ဩဂုတ် ၁၇ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - မော်ချီးကို စစ်တပ် ဗုံးကြဲလို့ ၁၇ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Rescue Team
ကယား(ကရင်နီ)ပြည်နယ်၊ မော်ချီးဒေသထဲက လူနေထူထပ်တဲ့ ၁၆ ကုန်းလို့ သိကြတဲ့နေရာကို စစ်တပ်က ဒီနေ့ မွန်းလွဲပိုင်းလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံးသူများတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေ ပြောပါတယ်။
ဒါဟာ ဒီကနေ့ ဩဂုတ် ၁၇ ရက် တစ်ရက်တည်းမှာ နာရီအနည်းငယ်ခြားပြီး လေကြောင်းကနေ ၂ ကြိမ်မြောက် ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ် ၂ ဦးရဲ့ ကနဦး အတည်ပြုချက်အရ ရုပ်အလောင်း ၁၇ လောင်း တွေ့ရှိထားပြီး ပျောက်ဆုံးနေသူတွေရှိနေသေးတယ်လို့ ပြောကြပါတယ်။
''လောလောဆယ် ၁၇ ဦးဆုံးတယ်လို့ မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေသူတွေက သတင်းပေးပို့လာပါတယ်။ ထိခိုက်သူလည်း များတယ်။ ထိခိုက်သူတွေကို ဆေးရုံပို့တာနဲ့ ကယ်ဆယ်ရေးလုပ်တာတွေ လုပ်နေဆဲဆိုတော့ စာရင်းအတိအကျမသိသေးဘူး'' လို့ ကရင်နီ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
မနက်ခင်းအစောပိုင်းတုန်းက စစ်တပ်လေကြောင်းတိုက်ခိုက်မှုမှာ မော်ချီးဒေသထဲက လိုခါးလိုရွာ ဆေးရုံကို ဗုံးကျခဲ့ပြီး လူ ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ ၁၁ ဦးထက်မနည်းသေဆုံးခဲ့ကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ) အခြေစိုက် မီဒီယာတွေက ရေးသားပါတယ်။
၂၀၂၅ ခုနှစ်အတွင်း မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်အထိ ရှိလာပြီဖြစ်ပြီး ခဲကျင်းလုပ်သားတစ်ချို့လည်း နေရပ်ပြန်သွားကြတယ်လို့ ဒေသအခြေစိုက် ကန္တာရဝတီတိုင်းမ်စ် သတင်းဌာန ကရေးပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီနေ့ဟာ ကရင်နီတပ်မတော် (KA) တည်ထောင်မှု ၇၇ နှစ်ပြည့်ဖြစ်တာကြောင့် နှစ်ပတ်လည် အခမ်းအနားတချို့ကို ကယားပြည်နယ်ထဲ နေရာတချို့မှာ ပြုလုပ်နေပါတယ်။
မိုးကုတ်ဆေးရုံကြီးအနီး စစ်တပ်ကြဲတဲ့ဗုံး ကျရောက်ပေါက်ကွဲမှု ၃ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးတိုင်းထဲ တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ဆေးရုံကြီးအနီးကို စစ်တပ်ကြဲတဲ့ဗုံး ကျရောက်ပေါက်ကွဲမှုခဲ့တာကြောင့် ကလေးတတစ်ဦးအပါအဝင် သေဆုံးသူ ၃ ဦးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ဒီနေ့ သြဂုတ်လ ၁၇ ရက် မနက်ပိုင်း မြန်မာစံတော်ချိန် ၉ နာရီဝန်းကျင်မှာ မိုးကုတ်မြို့ အရှေ့ပိုင်းကို ဗုံး ၂ လုံးကြဲခဲ့တာပါ။
မိုးကုတ်ဆေးရုံကြီး အနောက်ဘက်ကို ဗုံးတစ်လုံး၊ ဈေးဟောင်းရပ်ကွက်ကိုတစ်လုံး ကျရောက်ပေါက်ကွဲတယ်လို့ ကနဦး သိထားရပါတယ်။
ဗုံးကြဲကျရောက်ပေါက်ကွဲမှုမှာ သေဆုံးသူတွေဟာ လမ်းသွားလမ်းလာနဲ့ ဈေးသည်တွေ ဖြစ်တယ်လို့လည်း မြို့ခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်း ရွှေကူရပ်ကွက်၊ လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတာကြောင့် ၂၁ ယောက် သေဆုံးခဲ့ပါတယ်။
ဩဂုတ်လထဲမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ မိုးကုတ်မှာ ၂ ကြိမ်၊ သီပေါမှာ ၂ ကြိမ် ရှိခဲ့ပြီး လူသေဆုံး ထိခိုက်တာတွေ ရှိခဲ့တယ်လို့ တအာင်းတပ် TNLA က ဩဂုတ် ၁၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အင်းတော်ကြီးဒေသက ရှမ်းနီနဲ့ စစ်တပ်နေရာတချို့ကို KIA ပြန်သိမ်း

ဓာတ်ပုံ ရင်းမြစ်, ရှမ်းနီ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသထဲက မမုန်ကိုင်နဲ့ မိုင်းနောင်ကျေးရွာကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ပြန်ထိန်းချုပ်နိုင်ပြီလို့ KIA ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။
အင်းတော်ကြီး-ဖားကန့်လမ်းပိုင်းကို ပြီးခဲ့တဲ့ ဇူလိုင်ကစပြီး စစ်တပ်နဲ့ ရှမ်းနီ(SNA) ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်လာခဲ့ပြီးနောက် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ဆုတ်ခွာခဲ့ကြရတာပါ။
KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ပြန်ထိုးစစ်ဆင်ခဲ့တာကြောင့် ဩဂုတ် ၁၆ ရက်မှာ ပြန်ရယူနိုင်တာ ဖြစ်တယ်လို့လည်း နောက်ထပ် စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
"စစ်ကောင်စီနဲ့ ရှမ်းနီပူးပေါင်းအဖွဲ့တွေက မတူတဲ့ အင်အားနဲ့ စစ်ကြောင်းထိုးလာလို့ ဆုတ်ခွာခဲ့ရတာကို သေချာပြန်ပြင်ဆင်ပြီး ထိုးစစ်ပြန်ဆင်ခဲ့တာပါ။ ရွာတွေထဲက တပ်စခန်း သုံးခုကို သိမ်းပိုက်နိုင်တာပါ"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
နှစ်ဖက်အပြန်အလှန်ကြားမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်နဲ့ SNA ရှမ်းနီ ပူးပေါင်းအဖွဲ့တွေကတော့ ဟိုပင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြန်ဆုတ်ခွာသွားပြီး ဒီနေ့မှာတော့ တိုက်ပွဲငြိမ်သက်နေတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
အင်းတော်ကြီးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ တစ်စုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် ကွတ်ခိုင်မြို့မှာ စာသင်ကျောင်းတွေ ပိတ်ထား

ဓာတ်ပုံ ရင်းမြစ်, TNLA
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာပေါ်နဲ့ ကျေးရွာတွေမှာ စစ်တပ် လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး စာသင်ကျောင်းတွေ ပိတ်ထားတယ်လို့ ကွတ်ခိုင်မြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့ အပါအဝင် တအာင်းတပ် TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေကြောင့် ဩဂုတ် ၁၅ ရက်ကစပြီး စာသင်တာတွေ နားထားတယ်လို့လည်း သူကပြောပါတယ်။
"ပြီးခဲ့တဲ့ သောကြာကစပြီး ပိတ်တာပါ။ မြို့ပေါ်ရော ရွာကျောင်းတွေကိုပါ ပိတ်ထားတယ်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေက ပိတ်ဖို့ ညွှန်ကြားတာ။ ဘယ်တော့အထိ ပိတ်ရမယ်ဆိုတာတော့ မသိရသေးဘူး၊ အခုပြောနေတဲ့ အချိန်ကိုပဲ လေကြောင်းဝဲနေတယ်"လို့ မြို့ခံက ပြောပါတယ်။
ကွတ်ခိုင်မှာ စာသင်ကျောင်းတွေ ပိတ်တာနဲ့ ပတ်သက်ပြီး TNLA ဘက်က လူသိရှင်ကြား သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
ကျောက်မဲမြို့ခံတစ်ဦးကတော့ လေကြောင်းတိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေကြောင့် ပြီးခဲ့တဲ့ ရက်တွေကတည်းက မြို့ထဲမှာ လူသွားလူလာ ရှင်းနေတယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့က ရာစုသစ်ဟိုတယ်ကို စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်မှာ လေကြောင်း တိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ခဲ့တယ် TNLA က သတင်းထုတ်ပြန်ထားပါတယ်။
တအာင်းတပ် (TNLA) ဟာ ကွတ်ခိုင်ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဖြစ်တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။
တဖက်မှာလည်း စစ်တပ်ဟာ အဲဒီစစ်ဆင်ရေးအတွင်း TNLA သိမ်းထားတဲ့ ရှမ်းမြောက်က မြို့တွေကို ပြန်ရဖို့ တရုတ် ကြားဝင်တဲ့ဆွေးနွေးမှုတွေမှာ တောင်းဆိုထားသလို အဲဒီမြို့နယ်တွေမှာ လေကြောင်းကနေ ဗုံးကြဲတာတွေ လည်း ပြုလုပ်နေပါတယ်။
ကယား(ကရင်နီ)က မော်ချီးဒေသ နဲ့ ချင်းက ကန်ပက်လက်မြို့ကို စစ်တပ် ဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့၊ မော်ချီးဒေသက ပြည်သူ့ဆေးရုံနဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်ကို စစ်တပ်က ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်အခြေသိသူတွေက ပြောပါတယ်။
မော်ချီးဒေသထဲက လိုခါးလိုရွာပြည်သူ့ဆေးရုံကို ဒီနေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဆေးရုံရဲ့ အဆောင်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ကယား(ကရင်နီ) ပြည်နယ်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်အတွင်း လေကြောင်းတိုက်ခိုက် ခံရတာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၃ ဦး သေဆုံးပြီး ၉၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒီနေ့ မနက်ပိုင်းမှာပဲ စစ်တပ်က ချင်းပြည်နယ်ထဲ ချင်းကာကွယ်ရေးတပ်(CDF) အဖွဲ့ ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ပေါ်ကိုလည်း လေကြောင်းဗုံးကြဲခဲ့တယ်လို့ မြေပြင် အခြေအနေသိသူက ပြောပါတယ်။
