ဇန်နဝါရီ ၁၂ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းတော်လှန်သွားမယ်လို့ PSLF/TNLA ပြော

တစ်နိုင်ငံလုံးက တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းတော်လှန်သွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)ရဲ့ နိုင်ငံရေးအဖွဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF) ဗဟိုကော်မတီက ထုတ်ပြန်လာပါတယ်။

ဒီနေ့မှာကျရောက်တဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်ထုတ်ပြန်ချက်ထဲမှာ အဖွဲ့ရဲ့ ရပ်တည်ချက်ကို ထည့်သွင်းထားတာပါ။

တအာင်းတပ်ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ ၁၂ မြို့ကို သိမ်းပိုက်ထားသလို တပ်မဟာ ၉ ခု အထိတိုးချဲ့ဖွဲ့စည်းသွားမယ်လို့ ဇန်နဝါရီ ၁၀ ရက်တုန်းက တပ်ဖွဲ့ရဲ့ နှစ်ပတ်လည်အစည်း အဝေးထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

TNLA ရဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)နဲ့ အာရက္ခတပ်တော်(AA) တို့ကလည်း TNLA ရဲ့သဘောထားရည်မှန်းချက်တွေ အမြန်ဆုံးဖြစ်လာဖို့ ဒီနေ့မှာ သဝဏ်လွှာပေးပို့ပါတယ်။

ဖြစ်ပေါ်လာတဲ့ အခက်အခဲအတားအဆီးတွေကိုလည်း ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီဖြေရှင်းပေးသွားမယ်လို့လည်း ဆိုပါတယ်။

TNLA နဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး(MDY PDF)ကလည်း စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး နဲ့ အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ရေးအတူဖော်ဆောင်ဖို့အသင့်ရှိတယ်လို့ ဒီနေ့မှာထုတ်ပြန်လာပါတယ်။

ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက ဒေသတချို့မှာ စစ်ရေးဖော်ဆောင်နေတဲ့ တအာင်းတပ်(TNLA) ဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ တုန်းက တရုတ်ရဲ့ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးရေးအသင့်ရှိ တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်က ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ တအာင်းတပ်(TNLA)က သိမ်းထားတဲ့နယ်မြေ တွေကို လေကြောင်းကနေတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေဆဲဖြစ်ပါတယ်။

လူ ၁၅ ဦးသေဆုံးတဲ့တနိုင်းမှော်ဗုံးကြဲခံရမှုကို ကေအိုင်အေ ဘယ်လိုတုံ့ပြန်လဲ

ရွှေနဲ့ပယင်းမှော်တွေရှိတဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲကို ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ) ခြေချမရအောင် စစ်တပ်က လေကြောင်းကနေ အနှောင့်အယှက်ပေးနေတာဖြစ်နိုင်တယ်လို့ တနိုင်း လေကြောင်း ဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး KIA ဘက်က တုံ့ပြန်လာပါတယ်။

တနိုင်းမြို့နယ်ထဲက လပူခ နဲ့ စန်လွန် ရွှေမှော်တွေကို ဇန်နဝါရီ ၁၁ရက်၊ မနက်ပိုင်းမှာ စစ်တပ်က တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံးကြဲလို့ အရပ်သား ၁၅ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။

"တနိုင်းမှာက ကေအိုင်အေ ထိန်းချုပ်ထားတာဖြစ်ပြီး သူတို့ (စစ်)တပ်တွေလည်းမရှိပါဘူး။ တိုက်ပွဲလည်း မရှိပါဘူး။ ကေအိုင်အေထိန်းချုပ်ထားတဲ့အခါမှာ သူတို့ ဝင်ငွေရ‌ပေါက်ကျဆင်းလို့ အနှောင့်ယှက်ပေးတာ ဖြစ်နိုင်ပါတယ်" လို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တနိုင်းထဲက စစ်ကောင်စီတပ်တွေဟာ ၂၀၂၄ ခုနှစ်အတွင်းက ဆုတ်ခွာသွားပြီဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တနိုင်းမြို့နယ် ရွှေမှော်တွေထဲမှာ စစ်ကောင်စီတပ်အခြေစိုက်တပ်စွဲထားတဲ့ နမ်ဗျူစခန်းအပါအဝင် စစ်ကောင်စီ အခြေချနေရာတွေကို အေအိုင်အေနဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်၊ မေလကတည်းက သိမ်းထားတာဖြစ်ပါတယ်။

