"ဘောလုံးလို့ ထင်ခဲ့မိတာ" - ကလေးတွေကို သေရာပါဒဏ်ရာပေး၊ အသက်ဆုံးစေတဲ့ဗုံးတွေ

    • ရေးသားသူ, ဆူတစ် ဘီဆွာ၊ နူပါ ဆိုတာနဲ့ တာနျူရှရီး ပန်ဒီ
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား
    • ရေးသားပေးပို့သည့်နေရာ, အနောက်ဘန်ဂေါ

လွန်ခဲ့တဲ့ဆယ်စုနှစ် သုံးစုကျော်အတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်မှာ လက်လုပ်ဗုံးတွေကြောင့် ထိခိုက်တာ၊ သေရာပါဒဏ်ရာရတာ၊ အမြင်အာရုံချို့ယွင်းတာအပြင် သေဆုံးတဲ့ ကလေးငယ်အရေအတွက် အနည်းဆုံး ၅၆၅ ဦးရှိတယ်လို့ ဘီဘီစီက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

လူသေစေတဲ့ဒီပေါက်ကွဲပစ္စည်းတွေက ဘာတွေလဲ၊ ဒါတွေက အနောက်ဘင်္ဂလားပြည်နယ်က နိုင်ငံရေးပဋိပက္ခတွေနဲ့ ဘယ်လိုဆက်စပ်နေတာလဲ၊ ဒီဒုက္ခဆိုးကျိုးတွေကို အများဆုံး ခါးစည်းခံရသူက ဘင်္ဂလား ကလေးအများစုဖြစ်နေတာ ဘာကြောင့်လဲ။

၁၉၉၆ ခုနှစ်၊ မေလ၊ နေသာတဲ့ နွေမနက်ခင်းတခုမှာ အိန္ဒိယနိုင်ငံ၊ အ‌နောက်ဘင်္ဂလားပြည်နယ်မြို့တော် ကာလကတ္တားမြို့ရဲ့ ပျံကျရပ်ကွက်က ကောင်လေး ၆ ယောက်ဟာ ခရစ်ကတ် ကစားကြဖို့ ခပ်ကျဥ်းကျဥ်းလမ်းသွယ်ထဲကို ထွက်လာကြပါတယ်။

တဲအိမ်လေးတွေ ပြည့်နေတဲ့သူတို့ရဲ့ ရပ်ကွက်ကို ပတ်ဝိုင်းထားတာက လူလတ်တန်းစားတွေနေထိုင်ရာ ဂျော့ဖာပန်းခြံအရပ်ဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲ မဲပေးတဲ့နေ့ဖြစ်လို့ အဲဒီနေ့က အားလပ်ရက်ပါ။

ဒီကောင်လေးတွေထဲတယောက်ဖြစ်တဲ့ အသက် ၉ နှစ်အရွယ် ပူချူး ဆာဒါတစ်ယောက် ခရစ်ကတ်ရိုက်တံကို လှမ်းယူပြီး အိပ်ပျော်နေတဲ့အဖေဖြစ်သူ မသိအောင် တိတ်တိတ်လေး ကျော်ထွက်လာခဲ့ပါတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ ဒီရိုက်တံက အလုံးလေးတစ်လုံးကို ရိုက်လိုက်တဲ့အသံဟာ တစ်လမ်းလုံးကြားလောက် အသံအကျယ်ကြီး မြည်ဟိန်းထွက်သွားပါတော့တယ်။

သူတို့ ကစားချိန် ရိုက်လိုက်တဲ့ဘောလုံးဟာ သူတို့ရဲ့ အဖြစ်သာသာ လုပ်ထားတဲ့ ခရစ်ကတ်ကွင်းအပြင်ကို ရောက်သွားတာကြောင့် ဒီလူငယ်လေးတွေဟာ ဘောလုံးကျလောက်မယ်လို့ယူဆရတဲ့ အနီးနားက ပန်းခြံငယ်လေးထဲမှာ ဘောလုံးပျောက် ရှာပုံတော်ဖွင့်ကြပါတယ်။ အဲဒီမှာ အမဲရောင်ပလက်စတစ်အိတ် တစ်အိတ်ကိုတွေ့ခဲ့ပြီး အထဲမှာ ခပ်ဝိုင်းဝိုင်းပစ္စည်း ၆ ခုကို သူတို့တွေ့ခဲ့ပါတယ်။

တစ်ယောက်ယောက်ကျန်ခဲ့တဲ့ ခရစ်ကတ်ဘောလုံးတွေနဲ့တူတာကြောင့် အဆော့ကြီး ဆော့ကစားရတော့မယ်လို့ ထင်ပြီး ဒီအလုံးတွေကို သူတို့ ကစားတဲ့နေရာဆီ ကောင်လေးတွေ ယူလာခဲ့ကြပါတယ်။

