ကျောက်နီမော်ရွာမှာ ဘာဆက်ဖြစ်နေလဲ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းတောင်ဘက်စွန်းပိုင်းက ကျောက်နီမော်ရွာရဲ့ ဈေးပေါ်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဇန်နဝါရီ ၈ ရက်၊နေ့လည် ၁နာရီကျော်အချိန်မှာ လေကြောင်းဗုံးကြဲခဲ့ပါတယ်။

၄၁ ဦးသေဆုံးခဲ့ရပြီး အပြင်းအထန်ဒဏ်ရာရခဲ့တဲ့ ကလေးနဲ့အမျိုးသမီးတွေအပါအဝင် ထိခိုက်သူ ၅၂ ယောက်ကို ကုသမှုပေးဖို့တော့ ကယ်ဆယ်ရေးအဖွဲ့တွေမှာ ဆေးဝါးအခက်အခဲတွေကြုံနေရပါတယ်။

"ဆေးကုပေးရတဲ့သူအရေအတွက်လည်း ဒီထက်များလာဦးမှာ။ ဆေးဝါးတွေလည်း ပြတ်နေတယ်။ ဒါကို မရရ အောင် ကျွန်တော်တို့ ရှာပေးနေတယ်"လို့ ဒေသခံကယ်ဆယ်ရေးသမား တစ်ယောက်က ဘီဘီစီကို ပြောပါ တယ်။

မနေ့က လေကြောင်းကကြဲတဲ့ဗုံးကြောင့် အိမ်ခြေ ၅၀၀ ကျော်ကို ကူးစက်လောင်ကျွမ်းစေခဲ့တဲ့ မီးကြီးက ဝိုင်းဝန်း ငြှိမ်းသတ်ကြလို့ ညနေပိုင်းမှာ ငြိမ်းသွားပြီဖြစ်ပေမဲ့ ကျောက်နီမော်ဒေသခံတွေရဲ့ အပူတွေက မငြိမ်းသေးပါဘူး။

ကျောက်နီမော်မှာ တိုက်ပွဲမရှိဘူး လို့ အေအေပြော

ကျောက်နီမော်ရွာရှိတဲ့ ရမ်းဗြဲကျွန်းဟာ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေအစပြုရာ နေရာဖြစ်ပါတယ်။

ကျောက်ဖြူခရိုင်ထဲက ဒီကျွန်းရဲ့မြောက်ဘက်မှာ ရေနက်ဆိပ်ကမ်းအပါအဝင် စီမံကိန်းကြီးတွေရှိတဲ့ ကျောက်ဖြူ မြို့ ရှိပြီး တောင်ဘက်မှာတော့ ရမ်းဗြဲမြို့ ရှိတာပါ။

အာရက္ခတပ်တော် အေအေက ရမ်းဗြဲမြို့နယ်ကို ၂၀၂၄ခုနှစ်၊မတ် ၁၁ရက်တည်းက သိမ်းပိုက်ခဲ့တာပါ။

လက်ရှိမှာ ကျောက်နီမော်ရွာရှိတဲ့ ဒီမြို့နယ်အပါအဝင် ရခိုင်တစ်ပြည်နယ်လုံးကို စစ်တပ်က ကုန်စည်မစီးဆင်းရေး ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

''ပုသိမ်မှာ မာန်အောင်ဘက်ကလာတဲ့ စစ်ရှောင်စက်လှေတစ်စီးက ကျောက်နီမော်ဘက် ကို ကုန်ကူးတယ်လို့ သတင်းရပြီးတော့ လာပစ်တာနေမယ်"လို့ ဒေသခံတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ရမ်းဗြဲကျွန်းနဲ့ကပ်လျက် မာန်အောင်ကျွန်းက ဒေသခံတွေဟာလည်း မာန်အောင်မှာတိုက်ပွဲမရှိသေးပေမဲ့ လုံခြုံရေး စိုးရိမ်ချက်ကြောင့် တခြားတိုက်ပွဲနယ်မြေကစစ်ရှောင်တွေလိုပဲ ရေယာဉ်တွေနဲ့ ဧရာဝတီတိုင်းထဲကို ရွှေ့ပြောင်း နေထိုင်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီထောက်ခံသူတွေရဲ့တယ်လီဂရမ်ချန်နယ်မှာလည်း လေကြောင်းထိတဲ့နေရာဟာ စက်သုံးဆီသိုလှောင် တဲ့နေရာတွေဖြစ်တယ်လို့ ပြောဆိုနေကြပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