တနိုင်းရွှေမှော်ကို လေကြောင်းဗုံးကြဲတာနဲ့ပတ်သတ်လို့ စစ်ကောင်စီက ပြောဆိုတာမရှိသေးသလို စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်တွေမှာလည်း ပြောဆိုတာမရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ် ထားတဲ့ သယံဇာတထွက်ရာ ဒေသတွေကို အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်လာတာကို မြင်တွေ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ ပတ္တမြားမြေ မိုးကုတ်ကို ဇန်နဝါရီ ၈ ရက်တုန်းကလည်း ဗုံး အလုံး ၂၀ ခန့် ကြဲချခဲ့ တယ်လို့ တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဆီ စက်သုံးဆီ ရောက်နေတာတွေကိုလည်း အကန့်အသတ်တွေ ပြုလုပ်ထားပြီး ကျောက်စိမ်းနဲ့ ရွှေတွင်းတွေဆီ စက်သုံးဆီရောင်းချသူ ၁၇ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၃ ရက်မှာထုတ်ပြန်ထားပါတယ်။

TNLA ဗိုလ်ချုပ်တားဘုန်းကျော် နဲ့ ဘီဘီစီအင်တာဗျူး

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်ကောင်စီနဲ့ဆွေးနွေးဖို့ အသင့်ပဲ ဆိုပြီး နိုဝင်ဘာလကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့ပေမဲ့ ဒီနောက်ပိုင်းမှာလည်း TNLA ထိန်းချုပ်ရာ ရှမ်းမြောက်က နေရာတချို့မှာ တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်ဖိအားပေးနေတဲ့ ဆွေးနွေးပွဲက တကယ်ပဲ အထမြောက်လာဖို့ရှိလာမလားနဲ့ ဘယ်အချက်တွေကို TNLA ကိုင်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှာလဲ။

အလားတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပိုင်းစလုံးမှာ TNLA ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့တွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုသဘောထားမျိုး ရှိနေလဲ။

ရှမ်းမြောက်မှာ တရုတ်ကြားဝင်မှုနဲ့ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့က အပစ်ရပ်မယ် ၊ ဆွေးနွေးမယ်ဆိုတာကို ဦးတည်နေချိန်မှာပဲ မြောက်ပိုင်းညီနောင်ထဲက အာရက္ခတပ်တော် (အေအေ) ကတော့ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ညီနောင်သုံးဖွဲ့စုဖွဲ့မှုဆိုတာက အခုလက်ရှိ ဆက်ရှိနေတယ်လို့ ပြောနိုင်လား ... စတဲ့မေးခွန်းတွေကို PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

အင်တာဗျူး အပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

လူကုန်ကူးခံရနိုင်မှုအန္တရာယ်ကို မဲဆောက်စစ်ဆေးရေးဂိတ်မှာ ထိုင်းလဝက ဘာသာစကား အမျိုးမျိုးနဲ့ သတိပေး

ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်ထဲဝင်လာတဲ့ နိုင်ငံခြားသားတွေကို မြန်မာဘက်မှာ လူကုန်ကူးခံရ နိုင်တယ်ဆိုတဲ့ အန္တရာယ်ကို ထိုင်း၊ အင်္ဂလိပ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် ဘာသာစကား တွေနဲ့ မဲဆောက်စစ်ဆေးရေးဂိတ်မှာ တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတိပေးထားပါတယ်။

ရုပ်ရှင်ရိုက်ကူးရေးကမ်းလှမ်းလို့ ထိုင်းနိုင်ငံ မဲဆောက်ကနေ မြန်မာဘက်ကို တရားမဝင် လှေနဲ့ဖြတ်ကူးခဲ့ တဲ့ တရုတ်သရုပ်ဆောင် ဝမ်ရှင်းကို မယ်ထော်သလေးဒေသထဲက လောင်းကစားရုံထဲကနေ ပြန်လည် ကယ်ထုတ်ခဲ့ရအပြီးမှာ ထိုင်းဘက်က အခုလို သတိပေးချက် ထုတ်လာတာဖြစ်ပါတယ်။

