ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်မ ၇၇ ဖမ်းဆီးခံ ညောင်လေးပင်ဒေသခံ ရာချီကို PDF တွေ ဘယ်လိုကယ်ထုတ်ခဲ့ကြလဲ
''သေပြီလို့ ထွက်ထားတာ။ အစ်မကြီးတို့ကို လာကယ်ထုတ်လို့။ သူတို့ပေးတဲ့အသက်ပဲ ရှိပါတော့တယ်''
ညောင်လေးပင်ဒေသခံ အမျိုးသမီးကြီးတစ်ဦးက မျက်ရည်အဝိုင်းသားနဲ့ ပြောလာတဲ့စကားပါ။
သူက စစ်တပ်ရဲ့ နာရီပေါင်းများစွာ ပိတ်ဆို့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တို့ ပူးပေါင်း ကယ်ထုတ်ခဲ့တဲ့ လူ ၃၀၀ ကျော်ထဲက တစ်ဦးဖြစ်ပါတယ်။
စစ်တပ်ရဲ့တပ်မ ၇၇ စစ်ကြောင်းက စစ်သားတွေဟာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အရှေ့ဘက် ၄ မိုင်ခွဲဝန်းကျင်အကွာက ရွာတွေကို မတ်လ ၅ ရက်မှာ ရုတ်တရက် ဝင်ရောက် စီးနင်းပါတယ်။
စစ်တပ်စီးနင်းခဲ့တဲ့ကျေးရွာတွေဟာ ရန်ကုန်- မန္တလေး အမှတ် ၂ လမ်းနဲ့ ၄ မိုင်ခွဲလောက်သာဝေးတဲ့ ရေတွင်းကုန်း၊ ခရုကုန်း၊ ကျောင်းကုန်းရွာတွေဖြစ်ပါတယ်။
ဒီရွာတွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) စိုးမိုးပြီး အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေလည်း လှုပ်ရှားနေတာ ၂ နှစ်နီးပါး ရှိပြီမို့ စစ်တပ်ရဲ့ အခုလိုရုတ်တရက် စစ်ကြောင်းဝင်ရောက်မှုဟာ ဒေသခံတွေအတွက် အငိုက်မိတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။
ရလဒ်ကတော့ စစ်တပ်ဟာ ဒေသခံတွေကို အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုလုပ်ခဲ့ပြီး အဲဒီလို အဖမ်းခံရချိန် တိုက်ပွဲဖြစ်လို့ စစ်တပ်ရဲ့လေကြောင်းကနေ ပစ်ကူ ဗုံးကြဲတာတွေအတွင်း ဖမ်းဆီးခံအရပ်သား ဆယ်ချီသေဆုံးခဲ့တယ်လို့ KNU က ပြောပါတယ်။
ဗုံးကြဲမှုမှာ အမျိုးသမီးနဲ့ကလေးငယ် ၁၇ ဦးအပါအဝင် လူ ၂၅ ဦးသေဆုံးပြီး စစ်တပ် ဝင်တဲ့ရွာမှာ နောက်ထပ် အမျိုးသား ၅ ဦးလည်း အသတ်ခံရလို့ မတ်လ ၅ ရက်ကနေ ၇ ရက်အတွင်း လူ ၃၀ နီးပါးသေဆုံးတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ဒေသခံတွေကို ကိုးကားပြီးပြောပါတယ်။
ဒီလို လူဆယ်ချီသေဆုံးတဲ့ဖြစ်ရပ်အပြီးမှာတော့ PDF နဲ့ KNLA ပူးပေါင်းတပ်တွေဟာ စစ်တပ် ထိန်းသိမ်းခံ လူ ရာချီကို ၆ နာရီနီးပါးကြာတဲ့ ညသန်းခေါင် စစ်ဆင်ရေး ဖော်ပြီး ကယ်ထုတ်ခဲ့ပါတယ်။
လူရာနဲ့ချီ ဖမ်းဆီးခံခဲ့ရတဲ့စစ်တပ်ရဲ့စီးနင်းတိုက်ခိုက်မှု ဘယ်လိုဖြစ်ခဲ့လဲ၊ ဒီလူတွေကို ဘယ်လို ကယ်ထုတ်ခဲ့လဲဆိုတာ မြေပြင်မှာ ရှိနေသူတွေက ပြောပြထားပါတယ်။
မတ်လ ၅ ရက်နေ့ စီးနင်းမှု
စစ်တပ်က စီးနင်းခဲ့တဲ့ ကျေးရွာတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ စစ်တပ်အုပ်ချုပ်ရေးနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေနဲ့ ထိစပ်တဲ့နေရာတွေပါ။
၂၀၂၃ ခုနှစ်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်တွေက အလုံးစုံ ပူးပေါင်းစိုးမိုးထားခဲ့တဲ့နေရာတွေဖြစ်ပါတယ်။
