အမဲဖျက်ခံရမယ့် ကြောင် ၁၀၀၀ ကျော်ကို တရုတ်ရဲ ကယ်တင်

တရုတ်ပြည်မှာ ဝက်သားနဲ့ ဆိတ်သားဆိုပြီး လိမ်ရောင်းဖို့ သတ်မယ့် ကြောင် အကောင် ၁၀၀၀ ကျော်ကို ရဲတပ်ဖွဲ့က ကယ်တင်လိုက်တယ်လို့ နိုင်ငံပိုင် မီဒီယာတစ်ခုမှာ ဖော်ပြပါတယ်။

နိုင်ငံ အရှေ့ပိုင်းက ကျန်းဂျီကန်း မြို့မှာ တိရစ္ဆာန်စောင့်ရှောက်ရေး လှုပ်ရှားသူတွေရဲ့ သတင်းပေးချက်အရ ထရပ်ကားတစ်စင်းကို တားဆီး စစ်ဆေးခဲ့ရာကနေ အခုလို ကြောင်တွေကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကြောင်တွေကို တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတစ်ခုကို ပို့ပေးထားပြီ ဖြစ်တယ်လို့ The Paper သတင်းစာမှာ ဖော်ပြပါတယ်။

အဲဒီ ကယ်ဆယ်မှုကနေ ကြောင်သား တရားမဝင် ရောင်းဝယ်မှုတွေကိုပါ ဖော်ထုတ်နိုင်ခဲ့သလို တစ်ဖက်မှာလည်း အစားအစာ ဘေးကင်းလုံခြုံမှု နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

ကြောင်သားဟာ တရုတ် အချိန်အတွယ် တကက်တီ (၆၀၀ ဂရမ်လောက် နီးပါး) ကို ၄ ယွမ်ခွဲ လောက်အထိ ရနိုင်ပြီး ကြောင်တစ်ကောင်ဆီက ၄ ကနေ ၄ ကက်တီ လောက်အထိ အသားထွက်နိုင်တယ်လို့ ဆိုပါတယ်။

အခုကယ်တင်လိုက်တဲ့ကြောင်တွေဟာ လမ်းဘေးကြောင်တွေလား အိမ်မွေးကြောင်တွေလား ဆိုတာတော့ မသိရသေးပါဘူး။ သူတို့ကို နိုင်ငံတောင်ပိုင်းကို ပို့ဖို့ စီစဉ်နေစဉ်မှာ ဖမ်းမိခဲ့တာပါ။ အဲဒီမှာ သူတို့ အသားကို ဝက်သား၊ သိုးသားကင် ဒါမှမဟုတ် ဝက်အူချောင်းတွေ အဖြစ် ရောင်းချကြမှာ ဖြစ်ပါတယ်။

The Paper ရဲ့ အဆိုအရ တိရစ္ဆာန်အရေး လှုပ်ရှားသူတွေက ကျန်းဂျီကန်းက သုသာန်တစ်ခုထဲမှာ ကြောင်တွေ အများကြီးကို သစ်သားပုံးတွေထဲ ထည့်ထားတာကို သတိပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၆ ရက်လောက် စောင့်ကြည့်ခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၂ ရက်မှာ အဲဒီ ကြောင်တွေကို ထရပ်ကားပေါ်တင်ပြီး ထွက်လာတဲ့ အခါမှာတော့ သူတို့က ကားကို တားပြီး ရဲကိုပါ ခေါ်လိုက်ကြတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီသတင်းကို တရုတ်က ဝေဘို လူမှုကွန်ရက်ပေါ်မှာလည်း ဒေါသတကြီးနဲ့ ပေးထားကြတဲ့ မှတ်ချက်ပေါင်း ထောင်ပါးများစွာ တက်လာခဲ့ပါတယ်။

တချို့က အစားအစာထုတ်လုပ်ရေး လုပ်ငန်းတွေအပေါ် ပိုမို တင်းကြပ်စွာ စစ်ဆေးဖို့ တောင်းဆိုကြပါတယ်။

လူမှုကွန်ရက်ပေါ်က တစ်ယောက်ကတော့ 'ဒီလူတွေ အသေဆိုးကြပါစေ'လို့တောင် ရေးပါတယ်။

နောက်တစ်ဦးလည်း 'တိရစ္ဆာန်တွေကို ကာကွယ်ပေးမယ့် ဥပဒေတွေ ရှိလာဦးမှာလား၊ ကြောင်တွေ ခွေးတွေရဲ့ အသက်တွေကအရေးမပါလို့လား' ဆိုပြီး မေးခွန်းထုတ်ပါတယ်။

နောက်တစ်ယောက်က 'ဘယ်တော့မှ အပြင်မှာ အကင်မစားတော့ဘူး'လို့တောင် ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ကျန်းဆု ပြည်နယ်ထဲမှာ ကျောင်းသားတစ်ယောက်ရဲ့ ဟင်းလျာထဲမှာ ကြွက်ခေါင်းပါလာတာကို တွေ့ခဲ့ရပြီးနောက် တော်တော် ဆူဆူညံညံ ဖြစ်သွားခဲ့ပါသေးတယ်။ အစပိုင်းမှာ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဘက်က ဒါဘဲသားပါဆိုပြီး ဖုံးဖိဖို့ ကြိုးစားခဲ့သေးပေမဲ့ နောက်ဆုံးတော့ ကျောင်းသားလေးပြောတာ မှန်ပါတယ်ဆို ဝန်ခံခဲ့ကြရပါတယ်။