ဦးမိုးမခက ပြောပါတယ်။
ဒေါ်ခင်ဝင်း ကွယ်လွန်ချိန်မှာ နာရေးအတွက် နောက်ထပ်အခက်ကြုံရတဲ့အကြောင်း ဦးမိုးမခက ဆက်ပြောပြပါတယ်။
"ဒီဘက် အိမ်ဘေးနားက လွတ်တဲ့နေရာမှာ နာရေး စျာပန လုပ်ဖို့ ပြင်ဆင်မယ်ဆိုပြီး လုပ်တော့ ဒီမှာပြင်ဆင်လို့ မရဘူးတဲ့၊ ဒီအိမ်က ချိပ်ပိတ်ထားတယ်ဆိုတော့၊ အဲဒါဆိုရင် လမ်းပေါ်မှာ ပြင်လို့ရမလားဆိုတော့ ရပ်ကွက်က လက်ခံရင် ရမယ်ပေါ့။ ရပ်ကွက်ကလည်း အားလုံး ဝိုင်းပြီး ကူညီပါတယ် နာရေးကို။"
"၂၀ ရက်နေ့မှာ ဆုံးတယ်။ ၂၂ ရက်နေ့မှာ သင်္ဂြိုဟ်တယ်။ ဒီလမ်းပေါ်မှာပဲ ထားပြီးတော့ ဒီလမ်းပေါ်မှာပဲ သင်္ဂြိုဟ်တယ်၊ ရက်လည်ကိုလည်း လမ်းပေါ်မှာပဲ ဘုန်းကြီး ဆွမ်းသွတ်တာတွေ လုပ်လိုက်ရတယ်။"
ဒီလို အဖြစ်မျိုး ကြုံဖူး ကြာဖူးကြသူ ရှိနိုင်မှာ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက်မှာ အရင်တုန်းက မကြုံဖူး မကြားဖူးတဲ့ ဒုက္ခ အမျိုးမျိုးကို ပြည်သူတွေ ကြုံလာကြရပါတယ်။
သမက်မတွေ့လို့ ယောက္ခမအိမ်ကို ချိပ်ပိတ်
ဒေါ်ခင်ဝင်းနဲ့ သူ့ခင်ပွန်း ဦးကျော်ညွန့်တို့ ပိုင်ဆိုင်တဲ့ နေအိမ်နှစ်လုံးနဲ့ အထည်ဆိုင်ကို စစ်ကောင်စီတပ်တွေနဲ့ ရဲတွေ သွားရောက်ချိပ်ပိတ် ခဲ့တာ ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ သူတို့ ပိုင်ဆိုင် နေထိုင်လာခဲ့တဲ့ နေအိမ်ဖြစ်ပြီ ဦးမိုးမခနဲ့ သက်ဆိုင်မှု မရှိသလို သူ့နာမည်ပေါက်လည်း မဟုတ်ဘူးလို့ ဦးမိုးမခက ပြောပါတယ်။
အိမ်မှာ အိမ်ရှင်တွေ နေထိုင်နေတဲ့ အချိန်မှာ စစ်တပ်အင်အား ရဲအင်အား အမြောက်အမြားနဲ့လာရောက်ပြီး အိမ်ရှင်တွေကို ဆင်းခိုင်း၊ ချိပ်ပိတ်သွားတာ ဖြစ်လို့ သူ့မိသားစုက ပိုင်ဆိုင်သမျှ ငွေလေးကိုပဲ ဆုပ်ကိုင်ပြီး ဘာမှ မသယ်နိုင်ဘဲ အိမ်က ဆင်းပေးခဲ့ကြရတယ်လို့ ဦးမိုမခက ပြောပါတယ်။
လာချိပ်ပိတ်တဲ့ အချိန်က အိမ်မှာ သူ့ရဲ့ ဇနီး၊ သမီးငယ် နှစ်ယောက်နဲ့ ဇနီးရဲ့ မိခင် ဖခင်၊ ဇနီးရဲ့ အဒေါ်တို့ ရှိနေခဲ့ကြတယ်လို့ ဦးမိုးမခက ပြောပါတယ်။
သူအနီးအနားမရှိတဲ့အချိန်မှာ သူ့မိသားစု လုံခြုံရေးကို အလွန် စိုးရိမ်မိတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီလအတွင်း နေအိမ် ချိပ်ပိတ်ခံရသူတချို့
ဦးမိုးမခလိုပဲ အာဏာသိမ်းတဲ့နေ့မှာ လိုက်ဖမ်းဖို့ ကြိုးစားတာခံရပြီး ကံကောင်းထောက်မလို့ လွတ်သွားတဲ့သူ နောက်တစ်ယောက် ကတော့ ဆိုရှယ်မီဒီယာပေါ်ကနေ နာမည်ကြီးလာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မပန်ဆယ်လို ပါ။