ဒီကျေးရွာတွေရှိတဲ့ စစ်တောင်းမြစ်ဝှမ်းအနောက်ခြမ်းဒေသတွေကို PDF က စိုးမိုးထားပြီး စစ်တောင်းမြစ်ဝှမ်းအရှေ့ခြမ်းကို KNU က ထိန်းချုပ်ထားပါတယ်။ စစ်တပ်ကတော့ ဒီနယ်မြေတွေရဲ့ အပြင်ဘက်မြို့ပေါ်တွေမှာ စခန်းချထားပါတယ်။
မတ်လ ၅ ရက်နေ့ အရုဏ်တက်ချိန် ၄ နာရီဝန်းကျင်မှာ စစ်တပ်ရဲ့တပ်မ ၇၇ ဦးဆောင်လာတဲ့ အင်အား ၁၀၀ ပါ စစ်ကြောင်း ၄ ကြောင်းက ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းရွာတွေကို စစ်ကြောင်းထိုးလာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ် ၂ စစ်ဒေသ ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းက ပြောပါတယ်။
စစ်တပ်က ကာမီကာဇေ ဒရုန်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်ရေးလေယာဉ်တွေ အသုံးပြုပြီး စစ်ကြောင်းထိုးလာခဲ့တာလို့ ဆိုပါတယ်။
စစ်ကြောင်းဝင်တဲ့ ရွာတွေက ရွာခံတွေဟာ မိုးကာလမှာ စပါးစိုက်ပြီး ဆောင်း နဲ့ နွေရာသီကာလမှာ မတ်ပဲ၊ ပဲတီစိမ်းတွေ စိုက်ပျိုးကြပါတယ်။
စစ်တပ် စစ်ကြောင်းထိုးလာတဲ့ အချိန်ဟာ ရွာခံတွေ ပဲနုတ်၊ ကောက်နုတ်တာ ဈေးဝယ်ထွက်ကြတဲ့အချိန်ဖြစ်ပါတယ်။
"ပုံမှန် အားဖြင့် စစ်ပူတဲ့ရွာတွေမှာ စစ်အုပ်ချုပ်ရေးအနေနဲ့ မနက် ၆ နာရီ၊ ည ၆ နာရီ တားဆီးထားတာမျိုးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ နဲ့ နှီးနွယ်တဲ့ ဧရိယာတွေ၊ စိုးမိုးဧရိယာတွေမှာ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲမှာစိုးလို့ မနက် ၆ နာရီ၊ ည ၆ နာရီ ပိတ်ထားတာမရှိဘူး။ မနက် ၄ နာရီ၊ ၅ နာရီ ထပြီးတော့ ပဲနှုတ်၊ ကောက်နှုတ်တာတွေလုပ်တာတွေကို ခွင့်ပြုထားတယ်"
"အဲဒီအခြေအနေမှာ မနက် ၄ နာရီဝန်းကျင်မှာ ရွာသူ၊ ရွာသားတွေက မြို့ပေါ် ဈေးဝယ်တက်တာတွေ၊ ပဲနှုတ်တာတွေ ရှိတယ်။ အဲဒီသူတွေကို ဓားစာခံလုပ်ပြီး၊ တချို့ဆို လယ်ယာသုံး စက်ပစ္စည်းတွေ၊ ကားတွေနဲ့ မောင်းထွက်ထားတဲ့သူတွေကို သေနတ်နဲ့ တေ့ပြီး ရွာထဲဝင်လာချိန်မှာ ကျွန်တော်တို့ ဘာမှ မတတ်နိုင်တဲ့ အခြေအနေဖြစ်တာပေါ့" လို့ အမှတ် ၂ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းက ပြောပါတယ်။
"သူတို့ (စစ်တပ်)က ဒုန်း...ဒုန်း....ဒုန်းဆိုပြီး ဝင်လာပြီး တခါတည်း ခေါ်ပြီး အကုန်လုံးကို မှောက်ခိုင်းတာ" လို့ ဖမ်းဆီးမှုကနေ လွတ်မြောက်လာသူတစ်ဦးက PDF တပ်ဖွဲ့ဝင်တွေကို သူတို့ ကြုံတွေ့ခဲ့တာတွေကို ပြန်ပြောပါတယ်။
ဒရုန်းနဲ့ရိုက်ကူးထားတဲ့ရုပ်သံတစ်ခုမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ သူတို့ ဖမ်းဆီးသွားသူတွေကို မြေပြင်မှာ ဝမ်းလျား မှောက်ခိုင်းတာ၊ မြေကျင်းတူးခိုင်းတာနဲ့ ရုပ်အလောင်းအချို့ စုပုံထားတဲ့မြင်ကွင်းတွေကို တွေ့ရပါတယ်။
ဖမ်းဆီးထားသူတွေကို စစ်တပ်က တစ်နေ့လုံး ဘယ်မှ သွားခွင့်မပြုခဲ့ဘူးလို့ ရွာခံတွေက ပြောပါတယ်။