အဲဒီအိတ်မှာပါတဲ့ အလုံးလေးတွေထဲက တစ်လုံးကို ပူချူးက သူ့ရဲ့ ရိုက်တံနဲ့ ရိုက်ထုတ်လိုက်ပါတယ်။

ကျယ်လောင်တဲ့ ပေါက်ကွဲသံက လမ်းကြားငယ် တခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ အဲဒီအလုံးက ဗုံးဖြစ်နေခဲ့ပါတယ်။

မီးခိုးငွေ့တွေ လျော့သွားလို့ အိမ်နီးနားချင်းတွေ အမောတကော ပြေးထွက်လာကြချိန်မှာတော့ ပူချူးနဲ့ သူ့ သူငယ်ချင်း ငါးယောက်ဟာ ကိုယ်တွေ စုတ်ပြဲ၊ အဝတ်အစားတွေ ဖွာလန်ကြဲပြီး မည်းမည်းသည်းသည်းနဲ့ လမ်းပေါ်မှာလဲကျလို့နေပါပြီ။

တဒင်္ဂ ကမ္ဘာပျက်လုနီးပါးဖြစ်သွားတဲ့အဲဒီနေရာမှာ အော်သံစူးစူးတွေက ညံလို့ပါ။

မိဘမဲ့ဖြစ်လို့ အဒေါ်ဖြစ်သူ ကျွေးမွေးစောင့်ရှောက်ထားရတဲ့ အသက် ၇ နှစ်အရွယ် ရာဂျူး ဒက်စ် နဲ့ နောက်ထပ် ၇ နှစ်အရွယ် ဂိုပဲလ် ဘစ်ဝက်စ်တို့ကတော့ ဒဏ်ရာတွေနဲ့ အဲဒီနေရာမှာပဲ သေဆုံးခဲ့ပါတယ်။ ကျန်တဲ့ကောင်လေး လေးယောက်ကတော့ ဒဏ်ရာတွေ ရရှိခဲ့တာပါ။

ပူချူးတယောက် အသက်ဘေးက သီသီလေးလွတ်ခဲ့ပေမဲ့ မီးလောင်ဒဏ်ရာကြီးကြီးမားမားတွေရခဲ့တဲ့အပြင် ရင်ဘတ်၊ မျက်နှာနဲ့ ဝမ်းဗိုက်တို့က ဗုံးစတွေ မှန်ခဲ့ပါတယ်။

သူ ဆေးရုံတစ်လ တက်ခဲ့ရပါတယ်။ ငွေကုန်သံပြာဖြစ်နေတဲ့မိသားစုဟာ နောက်ထပ်ဆေး ဆက်ကုဖို့လည်း မတတ်နိုင်တော့လို့ သူ အိမ်ပြန်ရောက်တဲ့ခါ ကိုယ်ထဲမှာ စိုက်ကျန်ရှိနေသေးတဲ့ ဗုံးစတွေကို မီးဖိုချောင်ထဲက မီးညှပ်ကို သုံးပြီး ဖယ်ထုတ်ခဲ့ရပါတယ်။

အနောက်ဘင်္ဂလားပြည်နယ်မှာ နိုင်ငံရေးသြဇာလွှမ်းဖို့ သွေးထွက်သံယိုဖြစ်တဲ့အထိ ဆယ်စုနှစ်ကြာအောင် အပွဲပွဲနွှဲကြတဲ့ပြည်နယ်နိုင်ငံရေးပဋိပက္ခမှာသုံးတဲ့ လက်လုပ်ဗုံးတွေကြောင့် သေဆုံးတာ ဒါမှမဟုတ် သေရာပါဒဏ်ရာရကြတဲ့သနားစရာကလေးတွေရဲ့ စာရင်းထဲမှာ ပူချူးနဲ့ သူငယ်ချင်းတို့လည်း ပါဝင်နေပါတယ်။

အနောက်ဘင်္ဂလားပြည်နယ်မှာ လက်လုပ်ဗုံးကြောင့် ထိခိုက်သေဆုံးတဲ့အရေအတွက်နဲ့ပတ်သက်လို့ အများသိရှိအောင် တရားဝင်ထုတ်ပြန်တဲ့စာရင်းဇယား မရှိပါဘူး။

