ရခိုင်စစ်ရှောင်စခန်းတွေကို ရိက္ခာပို့ဖို့ အခက်ခဲရှိလို့ ICRC ထောက်ပံ့မှုရပ်နား

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကို ရိက္ခာပစ္စည်းတွေပို့ဆောင်ဖို့ အခက်အခဲရှိနေတဲ့အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC က ပုံမှန်ထောက်ပံ့နေတဲ့ ရိက္ခာပစ္စည်းတွေကို အခုလကစပြီး ထောက်ပံ့ပေးမှု ရပ်နားထားမယ်လို့ သိရပါတယ်။
ရိက္ခာထောက်ပံ့မှုရပ်နားမယ့်ကိစ္စနဲ့ပတ်သက်လို့ ဩဂုတ်လ ၁၁ ရက်နေ့က စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေကို ဖုန်းဆက်ပြီး အကြောင်းကြားလာ တယ်လို့ မြောက်ဦးမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ရိက္ခာထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပြည်နယ်အစိုးရဆီမှာ နှစ်ပတ်ကြိုတင်ပြီးတော့ ခွင့်ပြုချက်ထောင်းခံထားရပြီး အခုလ အတွင်း အဲဒီ ခွင့်ပြုချက်မရရှိတာကြောင့် ရိက္ခာထောက်ပံ့ပေးနိုင်တော့မှာမဟုတ်ဘူးလို့ ICRC က အကြောင်းကြားလာကြောင်း တိမ်ညိုစခန်းတာဝန်ခံ ဦးစိုးနိုင်ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC တို့က အဓိကထောက်ပံ့ပေးနေတာဖြစ်ပြီး ဒီကူညီထောက်ပံ့မှုတွေကို မရနိုင်တော့ရင် စစ်ဘေးရှောင်တွေအတွက် အကျပ်အတည်းနဲ့ ရင်ဆိုင်ရနိုင် ခြေရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ရိက္ခာပုံမှန်ထောက်ပံ့မှုတွေကိုရပ်နားလိုက်တာဟာ လက်ရှိရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကနေ ထောက်ပံ့မှုနဲ့ ပတ်သက်လို့ စည်းကမ်းချက်တွေအသစ်ထုတ်ပြန် လိုက်တဲ့အတွက် အခုလိုရပ်တန့်သွားရတာဖြစ်တယ်လို့ သိရကြောင်း မြတန်ဆောင်းဆရာတော်က မိန့်ကြားပါတယ်။
ရခိုင်ပြည်နယ်အတွင်း တတိယအကြီးဆုံး စစ်ဘေးရှောင်စခန်းဖြစ်တဲ့ စင်းဘောကိုင်းစခန်းကို အိုင်စီအာစီက တစ်လကို ဆန်အိတ် ၇၀၀ နဲ့ တခြား စားသောက်ကုန် ၆ မျိုးတို့ကို ပုံမှန်ထောက်ပံ့ပေးနေတာပါ။
ဒါပေမဲ့ ပြည်နယ်စီမံအုပ်ချုပ်မှုကောင်စီရဲ့ စည်းကမ်းချက်တချို့ကြောင့် ဩဂုတ်လ ၄ ရက်နေ့မှာ ဆန်အိတ် ၂၀၀ နဲ့ တခြားရိက္ခာအချို့သာ ရောက်ရှိလာခဲ့ပြီးနောက် နောက်ထပ်ထောက်ပံ့မှုတွေကို လုံးဝရပ်နားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
"အစိုးရဘက်က အလုပ်လုပ်လို့မရလောက်အောင်ထိ စည်းကမ်းချက်တွေတင်းကျပ်လာတယ်လို့ပြောတယ်။ ဩဂုတ်လ ၄ ရက်နေ့က စင်းဘောကိုင်း စခန်းကို ရိက္ခာပို့တယ်။ ရိက္ခာပို့တဲ့အခါမှာ ကားနှစ်စီးပဲရောက်တယ်။ ပုံမှန်ဆိုလို့ရှိရင် ၈ စီးလာတယ်။ ဘာကြောင့်လဲမေးတော့ ကျောက်တန်းဂိတ်မှာ ရပ်ခိုင်းထားပြီး ညနေပိုင်းမှာပြန်ခိုင်းလိုက်တယ်လို့ သိရတယ်။ အဲ့ဒီနေ့နောက်ပိုင်းမှာ အစိုးရဘက်က စည်းကမ်းချက်တွေတင်းကျပ် လိုက်တယ် လို့သိရတယ်။ သူတို့အနေနဲ့လည်း အစိုးရနဲ့ညှိနှိုင်းမှုအဆင်မပြေသရွေ့ ရိက္ခာထောက်ပံ့မှုကိုရပ်ထားမယ်လို့ အကြောင်းကြားတယ်" လို့ မြတန်ဆောင်းဆရာတော်က မိန့်ကြားပါတယ်။
ICRC အဖွဲ့က စစ်ဘေးရှောင်စခန်းတွေကို အခုလ ပထမအပတ်အတွင်း ရိက္ခာထောက်ပံ့မှုတွေပြုလုပ်ခဲ့ပေမယ့် အခုလိုရိက္ခာသယ်ယူရေးကိစ္စတွေမှာ အနှောင့်အယှက်တွေဖြစ်ပေါ်လာတာကြောင့် ရိက္ခာပစ္စည်းတွေကိုအပြည့်အဝမပို့ဆောင်ပေးနိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
ရခိုင်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ၂၀၁၉ ခုနှစ်ကတည်းက နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေး နေတာဖြစ်ပြီး ယခင်က စစ်ဘေးရှောင်စခန်းတွေကိုရိက္ခာပို့ဆောင်ရာမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အစိုးရဆီကခွင့်ပြုချက်ရယူပြီး ပို့ဆောင်ခွင့်ရရှိကြတာဖြစ်ပါတယ်။

အခုစီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာတော့ ခွင့်ပြုချက်တောင်းခံတာအပြင် ပစ္စည်းအမျိုးအစား၊ အရေအတွက်၊ နေရာဒေသ၊ ပို့ဆောင်ရေး သုံးယာဉ် အမျိုးအစားနဲ့ နေရပ်လိပ်စာ စတဲ့အချက်အလက်တွေကိုပါ တောင်းခံလာတာကြောင့် ရိက္ခာပို့ဆောင်ရေးလုပ်ငန်းစဉ်တွေကို အဟန့်အတားတွေ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် WFP ကထောက်ပံ့ပေးနေတဲ့ စခန်းတွေမှာလည်း ရိက္ခာထောက်ပံ့မှုရပ်နေတာ သုံးလခန့်ရှိနေပြီဖြစ်တဲ့အတွက် ရိက္ခာပြတ်လပ်မှုတွေ နဲ့ရင်ဆိုင်နေကြရတယ်လို့ မြေပုံမြို့နယ်ကမ်းထောင်းကြီးစခန်းတာဝန်ရှိသူတွေက ပြာပါတယ်။
စစ်ဘေးရှောင်စခန်းတွေကို အခုလိုရိက္ခာတွေရောက်မလာနိုင်တော့ရင် မကြာခင်ရက်ပိုင်းအတွင်း ရိက္ခာပြတ်လာနိုင်ပြီး ထောက်ပံ့ကူညီမှုတွေကို အဓိကထားမှီခိုနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အခက်အခဲတွေနဲ့ကြုံရနိုင်တယ်လို့ မြောက်ဦးမြို့နယ်အတွင်းက အကြီးဆုံးဒုက္ခသည် စခန်းတစ်ခုဖြစ်တဲ့ တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်က ဘီဘီစီကိုပြောပါတယ်။
"ကိုဗစ်ကာလလဲဖြစ်တဲ့အတွက် အပြင်လည်း ထွက်လို့မရ၊ အခုက တင်းကျပ်ထားတယ်ဆိုတော့ ဒီလိုရိက္ခာဆန်တွေမရဘူးဆိုလို့ရှိရင်တော့ ရေရှည်အတွက် အခြေအနေကောင်းမှာမဟုတ်ဘူး။ အကျပ်အတည်းတွေဖြစ်လာနိုင်တာပေါ့။ ပြီးခဲ့တဲ့လကလည်း အကုန်လုံးဖြန့်ဝေပေးပြီးပြီ၊ အခုဒီလအတွက် မရဘူးဆိုတာ့ တော်တော်လေး အခက်အခဲရှိလာနိုင်ပါတယ်" လို့ သူက ပြောပါတယ်။
WFP နဲ့ ICRC တို့အပြင် အစိုးရဌာနဖြစ်တဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာကလည်း လူတစ်ဦးကိုတစ်နေ့စာအတွက် ဆန်နို့ဆီဗူး နှစ်ဗူးနှုန်း စီထောက်ပံ့ပေးတာတွေရှိပေမယ့် အဲ့ဒီဌာနကထောက်ပံ့ပေးတာက ဆန်တစ်ခုတည်းသာဖြစ်တဲ့အတွက် တခြားလိုအပ်ချက်တွအတွက် လုံလောက်မှု မရှိသလို ထောက်ပံ့မှုတွေကိုလည်းပုံမှန်မရောက်ရှိဘဲ သုံးလလောက်မှတစ်ကြိမ်ပေးတာတွေလည်းရှိတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလိုအခြေအနေတွေရှိနေပေမယ့် ပြည်နယ်ကောင်စီက တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိမှာ ကိုဗစ်ကာလဖြစ်တဲ့အတွက် ရိက္ခာတွေပို့ဆောင်ပေးရာမှာ အခက်အခဲတချို့ရှိနေတာကြောင့် ယာယီဆိုင်းငံ့ထားတာသာဖြစ်ပြီး အစိုးရအနေနဲ့တားဆီးထားတာမရှိသလို ICRC ရဲ့ရိက္ခာထောက်ပံ့မှုတွေကို မကြာခင် ရက်ပိုင်းအတွင်း ပြန်လည်လည်ပတ်နိုင်တော့မှာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အချိန်မှာ နေရပ် စွန့်ခွာလာခဲ့ကြတဲဒေသခံတွေ ခိုလှုံနေကြတာဖြစ်ပြီး အခုစစ်ကောင်စီလက်ထက်မှာတော့ ဒေသတွင်းတိုက်ပွဲတွေမရှိတော့ဘူးဆိုပြီး စစ်ရှောင်တွေကို မူလနေရပ်ထံ ပြန်ခိုင်းနေတာတွေလည်း ရှိနေပါတယ်။
ရခိုင်မှာတိုက်ပွဲဖြစ်ပွားတာတွေမရှိပေမယ့် အခုဩဂုတ်လအတွင်း ရခိုင်ပြည်နယ်မြို့နယ်တော်တော်များများမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့က လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ၊ ဧည့်စာရင်းစစ်ဆေးတာတွေကို တိုးမြှင့်လုပ်ဆောင်မှုတွေရှိနေပြီး အခုလိုလုပ်ဆောင်ချက်တွေဟာ ကပ်ရောဂါကြောင့်လူတွေအခက်အခဲနဲ့ရင်ဆိုင်နေကြရတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့လုပ်ရပ်တစ်ခုဖြစ်တာကြောင့် အဲ့ဒီစစ်ဆေးမှုတွေကိုမလုပ်ဆောင်ဖို့ ရခိုင်အမျိုးသားပါတီ ANP က ဩဂုတ်လ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပါတယ်။