သူ့ရဲ့ နေအိမ်လည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က ချိပ်ပိတ်ခံခဲ့ရပါတယ်။ မပန်ဆယ်လိုက အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း တိမ်းရှောင်သွားခဲ့ပြီး ဖြစ်သလို လာချိပ်ပိတ်ခဲ့ချိန်က သူ့မိသားစုတွေလည်း နေအိမ်မှာ ဘယ်သူမှ မရှိကြပါဘူး။ အခု လောလောဆယ် သူက အမေရိကန် ပြည်ထောင်စုကို ရောက်နေပါတယ်။
ပုဒ်မ ၅၀၅ (ခ) အထုတ်ခံထားရတဲ့ မပန်ဆယ်လိုက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်သူ ဖြစ်ပါတယ်။
အာဏာမသိမ်းခင်ကလည်း စစ်တပ်ရဲ့ မတရားမှုတွေကို ထုတ်ဖော်ပြောလို့ တရားစွဲ ခံခဲ့ရဖူးပါတယ်။
သူဟာ ပန်ဆယ်လို ဖြစ်နေလို့ သူ့အိမ် ချိပ်ပိတ်ခံရတာဖြစ်တယ်၊ အခုလို နေအိမ်ပိတ်သိမ်းခံရမယ် ဆိုတာ ကြိုတင် မျှော်လင့်ထားပြီးသားဖြစ်တဲ့အတွက် သိပ်မတုန်လှုပ် ဘူးလို့ မပန်ဆယ်လိုက ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ဒီလုပ်ရပ်က တမင်သက်သက် အနိုင်ကျင့်တာလို့ သူက ပြောပါတယ်။ အာဏာသိမ်းထားသူတွေက သူတို့လက်ထဲမှာ အာဏာရှိတယ်၊ သူတို့ လုပ်ချင်တာ လုပ်မယ်၊ သူတို့ကို မထောက်ခံတဲ့သူ၊ ဆန့်ကျင်တဲ့သူတွေဆိုရင် ပိုင်ဆိုင်မှုတွေ သိမ်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာလို့ မပန်ဆယ်လိုက ပြောပါတယ်။
စစ်ကောင်စီက မတ်လ ၄ ရက်နေ့က နိုင်ငံသား အဖြစ်ကနေ ရုပ်သိမ်းလိုက်တဲ့ ၁၁ ယောက် စာရင်းမှာလည်း မပန်ဆယ်လို ပါနေတာ တွေ့ရပါတယ်။
မပန်ဆယ်လို အပြင် ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခံရပြီး တရားခံပြေး အဖြစ် စစ်ကောင်စီက ကြေညာထားတဲ့ နာမည်ကျော် အနုပညာရှင် တချို့ရဲ့ ပိုင်ဆိုင်မှုတွေလည်း ဖေဖော်ဝါရီလ အတွင်းမှာ ပိတ်သိမ်း ခံခဲ့ကြရပါတယ်။
အဲဒီထဲမှာ အဆိုတော် ချမ်းချမ်း၊ အဆိုတော်လင်းလင်းနဲ့ သရုပ်ဆောင်ချစ်သုဝေတို့ရဲ့ နေအိမ်တွေပါဝင်ပါတယ်။
နိုင်ငံရေးပါတီတွေက ချိပ်ပိတ်ခံရသူများ
၂၀၂၂ ခုနှစ် အတွင်းမှာ နေအိမ်နဲ့ ပိုင်ဆိုင်မှု ချိပ်ပိတ်ခံကြရတဲ့ NLD ပါတီက လွှတ်တော် အမတ် ၄၀ ဝန်းကျင် ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်သိမ်းခံရတဲ့ ကိုယ်စားလှယ် ၈၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။
အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ မတ်လဆန်းထိဆိုရင်တော့ NLD ပါတီ ကိုယ်စားလှယ်တွေနဲ့ ပါတီနဲ့ ဆက်နွှယ်သူ ၁၄၀ ဝန်းကျင်ရဲ့ နေအိမ်တွေ ချိပ်ပိတ် ခံခဲ့ကြရပါတယ်။
NLD ပါတီက လူတွေ အပြင် တခြားနိုင်ငံရေးပါတီက နိုင်ငံရေးသမားတွေရဲ့ နေအိမ်တွေလည်း ချိပ်ပိတ် ခံခဲ့ကြရပါတယ်။
အဲဒီထဲမှာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးရဲ့ နေအိမ်လည်း ပါဝင်ပါတယ်။