ဒါကြောင့် အစိုးရ အထင်ကရ နေ့စဉ်သတင်းစာတွေဖြစ်တဲ့ အနန်ဒါဘဇား ပက်ထရီကာနဲ့ ဘတ်တမန်း ပက်ထရီကာ နှစ်စောင်မှာ ၁၉၉၆ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ဖော်ပြခဲ့တဲ့ ဒီလက်လုပ်ဗုံးတွေကြောင့် ကလေးငယ်တွေ ထိခိုက်သေဆုံးခဲ့ရတဲ့သတင်းတွေကို ဘီဘီစီက လေ့လာခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့အထိ ကလေးငယ် အနည်းဆုံး ၅၆၅ ဦး ထိခိုက်သေဆုံးခဲ့ပြီး သေဆုံးသူ ၉၄ ဦးနဲ့ ဒဏ်ရာရရှိသူ ၄၇၁ ဦး ရှိပါတယ်။ ဒါဟာ ၁၈ ရက်တိုင်း ကလေးငယ် ၁ ဦးဟာ လက်လုပ်ဗုံးပေါက်ကွဲမှုရဲ့ သားကောင်ဖြစ်နေတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ သတင်းစာနှစ်စောင်မှာမဖော်ပြခဲ့တဲ့ လက်လုပ်ဗုံးကြောင့် ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ ဘီဘီစီက တွေ့ရှိထားတာကြောင့် ထိခိုက်သေဆုံးစာရင်းက ဒီထက်ပိုများနိုင်ခြေရှိပါတယ်။

မတော်တဆမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ ကလေးငယ်တွေအပြင်ထွက်ဆော့ကစားလေ့ရှိတဲ့ ပန်းခြံ၊ လမ်း၊ စိုက်ခင်းနဲ့ ကျောင်အနီးအနားတွေဖြစ်ပွားခဲ့ပါတယ်။ ဒီနေရာတွေဟာ ရွေးကောက်ပွဲကာလအတွင်း အတိုက်အခံတွေကို အကြမ်းဖက်ဖို့ ဗုံးတွေဝှက်ထားလေ့ရှိတဲ့နေရာတွေလည်းဖြစ်ပါတယ်။

ဘီဘီစီစကားပြောခွင့်ရခဲ့တဲ့ နစ်နာသူအများစုဟာ မိသားစုကိုကူညီနေရ၊ အလုပ်ကြမ်းလုပ်ရ ဒါမှမဟုတ် လယ်လုပ်သမားလုပ်နေရတဲ့ ဆင်းရဲနွမ်းပါးကလေးငယ်တွေပါ။

အနောက်ဘင်္ဂလား တော်လှန်ရေးနဲ့ လက်လုပ်ဗုံးသုံးမှုသမိုင်း

လူဦးရေ သန်း ၁၀၀ ကျော်ရှိပြီး အိန္ဒိယရဲ့ စတုတ္ထမြောက်အကြီးဆုံးပြည်နယ်ဖြစ်တဲ့ အနောက်ဘင်္ဂလားဟာ နိုင်ငံရေးပဋိပက္ခဒဏ်ကို ကာလရှည်ကြာ ရင်ဆိုင်နေရတဲ့ပြည်နယ်လည်းဖြစ်ပါတယ်။

အိန္ဒိယလွတ်လပ်ရေးရတဲ့ ၁၉၄၇ ခုနှစ်ကစလို့ နှစ်ပေါင်းများစွာတိုင်အောင် ဒီပြည်နယ်မှာ မတူညီတဲ့အုပ်ချုပ်သူတွေနဲ့ တလှည့်စီ အုပ်စိုးခဲ့ပါတယ်။ ကွန်ဂရက်ပါတီက နှစ် ၂၀၊ ကွန်မြူနစ်ဦးဆောင်တဲ့ လက်ဝဲတပ်ဦးက နှစ် ၃၀ နဲ့ အခုနောက်ဆုံးမှာ Trinamool Congress က ၂၀၁၁ ခုနှစ်ထဲကစလို့ အုပ်ချုပ်နေပါတယ်။

ပြည်နယ်ဟာ ၁၉၆၀ ပြည့်နှစ်နှောက်ပိုင်းကာလတွေမှာ နက်ဇ်ဇာလိုက်ထ် (Naxalites) လို့ခေါ်တဲ့ မော်ဝါဒီအုပ်စုနဲ့ အစိုးရတပ်အကြား လက်နက်ကိုင်ပဋိပက္ခဒဏ်ကို အတော်လေး ခါးစည်းခံခဲ့ရပါတယ်။

အဲဒီကတည်းက ရွေးကောက်ပွဲကာလတွေတိုင်း အတိုက်အခံတွေရဲ့ အသံတိတ်သွားအောင်တိုက်ခိုက်ဖို့အတွက် နိုင်ငံရေးပါတီတွေက ဒီဗုံးတွေကို လက်နက်တခုသဖွယ် အသုံးပြုခဲ့တာဟာ ပြည်နယ်အစိုးရ အဆက်ဆက်ရော သူပုန်တပ်တွေကြားမှာပါ တူညီတဲ့အချက်ဖြစ်နေပါတယ်။

"ဗုံးတွေကို (လိုချင်တဲ့ရလဒ်ထွက်အောင်) သုံးတယ်။ ပြည်နယ်ထဲမှာ ဒီလိုဖြစ်နေခဲ့တဲ့ နှစ် ၁၀၀ ကျော်ပြီ" လို့ အနောက်ဘင်္ဂလားရဲတပ်ဖွဲ့က စစ်ဆေးရေးမှူးဟောင်း ပန်ကဂ် ဒွတ်တ က ပြောပါတယ်။