သတိပေးချက်ထဲမှာ ပြောထားတာကတော့ တရားဝင်အလုပ်အကိုင်အေဂျင်စီတွေက မဟုတ်ဘဲ နိုင်ငံခြားအလုပ် အကိုင်လုပ်မယ်ဆိုင် တရားမဝင်အလုပ်သမားအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတာနဲ့ လူကုန်ကူးခံရတဲ့သားကောင်ဖြစ်နိုင်တယ်လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် ထိုင်း - မြန်မာ နယ်စပ်ကို တရားဝင် ကူးခွင့်ရသူတွေဟာ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေပဲ ဖြစ်တာကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့တခြားနိုင်ငံသားတွေဟာ လူကုန်ကူးခံရနိုင်တဲအန္တရာယ် မြင့်တယ်လို့လည်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန ဘက်က ထောက်ပြပြောဆိုပါတယ်။

အွန်လိုင်းအလုပ်ခေါ်စာတွေကနေ ပေါ့ပေါ့ပါးပါးအလုပ်တွေကို နေစားငြိမ်း၊ လစာကောင်းကောင်းနဲ့ ခေါ်တဲ့ အလုပ်တွေလုပ်ရင် ရောင်းစားခံရနိုင်သလို ညှဥ်းပန်းနှိပ်စက်ခံရနိုင်တယ်လို့ ထိုင်းလဝကက သတိပေးပါတယ်။

ဒါ့အပြင် တချို့ဖြစ်စဉ်တွေမှာ ကိုယ်တွင်းအင်္ဂါတွေထုတ်ယူခံရနိုင်တယ်ဆိုတဲ့အထိ သတိပေး ပြောထားပါတယ်။

လက်ရှိကြေညာချက်ထုတ်ပြန်ထားတဲ့ စစ်ဆေးရေးဂိတ်ကအချက်အလက်အရ ၂၀၂၄ ခုနှစ်အတွင်း မဲဆောက်ကို နိုင်ငံခြားသား ၂ သောင်းကျော်ဝင်ရောက်ခဲ့ပြီး ဒီထဲမှာတရုတ်နိုင်ငံသားကအများဆုံးဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ တရုတ်သရုပ်ဆောင် ရောင်းစားခံရတဲ့ဖြစ်စဉ်အပြီး လူကုန်ကူးခံရခါနီး တရုတ်နိုင်ငံသားတချို့ကို ကယ်ဆယ်နိုင်ခဲ့တယ်ဆိုတာနဲ့ လူကုန်ကူးခံရနိုင်တဲ့အခြေအနေတွေကို တင်းကြပ်စစ်ဆေးနေတယ်လို့ အခုရက်ပိုင်းမှာ ခပ်စိပ်စိပ် ပြောဆိုနေတာဖြစ်ပါတယ်။

ရှမ်း-ကယားနယ်စပ်က လအိရွာ စစ်ကောင်စီလေကြောင်းဗုံးကြဲ

ရှမ်းပြည်နယ်နဲ့ ကယား(ကရင်နီ)ပြည်နယ်အစပ်က ဖယ်ခုံမြို့နယ်၊ လအိရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၂ ရက်၊ ဒီနေ့ မနက် ၁၁နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ကရင်နီစစ်ရှောင်ကူညီနေသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"လအိက ရွာပြင်မှာကျတယ်။ ဘန်ကောက်စခန်းဘက်လည်း ကျတယ် ကြားတယ်။ လေယာဥ် ဝဲနေတုန်းပဲမို့ အတိအကျတော့ သွားမကြည့်ရသေးပါဘူး"လို့ သူက ပြောပါတယ်။

လအိရွာမှာ ကရင်နီနဲ့ ရှမ်းပြည်နယ်ဘက်က စစ်ရှောင်အများအပြားနေထိုင်နေတာဖြစ်ပြီး တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲသွားတာလို့ စစ်ရှောင်ကူညီနေသူကပြောပါတယ်။

၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းကစလို့ ကရင်နီထဲမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတာ ခပ်စိပ်စိပ် လုပ်လာတာ ကြောင့် လေကြောင်းအန္တရာယ် ဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က သတိပေး ထားတာပါ။

ဖယ်ခုံမြို့နယ်ထဲက ပီကင်းကျေးရွာကိုလည်း ဇန်နဝါရီ ၃ ရက်တုန်းက စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့ပါ သေးတယ်။

