ရခိုင်က နိုင်ငံတကာ အကူညီပေးရေးလုပ်ငန်းတွေကို စစ်ကောင်စီက ရပ်ဖို့ညွှန်ကြား

ဓာတ်ပုံ ရင်းမြစ်, UNHCR
စစ်ရေးပြင်းထန်မှုတွေရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေနဲ့ ဝေးလံ ခေါင်ဖျားတဲ့ ဒေသတွေမှာ နေထိုင်နေသူတွေအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက ကူညီထောက်ပံ့ပေးနေတာတွေကို လုံးဝရပ်တန့်ရမယ်လို့ စစ်ကောင်စီက အခုလအတွင်းမှာ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို အဓိက မှီခိုနေကြရတဲ့ ဒုက္ခသည်တွေအတွက် အဆိုးရွားဆုံး အခြေအနေကို ကြုံလာရနိုင်တယ်လို့ ပြောဆိုကြပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့ကနေ စစ်ကောင်စီဘက်က အခုလို ညွှန်ကြားထားတာလို့ ရခိုင်ပြည်နယ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို အတည်ပြုပြောပြပါတယ်။
အဲဒီ NGO,INGO အဖွဲ့တွေဟာ ရခိုင်ပြည်နယ်အတွင်းက လိုအပ်ချက်တွေရှိနေတဲ့ စစ်ဘေးရှောင်တွေ၊ မွတ်ဆလင် ဒုက္ခသည်တွေနဲ့ ဝေးလံခေါင်ဖျား ဒေသတွေမှာ နေထိုင်နေကြသူတွေကို ဆန်အပါအဝင် စားနပ်ရိက္ခာ၊ အသုံးအဆောင် ပစ္စည်းတွေနဲ့ ဆေးဝါး ပစ္စည်းတွေကို လစဉ်ပုံမှန်ထောက်ပံ့ကူညီပေးနေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP
ဘယ်လိုအခြေနေပဲရောက်ရောက် စစ်ကောင်စီဟာ လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ အကူအညီပေးတဲ့လုပ်ငန်းစဉ်တွေကို တားမြစ်ဖို့ မသင့်ဘူးလို့ ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝိုင်းက ထောက်ပြပြောဆိုမှုတွေ ရှိနေပါတယ်။
"ယူအန်ရယ်၊ အိုင်အန်ဂျီအိုရယ်၊အန်ဂျီအိုရယ်၊ အဲဒီအဖွဲ့စည်းတွေရဲ့ ရုံးတွေကို အော်ပရေးရှင်းမလုပ်ဘဲ ပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ ကြားတယ်၊ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် လူတွေရဲ့အသက်ရှင်ရေးအတွက် ကူညီထောက်ပံ့နေသူတွေကိုတော့ လမ်းကြောင်းဖွင့်ပေးဖို့ လိုတယ်၊ လူသားချင်းစာနာတဲ့အနေနဲ့ ပိတ်ထားလို့တော့ မရဘူး" လို့ ဘူးသီးတောင်မြို့နယ်က မွတ်ဆလင်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
အခုလို ထောက်ပံ့ကူညီမှုတွေ ဆက်မလုပ်ဖို့ စစ်ကောင်စီက တားမြစ်ထားတဲ့မြို့နယ်တွေကတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေဖြစ်ပါတယ်။ ဒါက စစ်တွေကလွဲရင် ရခိုင်ပြည်နယ်ထဲက ကျန်တဲ့မြို့နယ်အားလုံးကို ကန့်သတ်လိုက်တာလို့လည်း ဆိုကြပါတယ်။

အဲဒီမြို့နယ်တွေ အားလုံးမှာလည်း ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၂ သိန်းလောက်နဲ့ မွတ်ဆလင်ဒုက္ခသည် အများအပြားလည်း ရှိနေတာပါ။ သူတို့ကလည်း အစိုးရရဲ့အကူညီတွေကို မရရှိတာ နှစ်နဲ့ချီပြီး ကြာမြင့်နေလို့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေကိုပဲ မှီခိုနေကြရသူတွေဖြစ်ပါတယ်။
ထောက်ပံ့ကူညီမှုတွေကို ရပ်နားလိုက်လို့ရှိရင် အခုလအတွင်းမှာပဲ အဆိုးဆုံးအခြေအနေကို ရောက်သွားနိုင်တယ်လို့ မြောက်ဦးက တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောပါတယ်။
"ဒါကို အားကိုးပြီး စစ်ရှောင်တွေက စားနေရတာ၊ အခုလကုန်လို့မှ ရိက္ခာမရောက်ရင် ဒုက္ခအကြီးအကျယ်ရောက်နိုင်ပါတယ်"လို့ သူကပြောပါတယ်။
စစ်တွေမြို့နယ်အတွင်းမှာရှိနေတဲ့ မွတ်ဆလင်နဲ့ ရခိုင်စစ်ဘေးရှောင်တွေ အခုလိုကန့်သတ်မှုကို တရားဝင် ပြောဆိုတာတာမျိုးမရှိပေမယ့် ကူညီပေးနေတာတွေကို တားမြစ်လာနိုင်တဲ့အခြေအနေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
လတ်တလောမှာလည်း နိုင်ငံရေးအခြေအနေတွေကြောင့် တစ်ပြည်လုံး အတိုင်းအတာမှာ ကုန်ဈေးနှုန်း မြင့်မားမှုတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ ကြုံနေကြရတဲ့အချိန်လည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ ရခိုင်ပြည်နယ်ဘက်ကို တင်ပို့တဲ့ကုန်စည်တွေကို စစ်ကောင်စီကနေ ကန့်သတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားခဲ့တယ်လို့ လုပ်ငန်းရှင်တွေဘက်က ပြောကြပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းတွေအပြင် စားအုန်းဆီလို စားသုံးကုန်စည်တွေထိ ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးရဲ့ ခွင့်ပြုချက်ရရှိမှ သယ်ယူနေကြရတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်နယ်တွင်း စစ်ရေးပြင်းထန်မှုတွေ ရှိလာနေတဲ့အခုခါမှာတော့ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်မားမှုတွေကြောင့် အရောင်းအဝယ်လုပ်ငန်းတွေမှာလည်း သိသိသာသာကျဆင်းသွား တဲ့အခြေအနေလို့ ဆောက်လုပ်ရေးပစ္စည်းရောင်း ဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ရခိုင်လူထုရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ကျေးလက်နေပြည်သူတွေ ဖြစ်ကြပြီး နိုင်ငံရေးစစ်ရေးအခြေ အနေတွေကြောင့် ဆင်းရဲမွဲတေမှုပမာဏ မြင့်မားလာနေသလို လက်ရှိမှာလည်း ဒေသတွင်းစစ်ရေးအခြေ အနေတွေ ပြန်လည် ပြင်းထန်လာနေတာကြောင့် ပြည်သူတွေအပေါ် ပိုပြီး ထိခိုက်မှုတွေ ရှိလာ နေတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။