ဘင်္ဂလားပြည်နယ်မှာ ဗုံးတွေလုပ်တာဟာ ၁၉၀၀ ပြည့်နှစ်တွေမှာ ဗြိတိသျှအုပ်ချုပ်မှုကို ဆန့်ကျင် ပုန်ကန်ရာကနေ အရင်းခံပါတယ်။

အစောပိုင်း ဗုံးလုပ်ခဲ့ကြတာတွေဟာ ကြမ်းတမ်းခက်ခဲခဲ့ပြီး မတော်တဆမှုတွေလည်းမကြာခဏဖြစ်ပွားခဲ့ပါတယ်။ ဗုံးစမ်းသပ်ရင်း သူပုန်တပ်သားတဦး လက်တဖက်ဆုံးရှုံးခဲ့ရပြီး တဦးသေဆုံးခဲ့ပါတယ်။

အဲဒီနောက် ဗုံးလုပ်နည်းတွေကို တတ်လာတဲ့သူပုန်တစ်ဦး ပြင်သစ်ကနေ ပြန်ရောက်လာပါတယ်။

ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို ချောကလက်ဗူးထဲထည့်၊ တရားရေး စာအုပ်ထူထူကြီးကို စာရွက်အသားတွေလှီးထုတ်၊ အဲဒီဗူးကို စာအုပ်ကြားထဲ ညှပ်ပြီးထည့်တဲ့စာအုပ်ဗုံးကို သူ ထောင်ပါတယ်။ ပစ်မှတ်ထားတာက ဗြိတိသျှ အောက်တရားရုံး တရားသူကြီးတစ်ဦးကို ဖြစ်ပါတယ်။

ပထမဆုံးပေါက်ကွဲမှုက မဒ်နပေါ(Midnapore) ခရိုင်မှာ ၁၉၀၇ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။ ဗြိတိန်အကြီးတန်းအရာရှိလိုက်ပါလာတဲ့ ရထားလမ်းချော်အောင် တော်လှန်ရေးတပ်တွေက လမ်းမှာ ဗုံးထောင်ခဲ့တာဖြစ်ပါတယ်။

လအနည်းငယ်အကြာမှာပဲ မူဇာဖာလ်ပေါ (Muzaffarpur) ခရိုင်မှာ တရားသူကြီးတစ်ဦးကို ပစ်မှတ်ထားတဲ့အနေနဲ့ မြင်းလှည်းတစ်စီးပေါ်ကို လက်ပစ်ဗုံး ပစ်ထည့်မှုမှာ အင်္ဂလိပ်အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို သတင်းစာတ‌စောင်မှာတော့ "မြို့ကိုတုန်လှုပ်သွားစေတဲ့ ပေါက်ကွဲမှု" လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့်ပဲ ခူဒီရမ် ဘို့စ် အမည်ရတဲ့ လူငယ်သူပုန်ဟာ အိန္ဒိယတော်လှန်ရေးတပ်တွေက လေးစားရတဲ့ ပထမဆုံး "လွတ်လပ်ရေးတိုက်ပွဲဝင်သူ" အာဇာနည်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ဗုံးတွေဟာ လက်နက်သက်သက်မဟုတ်ပဲ "မှော်အတတ်"၊ "စုန်းအတတ်" လိုမျိုး အသစ်အဆန်းတခုအနေနဲ့ ဘင်္ဂလာကနေ ကျန်တဲ့အိန္ဒိယနိုင်ငံတလွှားကိုပါ ပြန့်နှံ့ရောက်ရှိခဲ့တယ်လို့ အမျိုးသားရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဘားလ်ဂန်ဂါဒါ ထိလပ် က ၁၉၀၈ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။

အခုကာလမှာတော့ ဘင်္ဂလားရဲ့ လက်လုပ်ဗုံးတွေကို ပြည်တွင်းမှာ ပီတို လို့ ခေါ်ဝေါ်ကြပါတယ်။ ဗုံးတွေကို ဂုန်လျှော်ကြိုးတွေနဲ့ ရစ်ပတ်ထားပြီး ဖန်၊ အခွံမာသီးနဲ့ လက်သည်းတွေကို ဗုံးစအဖြစ် အသုံးပြုခဲ့ပါတယ်။

ပေါက်ကွဲစေတဲ့ပစ္စည်းတွေကို စတီးဘူး ဒါမှမဟုတ် ဖန်ပုလင်းတွေမှာ ထည့်သွင်းတဲ့အပေါ်မူတည်ပြီး ပုံစံကွဲပြားပါတယ်။ ဒါတွေကို နိုင်ငံရေးပါတီပြိုင်ဘက်တွေကြား အကြမ်းဖက်ပဋိပက္ခတွေမှာ အဓိက အသုံးပြုခဲ့ကြတာပါ။

