ပါကစ္စတန် ရွေးကောက်ပွဲ အပြတ်အသတ် အနိုင်ရတာ မရှိသေး - ဖေဖော်ဝါရီ ၁၀ ရက် နိုင်ငံတကာ သတင်းများ

ပါကစ္စတန် နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့တဲ့ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပါကစ္စတန် တပ်မတော် အကြီးအကဲက ထုတ်ဖော်ပြောကြားပါတယ်။
ဒါပေမဲ့လည်း သူရေးသားပြီး နိုင်ငံပိုင် သတင်းဌာတွေက ပြောဆိုတဲ့ ထုတ်ပြန်ချက်ထဲမှာ ပါကစ္စတန် အနေနဲ့ နိုင်ငံရေး တည်ငြိမ်ဖို့အတွက် ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ထပ်လောင်း ပြောဆိုပါတယ်။
လက်ရှိ အချိန်မှာ ရွေးကောက်ပွဲ အနိုင်ရရှိတဲ့ ကိုယ်စားလှယ် အတော်များများရဲ့ စာရင်းကို ကြေညာခဲ့ပြီးလည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ တစ်ခုခုက အပြတ်အသတ် အနိုင်ရရှိတာမျိုးတော့ မရှိသေးပါဘူး။
ရွေးကောက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ မကျေနပ်သူတွေလည်း ရှိနေပါတယ်။
ထောင်ဒဏ်ကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင် အီမရန် ခန်းက ထောက်ခံအားပေးနေတဲ့ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်တွေ အများစု အနိုင်ရရှိထားတယ်လို့ ဆိုပါတယ်။
ပါကစ္စတန် စစ်တပ် ဘက်ကတော့ ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ် ရှာရဇ် ရဲ့ ပါတီကို ထောက်ခံမှုပေးတယ်လို့ ဘီဘီစီ အနေနဲ့ နားလည်ရပါတယ်။
လက်ရှိ အချိန်မှာ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ကိုယ်စားလှယ် တချို့ဟာ ညွှန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး အတွက် ဆွေးနွေးမှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ အကြိုစည်းရုံးရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်ဒိုနီးရှား နိုင်ငံ၊ မြို့တော် ဂျာကတာမှာ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ အကြို မဲဆွယ် စည်းရုံးပွဲတွေကို သောင်းနဲ့ချီတဲ့ လူတွေ တက်ရောက်ခဲ့ကြပါတယ်။
လက်ရှိမှာ သမ္မတ ဖြစ်ဖို့ ရေပန်းစားနေတဲ့ ပရာဘိုဝို ဆူဗီယန်တိုဟာ သူ့ကို ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ အရင်တုန်းက လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ ရှိခဲ့ပေမဲ့လည်း အခုရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရေပန်းစားနေတာပါ။
ဂျာကာတာ မြို့တော်ဝန်ဟောင်း အန်းနစ် ဘတ်စ်ဝမ်ဒန် ကလည်း အခုရွေးကောက်ပွဲမှာ သမ္မတလောင်း အဖြစ် ယှဉ်ပြိုင် အရွေးခံနေပြီး၊ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးပွဲကို ဒီကနေ့မှာပဲ လုပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ သမ္မတ ဂျိုကို ၀ီဒိုဒို အနေနဲ့ အင်ဒိုနီးရှား လူထုကြားမှာ ရေပန်းစားနေဆဲ ဖြစ်ပေမဲ့လည်း သမ္မတ သက်တမ်း ၂ကြိမ် တာဝန်ထမ်းဆောင်ပြီး ဖြစ်တာကြောင့် အခြေခံဥပဒေ ပြဌာန်းချက်ကြေင့် ထပ်မံ ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး။
ရုရှားရဲ့ ဒရုန်း တိုက်ခိုက်မှု ၇ ယောက်ထက်မနည်း သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်း ထဲကို ရုရှား က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဟာကိဗ် မြို့မှာ လူ ၇ ယောက်ထက် မနည်း သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ ကလေး၃ ယောက်ပါဝင်ပြီး တစ်ယောက်ဟာ ၆ လ သား အရွယ်လေးပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ ဒရုန်းတွေဟာ ဆီသိုလောင်ထားတဲ့ နေရာတွေကို တိုက်ရိုက် ထိမှန်ခဲ့တာကြောင့် ပေါက်ကွဲမှု ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်း ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပေါက်ကွဲမှုတွေကြောင့် နေအိမ် ၁၅ လုံး ပျက်စီးခဲ့ရသလို၊ ရာနဲ့ချီတဲ့ လူတွေကို အရေးပေါ် နေရာပြောင်းရွှေ့ပေးခဲ့ရကြောင်း ယူကရိန်း တာဝန်ရှိသူတွေက ပြောကြားနေပါတယ်။
ဂါဇာထဲက ၆ နှစ်အရွယ် မိန်းကလေးငယ်ရဲ့ အလောင်းသာပြန်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာထဲကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်လုပ်ခဲ့တဲ့ ပြီးခဲ့တဲ့လမှာ ပျောက်ဆုံးနေတဲ့ အသက် ၆ နှစ်အရွယ် မိန်းကလေးကို သေဆုံးလျှက်သား ပြန်တွေ့ ရတယ်လို့ အဖိုးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။
ဟိုင်း ရာဂျပ်လို့ ခေါ်တဲ့ မိန်းကလေးငယ်ကို ပြီးခဲ့တဲ့ နှစ်ပတ်လောက်တုန်းက ကားထဲမှာ ပိတ်မိနေပြီး သေဆုံးနေတဲ့ တခြားဆွေမျိုးတွေနဲ့ အတူ နောက်ဆုံး တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ပစ်ခတ် တိုက်ခိုက်မှုတွေ အတွင်းမှာ ကယ်ပါယူပါ တဆာဆာနဲ့ အော်နေတဲ့ သူ့အသံဖိုင် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ ပါလက်စတိုင်း လခြမ်းနီ အဖွဲ့က ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း အဲဒီကယ်ဆယ်ရေး အဖွဲ့ဝင်တွေပါ သေဆုံးသွားခဲ့တယ်လို့ လခြမ်းနီ အဖွဲ့က ပြောပါတယ်။








