‘ဟက်ပီးနယူးရီးယား’ဒရုန်းနဲ့ ယူကရိန်းကို ရုရှားတိုက်ခိုက်

နှစ်သစ်ကူးချိန် ရုရှားက တိုက်ခိုက်မှု အရှိန်မြှင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နှစ်သစ်ကူးချိန် ရုရှားက တိုက်ခိုက်မှု အရှိန်မြှင့်

ရုရှားဘက်က နှစ်သစ်ကူး အကြိုနေ့ကတည်းက စပြီး ပစ်လွှတ် တိုက်ခိုက် နေခဲ့တဲ့ အီရန်နိုင်ငံလုပ် ဒရုန်းယာဉ်ပျံ ၄၅ စင်းထိအောင် ပစ်ချ ဖျက်စီး နိုင်ခဲ့တယ်လို့ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

ကိယက်ဗ် ဒေသရဲ့ ရဲမှူးချုပ် အန်ဒရီ နက်ဘီတော့ဗ်က သူတို့ ပစ်ချနိုင်ခဲ့တဲ့ ဒရုန်းယာဉ်ပျံ အစိတ်အပိုင်းရဲ့ ပုံဆိုပြီး ဓာတ်ပုံတစ်ပုံ ထုတ်ပြန်တာမှာ၊ အဲဒီ ဒရုန်းပေါ်မှာ ‘ပျော်စရာနှစ်သစ်’ ‘ဟက်ပီးနယူးရီးယား’ လို့ အဓိပ္ပာယ်ရတဲ့ စာသားကို ရုရှား ဘာသာစကားနဲ့ ရေးထားတာ တွေ့ရပါတယ်။

ရုရှားက ယူကရိန်းကို နှစ်ကူး အကြိုနေ့မှာ မစ်ဆိုင်းဒုံးကျည်တွေ အပါအဝင် လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် အစုလိုက် အပြုံလိုက် ပစ်လွှတ် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်၊ အခုလို တိုက်ခိုက်ရေး ဒရုန်းယာဉ်ပျံတွေကိုလည်း နောက်ဆက်တွဲ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

မစ်ဆိုင်းဒုံးကျည်တွေနဲ့လည်း ရာချီ ပစ်ခတ်ခဲ့လို့ အသေအပျောက်ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ်ဆိုင်းဒုံးကျည်တွေနဲ့လည်း ရာချီ ပစ်ခတ်ခဲ့လို့ အသေအပျောက်ရှိခဲ့

ရုရှားဟာ အရှိန်မြှင့်တိုက်ခိုက်တာတွေ ဆက်လုပ်နေနိုင်တယ်လို့ နေးတိုး စစ်ရေးမဟာမိတ် အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ယန်းစတိုတင်းဘာ့ဂ်က သတိပေးပါတယ်။

‘ရေရှည်အတွက်ပြင်ဆင်ထားဖို့လိုတယ်။ ယူကရိန်း တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ထားရှိထားတဲ့ ရည်မှန်းချက်ကို ရုရှားက လျှော့သွားမယ့် အရိပ်အယောင် တစွန်းတစမှ မတွေ့ရဘူး’ ဆိုပြီး မစ္စတာ စတိုတင်းဘာ့ဂ်က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောသွားပါတယ်။

တခါ၊ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးကလည်း ပူတင်ဟာ ရုရှားပြည်ကြီးကိုပါ ဖျက်ဆီးနေတဲ့သူ ဖြစ်တယ်လို့ ရုရှားပြည်သူတွေကို ပြောပါတယ်။

သမ္မတပူတင်ဟာ စစ်ဝတ်စစ်စားနဲ့ ဘေးတစောင်းရပ်နေသူတွေကို နောက်ခံထားပြီး သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းကို ပြောပါတယ်။

အဲဒီမိန့်ခွန်း ထွက်ပေါ်လာအပြီး ယူကရိန်း သမ္မတ ဇလန်စကီးက ပူတင်ဟာ ရုရှားစစ်တပ်ကို ဦးဆောင်နေသူ မဟုတ်၊ ရုရှားစစ်တပ်ကို အကာအကွယ် ယူပြီး ပုန်းအောင်းနေသူသာ ဖြစ်တယ်လို့ ရုရှားပြည်သူတွေကို ဦးတည် ရည်ရွယ်ပြီး ပြောဆိုပါတယ်။

ပူတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်သားတွေ နောက်ခံထားပြီး နှစ်သစ်ကူးမိန့်ခွန်းပြော

ဒီအချိန်မှာပဲ၊ နာမည်ကျော် ဗြိတိသျှ ဝတ်လုံ ဆာ ဂျက်ဖရီနိုက်စ်က၊ ရုရှား သမ္မတ ပူတင်ကို အခု ၂၀၂၃ ခုနှစ်မှာ စစ်ရာဇဝတ်မှုနဲ့ ယူကရိန်း နိုင်ငံထဲ အမှုဖွင့် တရားစွဲဖို့ ဆော်ဩပါတယ်။

ဆာ ဂျက်ဖရီဟာ ဆားဘီးယား သမ္မတ ဆလိုဘိုဒန် မီလိုဆဗစ်ချ်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တရားစွဲတုန်းက ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံထဲ အရပ်သား ပစ်မှတ်တွေကို ဗုန်းကြဲ တိုက်ခိုက် နေတဲ့ မစ္စတာ ပူတင်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ အပြစ်ပေး အရေးယူရမယ့်သူ ဆိုတာ ထင်ရှားလှတယ်လို့ ဆာဂျက်ဖရီက ဘီဘီစီကို ပြောပါတယ်။