ကျေးလက်ဒေသအများစုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ ပြိုင်ဘက်တွေကို တိုက်ခိုက်ဖို့၊ မဲရုံတွေကို နှောင့်ယှက်ဖို့ ဒါမှမဟုတ် ပြိုင်ဘက်တွေက လုပ်ခဲ့တဲ့အတိုင်းတုံ့ပြန်ဖို့ ဒီဗုံးတွေကို အသုံးပြုကြပါတယ်။

ရွေးကောက်ပွဲကာလအတွင်း မဲရုံတွေကိုဖျက်စီးဖို့ ဒါမှမဟုတ် နယ်မြေစိုးမိုးမှုရဖို့အတွက် သူတို့က ရည်ရွယ် လုပ်လေ့ရှိပါတယ်။

ပိုလမီ ဟေဒါလို ကလေးတွေမှာလည်း ဒီလိုကြမ်းတမ်းမှုဒဏ်ကို ခါးစည်းခံနေရတုန်းဖြစ်ပါတယ် ။

၂၀၁၈ ခုနှစ်၊ ဧပြီလရဲ့ မနက်ခင်းတစ်ခုမှာ အဲဒီတုန်းက အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်လေး တစ်ဦးဟာ မနက်ဘုရားရှိခိုးဖို့ ပန်းခူးနေခဲ့ပါတယ်။ သူနေထိုင်တဲ့ ဂိုပဲလ်ပေါ (Gopalpur) ရွာဟာ မြောက်ပိုင်း ပါဂနက်စ်ခရိုင်မှာရှိပြီး ရေကန်တွေ၊ စပါးခင်းတွေ၊ အုန်းပင်တွေနဲ့ ဝန်းရံထားပါတယ်။ အဲဒီအချိန်တုန်းက ကျေးရွာကောင်စီ ရွေးကောက်ပွဲပြုလုပ်ဖို့ကလည်း တစ်လပဲ လိုတော့တဲ့ကာလပါ။

ပိုလမီတယောက် အိမ်နီးချင်းရဲ့ ရေတင်စက်အနီးမှာ ဘောလုံးလေးတစ်လုံးကို တွေ့ခဲ့ပါတယ်။

"ကျွန်မ ကောက်ယူပြီး အိမ်ကို ယူခဲ့တယ်" လို့ သူက ပြန်ပြောင်းပြောပြပါတယ်။

သူအိမ်ထဲကရောက်ရောက်ချင်းမှာပဲ လက်ဖက်ရည်သောက်နေတဲ့အဖိုးဖြစ်သူက သူ့လက်ထဲက ပစ္စည်းကို ကြောက်လန့်တကြားကြည့်လိုက်ပါတယ်။

"အဖိုးက အဲဒါ ဘောလုံး မဟုတ်ဘူး။ ဗုံးကြီး၊ ပစ်ထုတ်လိုက်တဲ့။ ကျွန်မ ဘာမှတောင် မလုပ်ရသေးဘူး၊ ဗုံးက ကျွန်မလက်ထဲမှာတင် ပေါက်ကွဲသွားတယ်"

ဗုံးပေါက်ကွဲသံက ကျေးရွာရဲ့တိတ်ဆိတ်သံကို ဖြိုခွင်းလိုက်ပါတယ်။ အနီးကပ်ပေါက်ကွဲမှုကြောင့် ပိုလမီရဲ့ "မျက်လုံး၊ မျက်နှာ နဲ့ လက်" တွေကို ထိမှန်ပြီး မူးမေ့သွားခဲ့ပါတယ်။

"လူတွေ ကျွန်မနားကို ပြေးလာကြတာ မှတ်မိတယ်။ ဒါပေမဲ့ ကျွန်မနည်းနည်းပဲမြင်နိုင်တော့တယ်၊ တကိုယ်လုံးကို ထိမှန်ခဲ့တာလေ"

ရွာသားတွေက သူ့ကို ဆေးရုံ အမြန်ပို့ပေးခဲ့ပါတယ်။

ဒဏ်ရာတွေက ပြင်းထန်ပါတယ်။ ဆိုးရွားလွန်းလို့ ဘယ်ဘက်လက် ဖြတ်ခဲ့ရပြီး ဆေးရုံပေါ်မှာလည်း တစ်လ နီးပါးကြာ နေခဲ့ရပါတယ်။

ပိုလမီရဲ့ ပုံမှန်မနက်ခင်းလေးဟာ အိပ်မက်ဆိုးအဖြစ်နဲ့ သူ့ဘဝကို အထီးကျန်ကြေကွဲစရာကောင်းအောင် ထာဝရပြောင်းလဲသွားစေပါတယ်။