သူ့အပေါ် စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကို မတ်လ ၄ ရက်နေ့ နောက်ဆုံးထားပြီး တရားရုံးမှာ လာရောက် ထုချေဖို့ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇ အရ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာနဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၈ အရ ဝရမ်း စွဲကပ်ဖို့ ဖေဖော်ဝါရီ ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အမိန့်တို့ကို သာကေတမြို့နယ်က ဒေါ်နှင်းနှင်းမွှေးရဲ့ နေအိမ်မှာ စစ်ကောင်စီက သွားရောက် ကပ်ထားခဲ့ပါတယ်။
အဲဒီနောက် မတ်လ ၄ ရက် မတိုင်ခင် သူ့အိမ်တံခါးက သော့တွေကို ချိပ်နဲ့ ပိတ်သွားခဲ့တယ်လို့ တိမ်းရှောင်နေတဲ့ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
အာဏာသိမ်း စစ်တပ်က သူတို့ကို ဆန့်ကျင်သူတွေ သူတို့ကို မတော်လှန်ရဲအောင်၊ တခြားသူတွေကိုလည်း သူတို့ကို နမူနာကြည့်ထား ဆိုပြီး မလုပ်ရဲအောင် ခြိမ်းခြောက်တဲ့အနေနဲ့ အိမ်တွေ ချိပ်ပိတ်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီဘက်က ပြောကြားချက်
ချိပ်ပိတ်ခံရသူတွေဟာ သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုကိုအခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေမှာ လူတွေ ပါဝင်လာအောင် လူမှုကွန်ရက်မှာ လှုံ့ဆော်တာတွေ ရှိတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ သူတို့ဘက်က လပေါင်းများစွာ ကြိုတင် သတိပေးပြီးမှ အရေးယူဆောင်ရွက်တာလို့ ဆိုပါတယ်။
အခု ချိပ်ပိတ်ခံရသူ အများစုက ပုဒ်မ ၅၀၅ အထုတ်ခံထားရသူတွေ ဖြစ်ကြပြီး သူတို့ကို စွဲ ထားတဲ့ ဒီပုဒ်မက ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်လို့ မရဘူးလို့လည်း သူတို့က ပြောကြပါတယ်။
ပုဒ်မ ၅၀၅ အထုတ်ခံရင် ပိုင်ဆိုင်မှု ချိပ်ပိတ်လို့ ရလား
အကြည်ညိုပျက်စေမှု မတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅၊ အကြမ်းဖက်အဖွဲ့အစည်းများနဲ့ ဆက်သွယ်မှု ဆိုင်ရာ ပုဒ်မ ၁၇ (၁) တို့အရ တရားစွဲ ခံရသူတွေရဲ့ ပိုင်ဆိုင်မှု တွေကို သာမာန် အားဖြင့် ချိပ်ပိတ်လို့ မရဘူးလို့ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ယောက်က ပြောပါတယ်။
တရားစွဲ ခံထားရသူတွေကို ဖမ်းလို့ မမိရင် တရားရုံးက တရားခံပြေးအမှု ဆိုတာကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ဖွင့်လှစ်ဆောင်ရွက်ရတယ်၊ အဲဒီ တရားခံပြေး အမှုမှာ တရားခံက အပြစ်ရှိတယ်လို့ ဆိုနိုင်တဲ့ သက်သေခံချက်မျိုး ရှိမှ တရားခံကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇ အရ တရားရုံးက ဝရမ်းထုတ်၊ ပြီးရင် တရားခံပိုင် ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၈ အရ တရားရုံးက ဝရမ်းကပ်ပြီး လေလံတင်ရောင်းချနိုင်တယ်လို့ အဲဒီ ရှေ့နေက ပြောပါတယ်။ ဒါက ဝရမ်းထုတ်ခံထားရသူတွေ ထွက်လာအောင်လုပ်တဲ့နည်းလို့ ပြောနိုင်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဥပဒေမှာတော့ ဒီဥပဒေနဲ့ တရားစွဲခံရသူကို တရားရုံးက ပြစ်ဒဏ်ချ မှသာ သက်သေခံအဖြစ် သိမ်းယူလိုက်တဲ့ငွေကြေးနဲ့ ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍအဖြစ် သိမ်းနိုင်တာဖြစ်ပါတယ်။
အခု စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေက အမှု မစစ်ရသေးခင် ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်လိုက်တာဖြစ်လို့ တရားရုံးအမိန့်ကို ကြိုတင် စကားဦးသန်းရာ ရောက်တယ်။ ဒါဟာ တရားရုံးကို မထီမဲ့မြင်ပြုရာကျတယ်လို့ ရှေ့နေက ပြောပါတယ်။
ဒါကြောင့် တရားရုံးက မဆုံးဖြတ်ရသေးဘဲ အိမ်တွေကို ချိပ်ပိတ်ပြီး ကပ်သွားတဲ့ စာတွေမှာ ဒီအိမ်ကိုချိတ်ပိတ်တယ်၊ နိုင်ငံပိုင်အဖြစ်သိမ်းမယ်ဆိုတာက ဥပဒေနဲ့မညီဘူးလို့ ဆိုပါတယ်။
အိမ်ချိပ်ပိတ်လို့ စစ်ကောင်စီဆန့်ကျင်မှုတွေ ရပ်သွားမှာလား
မြန်မာနိုင်ငံမှာ ကိုယ်တိုင်ရှာတဲ့ငွေနဲ့ အိမ်ကောင်းကောင်း ပိုင်ဆိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရကြသူတွေ များပါတယ်။
ကိုယ်တိုင် ကြိုးစားတည်ဆောက်ထားတဲ့ နေအိမ် လက်လွတ်ဆုံးရှုံးရတဲ့အတွက် တစ်စုံတစ်ရာ စိတ်မကောင်းဖြစ်ပေမဲ့ ဒီလို ပိုင်ဆိုင်မှု ပစ္စည်းဆုံးရှုံးတာသာမက စစ်အာဏာရှင်တော်လှန်ရေးမှာ အသက်ပေးသွားခဲ့ကြရသူတွေ၊ ဖမ်းဆီးထောင်ချခံ ရတဲ့အပြင် နှိပ်စက်ညှဉ်းပန်း ခံရသူတွေ၊ မိသားစုဝင်တွေ အသက်ဆုံးရှုံးရသူတွေ၊ အိမ်မီးရှို့ခံရသူတွေ စတဲ့ ပြည်သူတွေနဲ့ နှိုင်းယှဉ်ရင် ဘာမှ မပြောပလောက်ဘူးလို့ သဘောထားကြောင်း ဘီဘီစီနဲ့ စကားပြောခွင့်ရတဲ့ ချိပ်ပိတ် ခံရသူတိုင်းက ပြောကြပါတယ်။
ဘယ်လို ဆုံးရှုံးမှုမျိုး ထပ်ကြုံရဦးမလဲ၊ ကိုယ်တိုင်ရော ဘယ်တော့ ကြုံရလေမလဲဆိုပြီး လူတော်တော်များများက စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်ကြရပါတယ်။
အိမ်ချိပ်ပိတ်တာအပါအဝင် စစ်ကောင်စီရဲ့ ဖိနှိပ်အိမ်ချိပ်ပိတ်ခံရပြီးနောက် သေဆုံးသူ လမ်းပေါ်မှာပဲ စျာပန လုပ်ရ မှုတွေနဲ့ပတ်သက်လို့ မပန်ဆယ်လိုက အခုလိုပြောပါတယ်။
"သူတို့ အဲလိုလုပ်လေ မတရားမှုဆိုတာကို ပိုခံစားရလေဖြစ်တဲ့အတွက် ပိုပြီးတော်လှန်ဖို့ပဲ စဉ်းစားတယ်။ ဒီအခြေအနေဆိုးကြီးကို ရပ်တန့်သွားအောင်၊ ဒီလူတွေ အပြီးအတိုင် ကျရှုံးသွားတဲ့အထိ တိုက်ပွဲဝင်မယ်ဆိုတဲ့ စိတ်ပဲ ဖြစ်လာတယ်။"