၂၀၂၄ နှစ်ကုန်ကနေ ၂၀၂၅ နှစ်စပိုင်းအထိ စစ်တပ်က လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းကို ၁ ကြိမ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို ၃ ကြိမ်နဲ့ ဖယ်ခုံမြို့နယ် အနောက်ခြမ်းကို ၂ ကြိမ်လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအခြေစိုက် ကရင်နီ့အသံ(KPV) သတင်းက ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာလည်း စစ်ကောင်စီတပ်က ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၇၈၀ ကျော်လုပ်ခဲ့ပြီး အရပ်သား ၇၀၉ ဦးသေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) က ထုတ်ပြန်ပါတယ်။

ဖာပွန်-ကမမောင်းလမ်းက ကတိုင်တိစခန်းမကျအောင် စစ်တပ် ခုခံကာကွယ်နေ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဖာပွန်-ကမမောင်းလမ်းပေါ်က ကတိုင်တိစခန်း မကျရေးအောင် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတွေကြဲပြီး အပြင်းအထန်ကာကွယ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဘီဘီစီကို ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။

မနေ့က တစ်ရက်တည်း လေကြောင်းကနေ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချခဲ့တယ်လို့ သူက ပြောပါတယ်။

"ဒီမနက်လည်းဂျက်ဖိုက်တာက လေး ကြိမ် လာကြဲသွားတယ်။ Y12 (လေယာဥ်)နဲ့ ကြဲတာလည်း မရေနိုင်လောက်အောင် များတယ်"လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီလမ်းတလျှောက်က ဆင်စွယ်၊ မထော၊ ကူးဆိပ်၊ တောင်သုံးလုံးစခန်းတွေကို KNLA ပူးပေါင်းတပ်တွေက သိမ်းထားပြီးဖြစ်တာကြောင့် ကတိုင်တိစခန်းက နောက်ဆုံးကျန်တဲ့စခန်းဖြစ်ပါတယ်။

ဖာပွန်-ကမ‌မောင်းလမ်းမပေါ်က စခန်းသိမ်းတိုက်ပွဲတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ၊NUG တောင်ပိုင်းစစ်ဒေသအောက်က အမှတ် ၂ စစ် ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ Force For Federal Democracy(FFD)တို့ ပူးပေါင်း တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဖာပွန်မြို့ပေါ်မှာတော့ ပူးပေါင်းတပ်တွေက မြို့ပေါ်က စစ်‌ကောင်စီတပ်စခန်းတွေအားလုံးနီးပါးကို ထိန်းချုပ်ထားလိုက်ပြီဖြစ်ပြီး အဲဒီစခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်က ဖာပွန်ဗျူဟာမှာ သွားရောက် ပူးပေါင်းနေပါတယ်။

အဲဒီစခန်းကိုလည်း ပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ ထားတာလနဲ့ချီကြလာပြီဖြစ်ပါတယ်။

စစ်တပ်မရှိတော့တဲ့ ဖာပွန်မြို့

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပူးပေါင်းအဖွဲ့တွေက နေရာယူထားတဲ့ ဖာပွန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာမက စစ်ကောင်စီလက် အောက် ဌာနဆိုင်ရာဝန်ထမ်းတွေပါ စွန့်ခွာသွားကြပြီဖြစ်ပါတယ်။

KNU က တပ်မဟာ ၅ လို့ သတ်မှတ်ထားတဲ့ မူတြော်(ဖာပွန်)ခရိုင်ထဲက ဖာပွန်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေကို ၂၀၂၄ခုနှစ်၊ မတ် ၁၉ ရက်ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့ထားခဲ့တာပါ။

ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၃၀ ကျော် ၁ နှစ်အတွင်း သေဆုံး

နိုင်ငံရေးအကျဉ်းသား သောင်းနဲ့ချီကို ဖမ်းဆီးထိန်းသိမ်းထားတဲ့နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရတာ၊ ဆေးဝါးသွင်းခွင့် ကန့်သတ်တာကြောင့် ၂၀၂၄ တစ်နှစ်တည်းမှာ နိုင်ငံရေးအကျဥ်းသား ၃၄ ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)ရဲ့အတည်ပြုစာရင်းကဖော်ပြပါတယ်။