ဒါမျိုး ကြုံရတာ ပိုလမီ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

စပါးခင်းနဲ့ ဂုန်လျှော်ခင်းတွေနဲ့ ပြည့်နေတဲ့ Murshidabad ခရိုင်ထဲက ဂျစ်ပေါ (Jitpur) ရွာသူ အသက် ၁၀ နှစ်အရွယ် ဆာဘီနာ ခါတွန်ရဲ့ လက်ထဲမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတုန်းက လက်လုပ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပါတယ်။

သူ ဆိတ်တွေကို ကျောင်းဖို့ ထွက်ရင်း မြက်ခင်းပေါ်ကျနေတဲ့ ဗုံးပေါ် မတော်တဆ ဝင်တိုက်မိပါတယ်။ စူးစမ်းတတ်တဲ့စိတ်ကြောင့် အဲဒီဗုံးကို ကောက်ယူပြီး သူ ကစားပါတယ်။

သိပ်တောင် မကြာလိုက်ပါဘူး။ ဗုံးက သူ့လက်ထဲမှာ ပေါက်ကွဲသွားခဲ့ပါတယ်။

"အဲဒီပေါက်ကွဲသံကြားတော့ ဒီတကြိမ် ဘယ်သူမသန်စွမ်းဖြစ်သွားမလဲလို့ ကျွန်မတွေးမိတယ်။ ဆာဘီနာ တယောက် ခြေလက်ဖြတ်ပစ်ရပြီပေါ့" လို့ သူ့ရဲ့ မိခင်ဖြစ်သူ အမီနာ ဘီဘီက ကြေကွဲလေးလံနေတဲ့အသံနဲ့ ပြောပါတယ်။

"ကျွန်မအပြင်ထွက်ကြည့်လိုက်တော့ ဆာဘီနာ့ကို ပွေ့ချီလာသူတွေကို တွေ့လိုက်ရတယ်။ သူ့လက် အသားစတွေ ထွက်နေတာကို မြင်လိုက်ရတယ်"

ဆရာဝန်တွေအတွက်တော့ ဆာဘီနာရဲ့လက်ကို ဖြတ်ဖို့ အထိ လုပ်လိုက်ရပါတယ်။

ဆေးရုံကနေ အိမ်ကိုပြန်ရောက်ခဲ့ချိန်ကစလို့ သူ့ဘဝပြန်လည်တည်ဆောက်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး မိဘဖြစ်သူတွေလည်း သူ့အနာဂတ်အတွက် စိတ်ပျက်အားငယ်ခဲ့ရပါတယ်။ သူတို့စိုးရိမ်စိတ် ဖြစ်တာ အချင်းနှီးတော့ မဟုတ်ပါဘူး။ အိန္ဒိယမှာ မသန်စွမ်းအမျိုးသမီးတွေဟာ အိမ်ထောင်ပြုတာနဲ့ လုပ်ငန်းခွင်တွေမှာ လူ့အသိုင်းအဝိုင်းရဲ့ ခွဲခြားဆက်ဆံတာကိုရင်ဆိုင်ရလေ့ရှိတာကြောင့်ပါ။

"ကျွန်မသမီးလေးက သူ့ လက်ဘယ်တော့မှ ပြန်မရတော့ဘူးလို့ ပြောပြောပြီး တချိန်လုံးငိုနေတာလေ" လို့ အမီနာ က ပြောပါတယ်။

"ကျွန်မသူ့ကို နှစ်သိမ့်ပေးခဲ့တယ်။ သမီးလက်တွေက ပြန်ရှည်ထွက်လာမှာ၊ လက်ချောင်းတွေလည်း ပြန်ထွက်လာမှာဆိုပြီး သူ့ကို ပြောခဲ့တယ်"

အခုတော့ လက်ဆုံးရှုံးခဲ့ရတာကြောင့် နေ့စဉ်ကြုံရတဲ့ ရိုးရှင်းတဲ့စိန်ခေါ်ချက်တွေကို ဆာဘီနာ ကျော်လွှားနေ ပါတယ်။ "ရေသောက်တာ၊ စားတာ၊ ရေချိုးတာ၊ အဝတ်လဲတာနဲ့ အိမ်သာတက်တာကအစ ကျွန်မမှာ အခက်အခဲ ရှိတယ်"

ဗုံးကြောင့် ထိခိုက်ဒဏ်ရာရရင် အသက်ရှင်တာက ကံကောင်းတယ်လို့ဆိုနိုင်ပေမဲ့ ကလေးငယ်တွေရဲ့ ဘဝကတော့ ထာဝရပြောင်းလဲသွားရပါတယ်။

အသက် ၁၃ နှစ်အရွယ်ရောက်လာပြီဖြစ်တဲ့ ပိုလမီမှာ လက်အတု လက်ခံရရှိထားပေမဲ့ လေးလံပြီး အရွယ်အစားကြီးနေတာကြောင့် သုံးလို့ မရနေပါဘူး။ အသက် ၁၄ နှစ်အရွယ် ဆာဘီနာကတော့ အမြင်အာရုံ တဖြည်းဖြည်းမှုန်လာတဲ့ မျက်လုံးကြောင့် ရုန်းကန်နေရပါတယ်။