"မလှုပ်နဲ့ ... လှုပ်တာနဲ့ ပစ်သတ်မှာ။ မပြေးနဲ့။ ... ပြေးတာနဲ့ ပစ်မှာဆိုပြီး ပြောတာ" လို့ ပြန်လွတ်လာသူတွေက PDF တပ်ဖွဲ့ဝင်တွေကို သူတို့ ကြုံတွေ့ခဲ့တာတွေကို ပြန်ပြောပြပါတယ်။
"ကလေးတစ်ယောက်ဆိုရင် ကြောက်လန့်ပြီး ထွက်ပြေးတဲ့အချိန် ရွာသူ၊ ရွာသားတွေ၊ သူတို့ မိခင်ရှေ့မှာပဲ ပစ်သတ်လိုက်တာမျိုးတွေ သက်သေ ရရှိထားတယ်" လို့ အမှတ် ၂ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းက ပြောပါတယ်။
စစ်တပ်က ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို ရေတွင်းကုန်းရွာနဲ့ ကပ်လျက် ကျောင်းကုန်းရွာက ဘုန်းကြီးကျောင်းထဲမှာ ထိန်းသိမ်းထားခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
ပစ်မှတ်မှားကျဲတဲ့ စစ်တပ်လေယာဉ်
ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ မတ်လ ၉ ရက် ထုတ်ပြန်ချက်အရ မတ်လ ၇ ရက်နေ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က ဒရုန်း၊ ဂျက်ဖိုက်တာတွေနဲ့ ရေတွင်းကုန်းကျေးရွာအုပ်စုကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့အရပ်သား ၂၅ ဦး အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
"ဖြစ်စဉ်က မပြီးဆုံးသေးတဲ့သဘောတော့ ရှိနေတယ်။ နောက်ထပ် သေဆုံး၊ ပျောက်ဆုံးမှုတွေ ရှိနိုင်သေးတဲ့ အပေါ်မှာ အတိအကျတော့ ပြောလို့မရသေးဘူး။ နောက်ပိုင်းမှာ ပြည့်စုံတဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်သွားဖို့ရှိပါတယ်" လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးရဲ့ဆက်ဆံရေးတာဝန်ခံ စောနယ်ဒုဒါးက ပြောပါတယ်။
တစ်ရက်တည်းမှာပဲ ရေတွင်းကုန်းကျေးရွာက အသက် ၃၅ နှစ်ကနေ ၄၀ ကျော်အသက်အရွယ်ရှိတဲ့ အမျိုးသား ၅ ဦး ကိုလည်း စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အသက် ၃၅ နှစ်ကနေ ၄၀ ကျော်အသက်အရွယ်ရှိတဲ့ အမျိုးသား ၅ ဦး ကိုလည်း စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ KNU က ပြောပါတယ်။
စစ်တပ်က ကြဲလိုက်တဲ့ဗုံးဟာ ပစ်မှတ်မှားပြီး ဖမ်းဆီးထားသူတွေရှိတဲ့နေရာကို ကျလာတာကြောင့် လူအစုအလိုက်အပြုံလိုက်သေဆုံးခဲ့တာလို့ အမှတ် ၂ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းက ပြောပါတယ်။
"ဗုံးကြဲတာ သူတို့ ပစ်မှတ်ပေးတဲ့နေရာမှားပြီး ကြဲမိတာ။ အကြဲခံရတဲ့အချိန်မှာပဲ ပြည်သူတွေ အစုလိုက်အပြုံလိုက်သေတာ" လို့ သူက ပြောပါတယ်။
စစ်ကော်မရှင်ကတော့ ညောင်လေးပင်မြို့နယ်ထဲက အခုအခြေအနေတွေကို တစုံတရာ ထုတ်ပြောတာ မရှိသေးပါဘူး။
တော်လှန်ရေးတပ်တွေရဲ့ ကယ်ဆယ်ရေး မစ်ရှင်
စစ်တပ်က စစ်ကြောင်းထိုးဝင်လာပြီး ဖမ်းဆီးသွားတဲ့ ရွာခံတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့ သေနတ်တွေရဲ့ မှန်ဘီလူးတွေ၊ ဒရုန်းကင်မရာတွေကနေတဆင့် အဝေးကနေ မြင်တွေ့နေရခဲ့တာပါ။
