အစ္စရေးဓားစာခံတွေနဲ့ ထိုင်းဓားစာခံတွေ ပြန်လွတ်လာပြီ-နိုဝင်ဘာလ ၂၄ ရက်ညပိုင်း နိုင်ငံတကာ သတင်းများ

ဂါဇာမှာ ဟားမတ်စ် လက်နက်ကိုင်တွေ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံ ၁၃ ဦး ကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းလိုက်ပြီလို့ သတင်းတွေအရ သိရပါတယ်။

အစောပိုင်းတုန်းက ထိုင်းလူမျိုး ဓားစာခံ ၁၂ ဦး ပြန်လွတ်လာပြီလို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ အဲဒီလူတွေကို သွားခေါ်ဖို့ ထိုင်းသံရုံး တာဝန်ရှိသူတွေ သွားနေကြပြီလို့ ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီဆင် က ပြောပါတယ်။ ဒါပေမဲ့ အဲဒီ ဓားစာခံတွေ ဘယ်မှာလဲဆိုတာကိုတော့ သူက အတိအကျ မပြောခဲ့ပါဘူး။

ကာတာအစိုးရ ကြားဝင်ညှိနှိုင်းပေးတဲ့ အပစ်ရပ် သဘောတူချက်ပါ တစ်စိတ်တပိုင်းအဖြစ် အခုလို လွှတ်ပေးတာ ဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့် ပါလက်စတိုင်း အကျဉ်းသား ၃၉ ဦးကို အစ္စရေးက ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက အိုဖာ အကျဉ်းထောင်မှာ အဲဒီ အကျဉ်းသားတွေကို လာကြိုဖို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရဲ့ ဘတ်စ်ကားတွေ အသင့်စောင့်နေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

တကယ်လို့ ယာယီ အပစ်ရပ် သဘောတူချက် တည်မယ်ဆိုရင် လာမယ့် ၄ ရက်တာအတွင်း အစ္စရေး ဓားစာခံ ၅၀ ပြန်လွတ်လာဖို့ ရှိပြီး အပြန်အလှန်အားဖြင့် အစ္စရေးတို့ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသား ၁၅၀ ကို ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်မှာ ရွေးကောက်ပွဲ အတူဝင်ပြိုင်ဖို့ အဓိကအတိုက်အခံပါတီ နှစ်ခု သဘောတူချက်မရနိုင် ဖြစ်နေ

ထိုင်ဝမ်မှာ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ ဆက်ဆံရေး လိုလားတဲ့ အဓိက အတိုက်အခံပါတီ နှစ်ခုစလုံးက ဇန်နဝါရီလမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတစ်ဦး ပူးတွဲ အဆိုပြုဖို့ကို မညှိနှိုင်းနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

နှစ်ပါတီစလုံးက သူတို့ပါတီရဲ့ ကိုယ်စားလှယ်တွေကိုပဲ သမ္မတလောင်းအဖြစ် ဝင်ပြိုင်မယ်လို့ ပြောနေကြပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဗရုတ်သုက္ခနဲ့ ပျက်ပြယ်သွားခဲ့ပါတယ်။

အတိုက်အခံတွေ ဝရုန်းသုန်းကား ဖြစ်နေခဲ့တာဟာ လူထုအကြား အားပေးမှု ထိပ်ပိုင်းမှာ ရှိနေတဲ့ လက်ရှိ ဒုတိယ သမ္မတ ဝီလျံ လိုင် အနိုင်ရဖို့ အခွင့်အလမ်း ပိုများနေတယ်ဆိုတာကို သက်သေပြနေပါတယ်။ သူဟာ အနောက်အုပ်စုနဲ့ ပိုနီးစပ်တဲ့ ဆက်ဆံရေး လိုလားသူ ဖြစ်ပါတယ်။

အနိုင်ရဖို့ နောက်မျှော်လင့်ချက် ရှိသူတစ်ဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး တယ်ရီ ဂေါင် ကတော့ နောက်ဆုံးအချိန်မှ ကပ်ပြီး ပြိုင်ပွဲကနေ ထွက်သွားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုလွှတ်တင်မှု ကင်ဂျုန်အွန်း ဂုဏ်ပြုပြောဆို