မျက်လုံးထဲမှာကျန်ရှိနေသေးတဲ့ ဗုံးစကို ဖယ်ရှားဖို့ နောက်ထပ်ခွဲစိတ်မှုလုပ်ဖို့လိုအပ်ပေမဲ့ ငွေကြေးမတတ်နိုင်ဘူးလို့ သူ့မိသားစုဝင်‌တွေက ပြောပါတယ်။

အခုဆိုရင် အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပူချူးကိုတော့ ကြုံခဲ့ရတဲ့ဖြစ်ရပ်ကြောင့် စိုးရိမ်စိတ်ကဲတဲ့ မိဘတွေက သူ့ကို ကျောင်းထုတ်ခဲ့ကြပါတယ်။ သူကိုယ်တိုင်လည်း အိမ်တွင်းပုန်းကလေး ဖြစ်ခဲ့ရပါတယ်။ တစ်ခါတလေ အသံတိုးတိုးလေးသာထွက်ပြီး သူ့ အိပ်ရာအောက်မှာ ပုန်းနေလေ့ရှိပါတယ်။

ခရစ်ကတ်ရိုက်တံကို ဘယ်တော့မှ ပြန်မကိုင်တော့ပါဘူး။ ကလေးဘဝ ခိုးယူခံလိုက်ရတဲ့သူဟာ အခုတော့ ဆောက်လုပ်ရေးအလုပ်ကြမ်းလုပ်ပြီး အပြင်ပိုင်းမှာ အဆင်ပြေနေပေမဲ့ အတိတ်ကအမာရွတ်တွေကိုတော့ ထမ်းပိုးထားရဆဲပါ။

ဒါပေမဲ့ မျှော်လင့်ချက်အကုန်လုံးတော့ ပျောက်ဆုံးသွားတာမဟုတ်ပါဘူး။

ပိုလမီနဲ့ ဆာဘီနာတို့နှစ်ယောက်စလုံးက လက်တဖက်တည်းနဲ့ စက်ဘီးစီးနိုင်ကြပြီး ကျောင်းဆက်တက်နေကြပါတယ်။ နှစ်ယောက်လုံးရဲ့ အိပ်မက်ကလည်း ကျောင်းဆရာမဖြစ်လာဖို့ပါပဲ။ ပူချူးကတော့ အသက် ၅ နှစ်အရွယ် သားဖြစ်သူ ရူဒရာကို ရဲသားဝတ်စုံဝတ်ထားတဲ့ တောက်ပတဲ့အနာဂတ်ရဖို့ မျှော်လင့်နေပါတယ်။

ဆိုးရွားတဲ့လူသေဆုံးမှုတွေဖြစ်နေပေမဲ့ အနောက်ဘင်္ဂလားပြည်နယ်မှာ လက်လုပ်ဗုံးပေါက်ကွဲမှုတွေအဆုံးသတ် သွားမယ့်အခြေအနေ မရှိသေးပါဘူး။

နိုင်ငံရေးအကျိုးအမြတ်အတွက် ဗုံးတွေ အသုံးပြုခဲ့တယ်ဆိုတာကိုလည်း ဘယ်နိုင်ငံရေးပါတီကမှ ဝန်မခံထားပါဘူး။

ဘီဘီစီက အထင်ကရနိုင်ငံရေးပါတီ ၄ ခုကို ဆက်သွယ်ပြီး ဗုံးထုတ်လုပ်ရေး ဒါမှမဟုတ် ဗုံးအသုံးပြုတာတွေမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပတ်သက်တာမျိုးရှိသလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ လက်ရှိအာဏာရပါတီ Trinamool Congress (TMC) နဲ့ အတိုက်အခံပါတီ Bharatiya Janata Party (BJP) က ဖြေကြားပေးဖို့ ငြင်းဆန်ပါတယ်။

အိန္ဒိယကွန်မြူနစ်ပါတီ (Marxist) (CPI-M) ကတော့ ပါဝင်ပတ်သတ်မှုမရှိဘူးလို့ ပြင်းပြင်းထန်ထန်ငြင်းဆိုပြီး "ဥပဒေစိုးမိုးမှုရှိရေးကို လိုက်နာလေးစားတယ် ... ပြီးတော့ အခွင့်အရေးတွေနဲ့ ဘဝတွေကို အကာအကွယ်ပေးဖို့ လိုလာပြီဆိုရင် ကလေးတွေအရေးကို ပိုပြီး ဦးစားပေးသွားမယ်" လို့ ပြောပါတယ်။