PPNM စဖွဲ့စည်းတဲ့ ၂၀၂၃ ခုနှစ်နဲ့ပေါင်းရင် ၅၆ ဦးရှိတယ်လို့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဘီဘီစီ ကိုပြောပါတယ်။

"မိသားစုတွေ ပေးပို့တဲ့ဆေးတွေကိုလည်း ကန့်သတ်ပိတ်ပင်တာရှိပါတယ်။ မြစ်ကြီးနား‌ထောင်မှာဆို ဆရာဝန် လက်မှတ်ပါမှ ဆေးပေးသွင်းတာမျိုးလုပ်ထားတာရှိတယ်" လို့ သူကပြောပါတယ်။

၂၀၂၅ နှစ်စမှာလည်း ပဲခူးတိုင်း၊ ဒိုက်ဦး‌‌ထောင်က နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦးဟာ ကျန်းမာရေးစောင့် ရှောက်မှုမရလို့ ဆီးကျောက်ရောဂါနဲ့ ဇန်နဝါရီ ၁၀ ရက်မှာ သေဆုံးခဲ့တယ်လို့ PPNM က ဒီနေ့ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်၊အောက်တိုဘာလထဲမှာ ဖမ်းဆီးခံရတဲ့ ကိုမျိုးမင်းဦးဟာ ‌ထောင်ကျပြီး အချိန် ၂ နှစ်ကျော်အတွင်းမှာ သေဆုံးခဲ့ရတာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ ထောင်တွင်းက နိုင်ကျဉ်းတွေအတွက် အချက် ၄ ချက်ကို အကျဉ်း ဦးစီးဌာနဆီတောင်းဆိုထားပေမဲ့ အချိန်တစ်နှစ်ကျော်ကြာတဲ့အထိ လုပ်ဆောင်ပေးတာမရှိသေးပါဘူး။

ဒီအချက်တွေကတော့ မိသားစုပေးပို့တဲ့ ဆေးအပြည့်အဝကို ထောင်ဘက်က လက်ခံဖို့၊ အကျဉ်းထောင်တွေမှာ ဆရာဝန်အင်အားအလုံအလောက်ထားရှိဖို့၊ ပြင်ပဆေးရုံမှာကုသဖို့လိုအပ်တဲ့အကျဉ်းသားတွေကို ပြင်ပထွက် ကုသခွင့်ပေးဖို့ နဲ့ ထောင်တွင်းဆေးရုံမှာဆေးအစုံအလင်ထားရှိဖို့ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

ဆီဆိုင်မှာ စစ်တပ်ကြဲတဲ့ဗုံး ထိမှန်လို့ အမျိုးသမီး ၂ ဦးသေဆုံး - PNLA

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက ဖြီကျွတ်ရွာကို စစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဗုံးထိမှန်ပြီး အမျိုးသမီး ၂ သေဆုံးခဲ့တယ်လို့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီဗုံးကြဲမှုအတွင်း နောက်ထပ် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

PNLA ကတော့ စစ်တပ်ဟာ တိုက်ခိုက်ရေးလေယာဥ်နဲ့ ၄ ကြိမ် ဗုံးကြဲခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သေဆုံးခဲ့ကြသူတွေဟာ တောင်ယာကပြန်လာတဲ့ အမျိုးသမီး ၃ ဦးထဲက သားအမိ ၂ ဦး ဖြစ်တယ်လို့လည်း ဆိုပြောပါတယ်။

အခု စစ်ကောင်စီဗုံးကြဲခဲ့တဲ့ဖြီကျွတ်ရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ပအိုဝ်းတပ်ဖွဲ့(PNLA) ကပြောပါတယ်။

ဆီဆိုင်မြို့နယ်ထဲကပဲ ထီစုံရွာကိုလည်း ဇန်နဝါရီ ၆ ရက်မှာ စစ်ကောင်စီကဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် လူနေအိမ် ၂ လုံးပျက်စီးခဲ့ကာ ဒရုန်းနဲ့လက်နက်ကြီးကြောင့် ထီစုံရွာမှာ နေအိမ် ၂၄ လုံးရှိပြီလို့ PNLA ကဆိုပါတယ်။

ဒီဇင်ဘာ ၃၁ ရက်တုန်းကလည်း စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဌာနချုပ်ကို တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဆေးပေးခန်းအပါအဝင် အဆောက်အဦ တချို့ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။