မြောက်ကိုရီးယားအစိုးရက အခုနောက်ဆုံး ထောက်လှမ်းရေး ဆက်သွယ်ရေးဂြိုဟ်တုတစ်စင်းကို ပစ်လွှတ်လိုက်နိုင်ခဲ့တာဟာ အင်အားကြီး အာကာသ ခေတ်သစ်တစ်ခုထဲ မြောက်ကိုရီးယားကို တွန်းပို့ပေးလိုက်တာ ဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုန်အွန်းက ပြောပါတယ်။

အာကာသသိပ္ပံပညာရှင်တွေနဲ့ နည်းပညာရှင်တွေကို မိန့်ခွန်းပြောစဉ် ကင်ဂျုန်အွန်းက ဒီအာကာသခရီးစဉ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အပြည့်အဝ လေ့ကျင့်မှုတစ်ခု ဖြစ်တယ်လို့ ဖော်ညွှန်းပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယား စစ်တပ်ကတော့ မြောက်ကိုရီးယား အစိုးရရဲ့ ဒီ့မတိုင်ခင်က ဂြိုဟ်တုလွှတ်တင်မှု နှစ်ခု မအောင်မမြင် ဖြစ်ခဲ့ဖူးတာ ရှိပြီး အခု ဒီဆက်သွယ်ရေး ဂြိုဟ်တုကလည်း တကယ်ပဲ အလုပ်လုပ်သလား ဆိုတာကို ပြောဖို့ စောလွန်းတယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်နိုင်မှု ဂုဏ်ပြုဧည့်ခံပွဲမှာ မြောက်ကိုရီးယား ဝန်ကြီးချုပ် ကင်မ် တော့ခ် ဟွန် က ဒီဆက်သွယ်ရေး ဂြိုဟ်တုကြောင့် မြောက်ကိုရီးယား စစ်တပ်အနေနဲ့ ကမ္ဘာ့တစ်ခုလုံးကို တိုက်ခိုက်နိုင်စွမ်း ရလာမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

စက်တင်ဘာလတုန်းက ရုရှားနိုင်ငံကို ကင်မ် ဂျုန်အွန်း ကြုံတောင့်ကြုံခဲ သွားရောက်ခဲ့အပြီးမှာ အခုနောက်ဆုံး ဆက်သွယ်ရေးဂြိုဟ်တုကို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်အတွင်း ရုရှားသမ္မတ ပူတင်က မြောက်ကိုရီးယားကို ဂြိုဟ်တုတွေ တည်ဆောက်ရာမှာ အကူအညီပေးမယ်လို့ ကတိပြုပြောခဲ့ပါတယ်။

ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ တရုတ်နိုင်ငံထဲ ဝင်နိုင်တဲ့ နိုင်ငံ ၆ နိုင်ငံစာရင်း တရုတ်အစိုးရကြေညာ

တရုတ်နိုင်ငံထဲ ပြည်ဝင်ခွင့် ဗီဇာ မလိုဘဲ ဝင်ရောက်နိုင်တဲ့ နိုင်ငံ ၆ နိုင်ငံရဲ့ အမည်စာရင်းကို တရုတ်အစိုးရက ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အဲဒီ ၆ နိုင်ငံထဲမှာ ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံတို့ ပါဝင်ပါတယ်။

ကိုဗစ် ကန့်သတ်မှုတွေ တရုတ်အစိုးရက ပြန်ရုပ်သိမ်းလိုက်ပေမဲ့ တရုတ်နိုင်ငံဆီ မလာကြဘဲ ဝေးဝေးရှောင်နေကြတဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ ပြန်လာအောင် အားပေးတဲ့အနေနဲ့ အခုလို လုပ်ခဲ့ပုံရပါတယ်။

ဒါ့အပြင် ဒီလိုလုပ်တာဟာ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေ၊ ကိုဗစ် ကပ်ဘေးတို့လို ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အနောက်အုပ်စုနိုင်ငံတွေနဲ့ အချင်းများခဲ့အပြီးမှာ တရုတ်အစိုးရက နိုင်ငံရဲ့ ပုံရိပ် ပြန်ကောင်းလာအောင် လုပ်ပြဖို့ ကြိုးပမ်းတာလည်း ဖြစ်ဖွယ်ရှိပါတယ်။

စပိန်နဲ့ မလေးရှားနိုင်ငံတွေက နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ တရုတ်နိုင်ငံမှာ ၁၅ ရက်ကြာအထိ နေခွင့် ရလာမှာလည်း ဖြစ်ပါတယ်။