အိန္ဒိယအမျိုးသားကွန်ဂရက်(INC) ကတော့ ရွေးကောက်ပွဲအားသာချက်ရဖို့ လက်လုပ်ဗုံးတွေသုံးတာမျိုး မရှိဘူးလို့ဆိုပြီး "နိုင်ငံရေးအရဖြစ်စေ ပုဂ္ဂိုလ်ရေးအရဖြစ်စေ အခွင့်အရေးရဖို့ ဘယ်အကြမ်းဖက်မှုကိုမှ ပူးတွဲမလုပ်ဘူး" လို့ တုံ့ပြန်ပါတယ်။

ဘယ်နိုင်ငံရေးပါတီကမှ တာဝန်ယူဝန်ခံပြောတာမရှိပေမဲ့ ဘီဘီစီက စကားပြောခဲ့တဲ့အကဲခတ်တွေကတော့ အနောက်ဘင်္ဂလားပြည်နယ်က အစဥ်အဆက် နိုင်ငံရေးအကြမ်းဖက်မှုမှာ ဒီအခြေအနေက အမြစ်တွယ်နေပြီဆိုတာတော့ သံသယ မရှိကြဘူး။

"ဘယ်ရွေးကောက်ပွဲကြီးကာလတိုင်းမဆို ဗုံးတွေသုံးပြီး အကြမ်းဖက်တာတွေကို တို့မြင်တွေ့နိုင်ပါတယ်" လို့ ပန်ကဂ် ဒွတ်တ က ပြောပါတယ်။

"ကလေးငယ်တွေ သူတို့ငယ်ဘဝမှာ အကြီးမားဆုံးချိုးဖောက်ခံရမှုပဲ။ ဒါလူမှုအသိုက်အဝန်းကလည်း ဂရုမစိုက်ဘူးဆိုလို့ ဆိုလိုရာရောက်ပြန်တယ်'' လို့ သူက ပြောပါတယ်။ မစ္စတာ ဒွတ်တဟာ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ကွယ်လွန်ခဲ့ပါတယ်။

"ဗုံး‌ထောင်ခဲ့တဲ့သူတွေကတော့ လွတ်နေတုန်းပဲ။ ဘယ်သူကမှ ဗုံးတွေကို ဒီအတိုင်း ချန်မထားသင့်ဘူး။ ဘယ်ကလေးမှ လည်းအခုလိုမျိုး ထိခိုက်ဒဏ်ရာရတာတွေ ထပ်မဖြစ်စေချင်တော့ဘူး" လို့ ပိုလမီ က ပြောပါတယ်။

''ကျွန်တော့်သားဖြစ်အင်ကို ကြည့်ကြပါဦး''

ဒါပေမဲ့ ဝမ်းနည်းစရာ အဖြစ်ဆိုးတွေက ဆက်ဖြစ်နေတုန်းပါပဲ။

မေလရဲ့ တမနက်ခင်းမှာ Hooghly ခရိုင်က ကောင်လေး ၃ ယောက် ရေကန်အနီးကစားနေရင်း ဗုံးတွေထုတ်ထားတဲ့ အထုပ် တစ်ထုပ်ကို အမှတ်မထင် တွေ့ခဲ့ကြပါတယ်။ ပေါက်ကွဲမှုက အသက် ၉ နှစ်အရွယ် ရာ့ဂျ် ဘစ်ဆွာကို သေဆုံးစေခဲ့သလို သူ့သူငယ်ချင်းဖြစ်သူလည်း ထိခိုက်ဒဏ်ရာရပြီး လက်မောင်းတဖက် ဆုံးရှုံးခဲ့ရပါတယ်။ အခြားကောင်လေးကတော့ ခြေထောက်ကျိုးပြီး လွတ်မြောက်ခဲ့ပါတယ်။

"ဒီဗုံးကြောင့်ဖြစ်သွားတဲ့ ကျွန်တော့်သား အခြေအနေကို ကြည့်ကြပါဦး'' လို့ အသက်မဲ့နေတဲ့ သားဖြစ်သူရဲ့ နဖူးကို ပွတ်သက်ရင်း ဝမ်းနည်းပူဆွေးနေတဲ့ရာ့ချ်ရဲ့ ဖခင်ဖြစ်သူက ရှိုက်ငို ပြောပါတယ်။

ရာ့ချ်ရဲ့ ရုပ်အလောင်းကို မြေချချိန်မှာပဲ အနီးနား မဲရုံကနေ "ဘင်ဂါအောင်မြင်ပါစေ" "ဘင်ဂါအောင်မြင်ပါစေ" လို့ နိုင်ငံရေးကြွေးကြော်သံတွေကို လေထဲက လွင့်ပျံလာပါတယ်။

ရွေးကောက်ပွဲလုပ်ဖို့ မဲဆွယ်နေကြချိန် ပြန်ကျရောက်လို့လာပါပြီ။ ကလေးတွေခမြာမှာတော့ ဒီအတွက် ပေးဆပ်ရသူတွေ ဖြစ်နေခဲ့ပြန်ပါတယ်။