ဒေသခံကယ်ဆယ်ရေးသမားကတော့ ဒါကိုငြင်းဆိုပါတယ်။

" ကျောက်နီမော် မွတ်စလင်အသိုင်းအဝိုင်းက လယ်မြေမရှိတော့ ပင်လယ်ထဲ ငါးဖမ်းကြတယ်။ သူတို့ ငါးဖမ်းဘုတ်တွေအတွက် အိမ်တွေမှာ ဆီလှောင်ကြတယ်။ ဒါတွေကလောင်လို့ မီးက ပိုကြီးကုန်တာ"လို့ သူက ပြောပါတယ်။

အာရက္ခတပ်တော် အေအေရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ လေကြောင်းပစ်ခံရတဲ့ ကျောက်နီမော် မှာလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။

"ဘာတိုက်ပွဲမှာဖြစ်ပွားတာမရှိတဲ့နေရာမှာ အခုလိုမျိုး အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ် ဆိုတာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်" လို့ ဦးခိုင်သုကခ ပြောပါတယ်။

အာရက္ခတပ်တော် အေအေက လတ်တလောပြည်တွင်းမှာဖြစ်နေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ စစ်ရေးထက် နိုင်ငံရေးအရဆွေးနွေးဖို့အမြဲတံခါးဖွင့်ထားတယ်လို့ ဒီဇင်ဘာ ၂၉ရက်ကတည်းက ပြောဆိုထားတာပါ။

ဒါပေမဲ့ ဒီနောက်ပိုင်းမှာ ရခိုင်ပြည်နယ်ထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာ တာ ၁၁ကြိမ်ထက်မနည်းရှိတယ်လို့ ရခိုင်စစ်ရေးအရင်းအမြစ်က ဘီဘီစီကိုပြောပါတယ်။

"ပုဏ္ဏားကျွန်း၊မြေပုံ၊တောင်ကုတ်မြို့နယ်တွေကိုလည်းပစ်တယ်။ သံတွဲဆိုလည်းရက်ဆက်ပစ်သွားတာ။ စစ်တွေအစပ်နဲ့ ‌ပေါက်တောကိုလည်း လက်နက်ကြီးနဲ့လှမ်းပစ်တာရှိတယ်"လို့ သူကပြောပါတယ်။

ဒီပစ်ခတ်မှုတွေအတွင်း အရပ်သားသေဆုံးသူစုစုပေါင်း ၆၀ ကျော်ပြီလို့လည်း စစ်ရေးအရင်းအမြစ်ကဆိုပါတယ်။

မနေ့က လူ ၄၀ကျော် သေဆုံးခဲ့တဲ့ လေကြောင်းဗုံးထိမှန်ရာ ကျောက်နီမော်တောင်ရပ်ကွက်ဟာ မွတ်စလင်လူမျိုး တွေအများစုနေထိုင်တဲ့ နေရာဖြစ်တယ်လို့ အေအေပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ကလည်း သေဆုံးထိခိုက်သူအများစုဟာ ကျောက်နီမော်နေ မွတ်စလင်ဖြစ်တယ်လို့ ဇန်နဝါရီ ၁၀ ရက်မှာအတည်ပြုပြောလာပါတယ်။

"အလောင်းတောင်ကောက်မရတဲ့အခြေနေရှိတယ်။ ဗုံးဂျိမ်းကနဲ ကျပြီး အကုန်ပေါက်ကွဲမီး လောင်ပြီး ပြေးမရလို့သေကြတာ" လို့ ပြောပါတယ်။

သူတို့အဖွဲ့ကရိုက်ယူထားတဲ့ ဓာတ်ပုံတွေမှာလည်း သေဆုံးသူတချို့ဟာ မီးကျွမ်းနေပြီး ဘယ်သူ ဘယ်ဝါဆိုတာ ခွဲခြားလို့တောင်မရတော့တဲ့ အနေအထားကိုတွေ့ရပါတယ်။​

မနေ့က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲခံရအပြီး ဒေသခံတွေရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ သစ်သား နေအိမ် တွေကို ပူးကပ်ဆောက်လုပ်ထားတဲ့ရပ်ကွက်ဖြစ်တာကြောင့် မီးကူးလွယ်ပြီး အိမ်ရာနဲ့ချီ ပျက်စီးခဲ့တာပါ။

"အိမ်တွေက ပူးကပ်လွန်းတော့ မီးကငြှိမ်းလို့မရဘူး။ မီးကူးတာဖြတ်ဖို့ အိမ်တွေဖြိုပြီးအဆက်ဖြတ်တဲ့နေရာ ရောက်မှငြိမ်းသွားတာ။ နာရီနဲ့ချီလောင်ခဲ့တယ်"လို့ ဒေသခံကယ်ဆယ်ရေးသမားက ဘီဘီစီကိုပြောပါတယ်။

