ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သူလျှိုသံသယနဲ့ ဖမ်းဆီးခံရတဲ့ သြစတြေးလျနိုင်ငံသား ရန်ဟန်းဂျွန်ရဲ့ ဆိုင်းငံ့သေဒဏ်ချမှတ်
သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ တရုတ်နိုင်ငံမှာ အဖမ်းဆီးခံနေရတဲ့ တရုတ်နွယ်ဖွား သြစတြေးလျနိုင်ငံသား ရန်ဟန်းဂျွန်ကို ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်မှာ တရုတ်အစိုးရတရားရုံးက ဆိုင်းငံ့သေဒဏ်အမိန့် ချမှတ်လိုက်ပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလကတည်းက ဘေဂျင်းမှာ အဖမ်းခံခဲ့ရတဲ့ အသက် ၅၇ နှစ်ရှိ ဒီမိုကရေစီရေး ဘလော့ဂါ ရန်ဟန်းဂျွန်ကို ဖမ်းဆီးထားတာ ၅ နှစ်ရှိလာချိန်မှာ အခုလို ဆိုင်းငံ့သေဒဏ်အမိန့်ချလိုက်တာဖြစ်ပါတယ်။
သြစတေးလျအာဏာပိုင်တွေကတော့ “ ဒေါက်တာရန်အနေနဲ့ နှစ်နှစ်တာကာလအတွင်း ကြီးလေးတဲ့ ရာဇ၀တ်မှုတစ်ခုမျှ မကျူးလွန်ရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကိုပြောင်းလဲချမှတ်ခံရနိုင်တယ်'' လို့ ပြောပါတယ်။
ဒေါက်တာရန်ကတော့ သူ့အပေါ် တရုတ်အစိုးရရဲ့ စွဲဆိုချက်တွေကို ငြင်းဆိုထားပါတယ်။ ဒေါက်တာရန်ဟာ တရုတ်ရေးရာအကြောင်း ဘလော့ဂ်ရေးတဲ့ ပညာရှင်နဲ့ ဝတ္ထုရေးဆရာအဖြစ်လူသိများထင်ရှားပါတယ်။
သြစတေးလျအစိုးရကတော့ သူလွတ်မြောက်ရေးအတွက် ကာလရှည်ကြာ အသနားခံခဲ့ပြီး အခုအမိန့်အတွက်တုန်လှုပ်မိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Penny Wong က ပြောပါတယ်။
"သြစတေးလျနိုင်ငံသားအားလုံး ရဲ့ သဘောထားကလည်း ဒေါက်တာရန်နဲ့ သူ့မိသားစုပြန်ဆုံတွေ့တာကိုလိုချင်ပါတယ်။ ဒီအတွက်သြစတေးလျရဲ့ လုပ်ဆောင်မှုတွေကို အလျှော့မပေးပါဘူး။"
"နိုင်ငံတကာ စံနှုန်းတွေနဲ့ တရုတ်နိုင်ငံရဲ့ ဥပဒေဆိုင်ရာနဲ့ အညီ ဒေါက်တာရန်အတွက် တရားမျှတမှု၊ လုပ်ထုံးလုပ်နည်း တရားမျှတမှုနဲ့ လူသားဆန်မှုအခြေခံစံနှုန်းတွေကို တောက်လျှောက်တောင်းဆိုခဲ့ပါတယ်" လို့ Penny Wong ကပြောပါတယ်။
ဒေါက်တာရန်ဟာ ၂၀၀၀ခုနှစ် အစောပိုင်းမှာ သြစတေးလျကို ပြောင်းရွှေ့အခြေချသူဖြစ်ပြီး တရုတ်အာဏာပိုင်တွေကို သူ့စာတွေကတဆင့် ဝေဖန်ပြောဆိုမှုတွေကြောင့် တရုတ်အာဏာပိုင်တွေရဲ့ ပစ်မှတ်ထားခံရပြီး ဇန်နဝါရီလ တရုတ်ကို ခဏပြန်သွားချိန်မှာ ကြားဖြတ်ဖမ်းဆီးခံခဲ့ရပြီး သူလျှိုလုပ်တယ်လို့ စွပ်စွဲခံထားရတာပါ။
သူ့ရဲ့ အမှုကို ၂၀၂၁ ခုနှစ်မှာ လျှို့ဝှက်ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ၃ နှစ်အကြာမှာ အခုလို ဆိုင်းငံ့သေဒဏ်အမိန့်ဖြစ်လာတာပါ။
သြစတြေးလျ တာဝန်ရှိသူတွေက ဒေါက်တာရန်အတွက် စိုးရိမ်ပူပန်မှုတွေရှိခဲ့ပြီးတောက်လျှောက်ကူညီဖို့ကြိုးစားခဲ့ပေမဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သြစတေးလျက ဝင်ရောက်စွက်ဖက်တာ မပြုဖို့နဲ့ နိုင်ငံရဲ့ "တရားစီရင်ရေး အချုပ်အခြာအာဏာ" ကို လေးစားလိုက်နာဖို့ သတိပေးခဲ့ပါတယ်။
ဒေါက်တာရန်ဟာ အကျဉ်းထောင်မှာ “စစ်ကြောမေးမြန်းမှု ၃၀၀ ကျော်” နဲ့ “ခြောက်လကြာ ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှု” ကို ခံခဲ့ရတယ်လို့ မိသားစုဝင်တစ်ဦးကပြောထားပါတယ်။
ဒေါက်တာရန် ရဲ့ ဇနီးသည် ရန်ရူဂျန်း ကိုလည်း သြစတေးလျအစိုးရက သြစတေးလျမှာ တရားဝင်နေထိုင်ခွင့်ပေးခဲ့တာဖြစ်ပေမယ့် တရုတ်အစိုးရက သူ့ဇနီးကို တရုတ်ပြည်ကနေထွက်ခွါခွင့်မပေးခဲ့ပါဘူး။