မြို့ပေါ် နေရာနှစ်ခုကို ဗုံးကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ဆက်သွယ်ရေးအခက်အခဲကြောင့် လူထိခိုက်မှု အခြေအနေတော့ မသိရသေးပါဘူး။
စစ်တပ်ဟာ ဒီနေ့ မနက်တစ်ပိုင်းတည်းမှာပဲ မိုးကုတ်မြို့ကို ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၃ ဦး အထိရှိတယ်လို့ ကနဦး သိထားရပါတယ်။
ချင်း၊ ကရင်နီနဲ့ တအာင်းစတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့မြို့တွေကို ဒီနေ့ မနက်ခင်းတစ်ပိုင်းတည်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာတွေနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
'ဝ' အဖွဲ့က ဟိုပန်ခရိုင်မှူး မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Wa News Land
'ဝ'ပြည်သွေးစည်းညီညွတ်ရေးတပ် ( UWSA) ထိန်းချုပ်နယ်မြေထဲက ဟိုပန်ခရိုင်မှူး တာ့ညီလင်းဟာ အမျိုးသမီး ၄ ဦးကို မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကြောင့် ထောင်ဒဏ် ၁၀ နှစ်အပြင် ငွေဒဏ်ပါ ချမှတ်ခံလိုက်ရတယ်လို့ 'ဝ' သတင်းတွေကို တင်ဆက်နေတဲ့ 'ဝ'လူငယ့်အသံက ဖော်ပြပါတယ်။
တာ့ညီလင်းရဲ့ ကျူးလွန်မှုထဲ အမျိုးသမီး ၂ ဦးအမှုဟာ မုဒိမ်းမှု မြောက်ခဲ့ပြီး နောက်ထပ် ၂ ဦး အပေါ်မှာတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ပြစ်မှုထင်ရှားတာကြောင့် ငွေဒဏ် ၃ သိန်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ကို 'ဝ'တပ်ဖွဲ့ရဲ့ တရားစီရင်ရေးဌာနက ဩဂုတ် ၁၆ ရက်မှာ ချမှတ်လိုက်တာလို့ ဆိုပါတယ်။
ဟိုပန်ခရိုင်မှူး တာ့ညီလင်းကျူးလွန်ခဲ့တဲ့ အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် တစ်ဦး ပါဝင်နေတယ်လို့လည်း သတင်းက ဆိပါတယ်။
'ဝ'ပြည်နယ်ရဲ့ အခြေခံဥပဒေအရ အဓမ္မပြုကျင့်သူကို ထောင်ဒဏ် ၂ နှစ်အထက်နဲ့ ၁၀ နှစ်အောက် ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပြီး အခုပြစ်မှုကတော့ တစ်ခုထက် ကျော်လွန်နေတာကြောင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်တာလို့ သိရပါတယ်။
တာ့ညီလင်းကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီး UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
တာ့ညီလင်းဟာ ကျူးလွန်ခံအမျိုးသမီး နှစ်ယောက်ကို ယွမ်ငွေ ၁ သိန်းစီနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ အမျိုးသမီး နှစ်ယောက်ကိုတော့ ယွမ်ငွေ ၅ သောင်းစီ လျော်ကြေးပေးရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဟိုပန်ခရိုင်မှူး တာ့ညီလင်း လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်၊ ယဉ်ကျေးမှူးအသင်း ခေါင်းဆောင်တို့ကိုလည်း ကြံရာပါအနေနဲ့ ပါဝင်တာကြောင့် ရာထူးလျှော့ချပြီး တာဝန်ထမ်းဆောင်ခွင့် ၃ လ ရပ်နားထားတယ်လို့လည်း 'ဝ' လူငယ့်အသံက ရေးထားပါတယ်။
လူထုရှေ့ တရားစီရင်ချက် ချမှတ်တဲ့နေ့မှာ 'ဝ'ဗဟို နိုင်ငံရေး ကော်မတီအဖွဲ့ဝင်တွေအပါအဝင် တပ်ပိုင်းဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ၊ ဒေသစီမံခန့်ခွဲရေးစတဲ့ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေလည်း တက်ရောက်တာကို ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။
ယုံကြည်မှုနဲ့ တာဝန်အပ်နှင်းထားတဲ့ ဝန်ထမ်းတစ်ဦးက အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး အမျိုးသမီးတွေအပေါ် ကျူးလွန်တာကို ထင်ထင်ရှားရှား နှိမ်နှင်းတာလို့လည်း 'ဝ' က ထုတ်ပြန်ပါတယ်။
'ဝ'တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့မှာ ဓားပြတိုက်မှုကျူးလွန်သူကို သေဒဏ်၊ မုဒိန်းမှု ကျူးလွန်သူ ၆ ဦးကို တစ်သက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။