လတ်တလောမှာ လေကြောင်းအန္တရာယ်ကြောင့် ကျောက်နီမော်ဒေသခံတွေ စုဝေးနေတဲ့နေရာကို မပြောခဲ့ပေမဲ့ အိမ်တွေမီးထဲပါကုန်တဲ့ ပြည်သူတွေလည်းအခက်အခဲတွေဖြစ်နေတယ်လို့ သူကပြောပါတယ်။

သေဆုံးသူတွေကို ရက်မကူးဘဲ သင်္ဂြိုဟ်

ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ထားတဲ့ ကျောက်နီမော်ရွာက လေကြောင်းဗုံးထိမှန်သေဆုံးထိခိုက်သူတွေရဲ့ မိသားစုဝင်တွေနဲ့ တိုက်ရိုက်စကားပြောခွင့်ရဖို့ ဘီဘီစီကကြိုးစားခဲ့ပေမဲ့ ဆောင်းပါးထုတ်တဲ့အချိန်အထိ အဆက်အသွယ်မရခဲ့ပါဘူး။

ဒေသခံကယ်ဆယ်ရေးသမားရဲ့ ပြောပြချက်အရတော့ သေဆုံးသွားသူ ၄၀ ကျော်ကို ဒီနေ့ သင်္ဂြိုလ်မယ်လို့ သိရပါ တယ်။

"သေဆုံးသူတွေကို ဒီနေ့သင်္ဂြိုလ်မှာပါ။ အများစုက ကျောက်နီမော်နယ်ခံပါပဲ။ တောင်ကုတ်ကနေစစ်ရှောင်လာသူတွေလည်းရှိတော့ သူတို့လည်းပါနိုင်ပါတယ်" လို့ သူက ပြောပါတယ်။

၂၀၂၄ခုနှစ်၊နိုဝင်ဘာလအတွင်း အေအေကထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ တောင်ကုတ်၊အမ်းနဲ့ကျောက်ဖြူမြို့နယ်ထဲက စစ်ရှောင်တစ်သောင်းဝန်းကျင်ဟာ နေရပ်မပြန်နိုင်သေးဘဲ ရမ်းဗြဲဘက်မှာ စစ်ရှောင်နေထိုင်နေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကြောင့် ခံစားနေရတဲ့ ရိုဟင်ဂျာတွေအပါအဝင် လူ့အဖွဲ့အစည်းအားလုံး အတွက် စိုးရိမ်ပူပန်တယ်လို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဥရောပသမဂ္ဂ(အီးယူ)နဲ့ နိုင်ငံ ၉ နိုင်ငံက ပူးတွဲပြောဆိုထားတာပါ။

နိုင်ငံတကာကလည်း ရိုဟင်ဂျာတွေကိုအကာအကွယ်ပေးဖို့တိုက်တွန်းပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တယ်လို့ မကြာခဏပြောဆိုနေပေမဲ့ တစ်ဖက် မှာလည်း တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိတဲ့ နေရာတွေကို လေကြောင်းကနေ ဖိအားပေးတိုက်ခိုက်တာတွေလုပ်နေဆဲဖြစ်ပါတယ်။

ကျောက်နီမော်ရွာကို လေကြောင်းကနေ ဗုံးကြဲတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်လာတာမရှိသေးပါဘူး။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်အောင် လေယာဉ်ဆီတင်ပို့တာ၊တိုက်လေယာဉ်နဲ့အစိတ်အပိုင်း တွေရောင်းချတာမလုပ်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုနေသလို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ မှုတွေချမှတ်နေပေမဲ့ ဟာကွက်တွေရှိနေဆဲပဲလို့ လေယာဉ်ဆီဖြတ်တောက်ရေးလှုပ်ရှားနေသူတွေကထောက်ပြပြောဆိုကြပါတယ်။

"ထိခိုက်ဒဏ်ရာရတဲ့သူအများကြီးကို ကူညီနေပေမဲ့ ကျွန်တော်တို့လည်းစိုးရိမ်နေရတဲ့အနေအထားပါ။ လေကြောင်းလာထပ်ပစ်မှာလည်းအားလုံးကကြောက်နေရတဲ့အနေအထားပါ"လို့ ဒေသခံကယ်ဆယ်ရေးသမား ကပြောပါတယ်။