ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာတာ မှာ သေဒဏ်ချခံထားရတဲ့ အိန္ဒိယရေတပ်အရာရှိဟောင်း ၈ ဦးကို သံအမတ်က ကြိုးတိုက်မှာသွားတွေ့
အတိအကျဖော်ပြမထားတဲ့စွဲချက်တွေနဲ့ ကာတာမှာ သေဒဏ်ချမှတ်ခံထားရတဲ့ အိန္ဒိယ ရေတပ်အရာရှိဟောင်း ရှစ်ဦးကို ကာတာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက အကျဥ်းထောင်ကြိုးတိုက်ထဲမှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သံအမတ်ကြီးဟာ အကျဥ်းသားတွေကို ဒီဇင်ဘာ ၃ ရက်က သွားတွေ့ခဲ့တာလို့ ဆိုပါတယ်။
အခုစီရင်ချက်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း အိန္ဒိယဘက်ကတင်သွင်းတဲ့ အယူခံကို နှစ်ကြိမ်ကြားနာခဲ့ပြီး ဖြစ်ပြီး မကြာခင်မှာ ကာတာတရားရုံးဘက်က တတိယအကြိမ် ကြားနာမှုရှိလာမယ်လို့ ဖြည့်စွက်ပြောပါတယ်။
ကာတာတရားရုံးက အဲဒီအိန္ဒိယ အမျိုးသားတွေ ကို အခုနှစ် အောက်တိုဘာလမှာ သေဒဏ်ချမှတ်ခဲ့တာပါ။
အိန္ဒိယကတော့ အဲဒီအမိန့်ကြောင့် “အလွန်တုန်လှုပ်သွားရတယ်” လို့ဆိုပြီး နိုင်ငံသားတွေအတွက် တရားဥပဒေအရ လုပ်နိုင်တဲ့ အခြေအနေအားလုံး လုပ်သွားမယ်လို့ ဆိုပါတယ်။
တရားရုံးရဲ့ အမိန့်ကို နှစ်နိုင်ငံလုံးက တရားဝင်လူသိရှင်ကြားထုတ်ဖော်မပြောသေးသလို အဲဒီပြစ်ဒဏ်ချမှတ်ခံရတဲ့ အိန္ဒိယ အမျိုးသားတွေရဲ့ စွဲချက်တွေကိုလည်း မသိရပါဘူး။
The Financial Times ကတော့ ဒီအမျိုးသားတွေဟာ အစ္စရေးအတွက် သူလျှိုလုပ်မှုနဲ့ တရားစွဲခံထားရတယ်လို့ အမည်မဖော်လိုသူ တစ်ဦးကို ကိုးကားပြီး သတင်းဖော်ပြခဲ့ပါတယ်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒန်ဘတ်ချီ ကတော့ တရားရုံးအမိန့်ကို လျှို့ဝှက်ထားပြီး ဥပဒေအဖွဲ့နဲ့ သာ မျှဝေထားတယ်လို့ ကြာသပတေးနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အမှုရဲ့ ထိလွယ်ရှလွယ်အခြေအနေကြောင့် ပြည်သူတွေက "ထင်ကြေးပေးပြောဆိုတာတွေမလုပ်ဖို့ " ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။
သံအမတ်ဖြစ်သူ အကျဥ်းသားတွေဆီကို မသွားခင် ၂ ရက်မှာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီ ဟာ ဒူဘိုင်းမှာ ကျင်းပနေတဲ့ COP28 ထိပ်သီးအစည်းအဝေးမှာ ကာတာဘုရင် Sheikh Tamim bin Hamad Al Thani နဲ့ တွေ့ဆုံခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ ကာတာရှိ အိန္ဒိယအသိုက်အဝန်းရဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ မစ္စတာ မိုဒီက X (အရင်တွစ်တာ) မှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယအစိုးရကတော့ ဒီရှစ်ဦးဟာ Al Dahra လို့ခေါ်တဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ ပြောပေမဲ့ သူတို့ဟာ အိန္ဒိယရေတပ်ရဲ့ အမှုထမ်းဟောင်းတွေဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်နေတာပါ။
ပြီးခဲ့သည့်နှစ်က လွှတ်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက သူတို့ကို နိုင်ငံရဲ့ "၀န်ထမ်းဟောင်း" အဖြစ် ဖော်ပြဖြေကြားခဲ့တာပါ။
အမျိုးသားအချို့ရဲ့ မိသားစုတွေကလည်း ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတို့ရဲ့ အထောက်အထားနဲ့ နောက်ခံသမိုင်းကြောင်းတွေကို ဒေသတွင်းမီဒီယာတွေကို အတည်ပြုခဲ့ပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက သူတို့ဖမ်းဆီးခံရမှုကို အိန္ဒိယသတင်းစာတွေရဲ့ ရှေ့စာမျက်နှာ ခေါင်းကြီးပိုင်းတွေမှာဖော်ပြခဲ့ပေမဲ့ သူတို့နဲ့ ပတ်သက်ပြီး အတည်ပြုနိုင်တဲ့ အချက်အလက် အနည်းငယ်သာ ရှိခဲ့ပါတယ်။
ကာတာမှာ အိန္ဒိယလူမျိုး ၇ သိန်း ကျော် နေထိုင်ကြပြီး နှစ်နိုင်ငံကလည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ ဒီအမှုရဲ့ ရလဒ်ကို အနီးကပ်စောင့်ကြည့်နေပြီး အချို့ကလည်း အိန္ဒိယရဲ့ သံတမန်ရေးစွမ်းရည်အတွက် စမ်းသပ်မှုလို့ မှတ်ချက်ပြုကြပါတယ်။
The Hindu သတင်းစာရဲ့ အဆိုအရ အဲဒီအမျိုးသားတွေဟာ '' ထိလွယ်ရှလွယ်အကဲဆတ်တဲ့လျှို့ဝှက်ချက်တွေကို ဖောက်ဖျက်တယ်လို့ စွပ်စွဲခံထားရပေမဲ့ ဘယ်အစိုးရမှ အတည်ပြုထားတာမရှိပါဘူး။ ဘီဘီစီအနေနဲ့ သူတို့ရဲ့ စွပ်စွဲခံရမှုတွေကို သီးခြားအတည်မပြုနိုင်သေးသလို ကာတာသံရုံးကိုလည်း ဆက်သွယ်မေးမြန်းထားပါတယ်။
မနှစ် ဒီဇင်ဘာလတုန်းက လွှတ်တော်မှာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျိုင်ရှန်ကာက"အလွန်အကဲဆတ်တဲ့ဒီကိစ္စ" နဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကာတာကြား အဆက်မပြတ် ဆက်သွယ်နေတယ်လို့ လွှတ်တော်ကိုပြောခဲ့ပါတယ်။
"အဓိကက သူတို့ ရှင်သန်လွတ်မြောက်ရေးပါပဲ။ သံတမန်တွေနဲ့ အကြီးတန်းအရာရှိတွေက ကာတာအစိုးရနဲ့ အဆက်မပြတ် ထိတွေ့ဆက်ဆံနေပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ဦးစားပေးဖြစ်ကြောင်း အာမခံပါတယ်" လို့ မစ္စတာဂျိုင်ရှန်ကာက ပြောခဲ့တာပါ။