"အနီးစပ်ဆုံးရဲဘော်တွေက ဒီအသံကို ကြားတဲ့အခါ ရဲဘော်တွေရော၊ တာဝန်ရှိသူတွေပါ ဘယ်လိုမှ မခံမရပ်နိုင်အောင် ဖြစ်ရတယ်" လို့ စောဒိုရှင်းက ပြောပါတယ်။
စစ်ဆင်ရေးမှူးတွေ၊ တိုင်းကွပ်ကဲရေးအဖွဲ့တွေ နဲ့ KNLA တပ်တွေ ညှိုနှိုင်းပြီး ကယ်ဆယ်ရေး မစ်ရှင် တစ်ခု စီစဉ်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးထားတာကလည်း ဒီမစ်ရှင်ကို အကောင်အထည်ဖော်ဖို့ အခက်ခဲဆုံးအချက်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
"အဝေးကနေ ရမ်းသမ်းပစ်ခတ်တာတွေ မလုပ်ရဘဲ၊ အနီးကပ်ထိ သွားရောက်ဆောင်ရွက်ခဲ့ရတာတွေ ရှိပါတယ်။ ဒီအတွက်လည်း ပေးဆပ်ခဲ့ရတဲ့ရဲဘော်တွေ ရှိပါတယ်" လို့ သူက ပြောပါတယ်။
ဒီကယ်ဆယ်ရေးမှာ ပြည်သူ့ကာကွယ်ရေး(PDF)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) တပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၁၁ ဦး ကျဆုံးခဲ့တာကို သူက ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။
မတ်လ ၇ ရက်နေ့၊ ည ၁၀ နာရီမှာ စစ်ဆင်ရေးစတင်ခဲ့ပြီး မတ်လ ၈ ရက်နေ့၊ မနက် ၄ နာရီမှာ ဖမ်းဆီးခံထားရသူတွေကို ကယ်ထုတ်ပြီး ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
"လူဦးရေ ၉၀ ရာခိုင်နှုန်းက စစ်တပ် ဖမ်းထားတဲ့သူတွေဖြစ်ပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်ကတော့ တိုက်ပွဲဇုန်မှာ ပိတ်မိနေသူတွေပါ" လို့ အမှတ် ၂ စစ်ဒေသ ပြောခွင့်ရက ပြောပါတယ်။
ဒီစစ်ဆင်ရေးကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်က ၃၇၀၂ တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ ၂၆ ကွပ်ကဲမှုအောက်က တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း၊ ၃၇၀၃ တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့၊ KNLA တပ်ရင်း ၇၊ ၉ နဲ့ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။
စစ်ဆင်ရေးအတွင်း ပဲခူးတိုင်းစစ်ဌာနက တပ်ဖွဲ့ဝင် ၉ ဦး၊ KNLA တပ်ရင်း ၇ နဲ့ တပ်ရင်း ၉ က တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး ၇ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်တပ်ဘက်ကတော့ ၁၀ ယောက်ကျော်သေဆုံးပြီး အယောက် ၂၀ ထက်မနည်း ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြပါတယ်။
လက်ရှိ စစ်တပ်က သူတို့ စစ်ကြောင်းထိုးခဲ့တဲ့ ရေတွင်းကုန်း ၊ ကျောင်းကုန်း နဲ့ ကပ်လျက်က ဝက်ချဲကျေးရွာတွေမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ဒီနေရာတွေကို ပြန်ရဖို့ တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
"သူတို့ရဲ့ရှေ့တန်း၊ ကျွန်တော်တို့ရဲ့ ရှေ့တန်း ၅၀-၅၀ ရင်ဆိုင်နေတဲ့ အနေအထားပဲ။ စစ်ပူနေတဲ့ အခြေအနေ ရှိနေပါတယ်။ ဒါကို ပြန်တုံ့ပြန်ဖို့နည်းတွေလည်း စဉ်းစားစီစဉ်နေဆဲပါ" လို့ စောဒိုရှင်းက ပြောပါတယ်။