ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

မန္တလေးတိုင်းမှာ တော်လှန်ရေးတပ်တွေရဲ့ နောက်ဆုံးလက်ကျန် တကောင်းမြို့ကို စစ်တပ်ပြန်သိမ်း

တကောင်းမြို့မနာဖို့အတွက် ခံစစ်စည်းအဆင့်ဆင့်ပြင်ဆင်ပြီးပြန်ဆုတ်ခွာခဲ့တာလို့ မန္တလေးတိုင်း ပကဖ က ပြောတဲ့ သတင်းအပါအဝင် မတ် ၁၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ပုလောမြို့နယ်ထဲမှာ စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကျောင်းသားကလေးငယ်တွေအများစုအပါအဝင် ၁၁ ဦးသေဆုံးတယ်လို့ KNU ပြော
  • ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ စတင်ဖြေဆိုနေပြီး စာမေးပွဲကို မတ် ၁၁ ရက်ကနေ မတ် ၁၇ရက်အထိ ကျင်းပဖို့ရှိ
  • စစ်သုံ့ပန်းတွေထားတဲ့အကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲခဲ့တာကြောင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးတယ်လို့ အေအေပြော
  • မြန်မာဘက်ကို ပို့မယ်လို့ သံသယရှိတဲ့ စက်သုံးဆီ လီတာ ထောင်ချီကို ထိုင်းအာဏာပိုင်တွေက မဲဆောက်မြို့နယ်ထဲမှာ ဖမ်းမိ
  • ညပိုင်း ကင်းလှည့်တဲ့ရဲ ၃ယောက် စီးလာတဲ့ဆိုင်ကယ်ကို ကားတိုက်မှုဖြစ်ပြီး ရိုက်နှက်ခံရတာလည်းဖြစ်ခဲ့တာကြောင့် ရဲ ၂ ယောက် သေဆုံးမှု ရွှေပေါက်ကံမြို့သစ်မှာဖြစ်ပွား
  • ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူအယောက် ၃၀၀ ကျော်ကို တော်လှန်‌ရေးတပ်တွေ ပူးပေါင်းကယ်ထုတ်ချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့ဝင် ၁၀ ဦး ကျဆုံး
  • ဧရာဝတီမြစ်အနောက်ခြမ်းက တကောင်းမြို့ကို လက်လွှတ်လိုက်ရပြီဖြစ်တာကြောင့် မြစ်အရှေ့ခြမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးစိုးမိုးနယ်မြေ‌ စစ်ရေးခြိမ်းခြောက်ခံရနိုင်ချေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၁၁ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. တပ်မ ၇၇ ဖမ်းဆီးခံ ညောင်လေးပင်ဒေသခံ ရာချီကို PDF တွေ ဘယ်လိုကယ်ထုတ်ခဲ့ကြလဲ

    ''သေပြီလို့ ထွက်ထားတာ။ အစ်မကြီးတို့ကို လာကယ်ထုတ်လို့။ သူတို့ပေးတဲ့အသက်ပဲ ရှိပါတော့တယ်''

    ညောင်လေးပင်ဒေသခံ အမျိုးသမီးကြီးတစ်ဦးက မျက်ရည်အဝိုင်းသားနဲ့ ပြောလာတဲ့စကားပါ။

    သူက စစ်တပ်ရဲ့ နာရီပေါင်းများစွာ ပိတ်ဆို့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တို့ ပူးပေါင်း ကယ်ထုတ်ခဲ့တဲ့ လူ ၃၀၀ ကျော်ထဲက တစ်ဦးဖြစ်ပါတယ်။

    စစ်တပ်ရဲ့တပ်မ ၇၇ စစ်ကြောင်းက စစ်သားတွေဟာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အရှေ့ဘက် ၄ မိုင်ခွဲဝန်းကျင်အကွာက ရွာတွေကို မတ်လ ၅ ရက်မှာ ရုတ်တရက် ဝင်ရောက် စီးနင်းပါတယ်။

    စစ်တပ်စီးနင်းခဲ့တဲ့ကျေးရွာတွေဟာ ရန်ကုန်- မန္တလေး အမှတ် ၂ လမ်းနဲ့ ၄ မိုင်ခွဲလောက်သာဝေးတဲ့ ရေတွင်းကုန်း၊ ခရုကုန်း၊ ကျောင်းကုန်းရွာတွေဖြစ်ပါတယ်။

    ဒီရွာတွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) စိုးမိုးပြီး အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေလည်း လှုပ်ရှားနေတာ ၂ နှစ်နီးပါး ရှိပြီမို့ စစ်တပ်ရဲ့ အခုလိုရုတ်တရက် စစ်ကြောင်းဝင်ရောက်မှုဟာ ဒေသခံတွေအတွက် အငိုက်မိတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။

    ရလဒ်ကတော့ စစ်တပ်ဟာ ဒေသခံတွေကို အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုလုပ်ခဲ့ပြီး အဲဒီလို အဖမ်းခံရချိန် တိုက်ပွဲဖြစ်လို့ စစ်တပ်ရဲ့လေကြောင်းကနေ ပစ်ကူ ဗုံးကြဲတာတွေအတွင်း ဖမ်းဆီးခံအရပ်သား ဆယ်ချီသေဆုံးခဲ့တယ်လို့ KNU က ပြောပါတယ်။

    ဗုံးကြဲမှုမှာ အမျိုးသမီးနဲ့ကလေးငယ် ၁၇ ဦးအပါအဝင် လူ ၂၅ ဦးသေဆုံးပြီး စစ်တပ် ဝင်တဲ့ရွာမှာ နောက်ထပ် အမျိုးသား ၅ ဦးလည်း အသတ်ခံရလို့ မတ်လ ၅ ရက်ကနေ ၇ ရက်အတွင်း လူ ၃၀ နီးပါးသေဆုံးတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ဒေသခံတွေကို ကိုးကားပြီးပြောပါတယ်။

    ဒီလို လူဆယ်ချီသေဆုံးတဲ့ဖြစ်ရပ်အပြီးမှာတော့ PDF နဲ့ KNLA ပူးပေါင်းတပ်တွေဟာ စစ်တပ် ထိန်းသိမ်းခံ လူ ရာချီကို ၆ နာရီနီးပါးကြာတဲ့ ညသန်းခေါင် စစ်ဆင်ရေး ဖော်ပြီး ကယ်ထုတ်ခဲ့ပါတယ်။

    လူရာနဲ့ချီ ဖမ်းဆီးခံခဲ့ရတဲ့စစ်တပ်ရဲ့စီးနင်းတိုက်ခိုက်မှု ဘယ်လိုဖြစ်ခဲ့လဲ၊ ဒီလူတွေကို ဘယ်လို ကယ်ထုတ်ခဲ့လဲဆိုတာ မြေပြင်မှာ ရှိနေသူတွေက ပြောပြထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ယင်းမာပင်ခရိုင် PDF ရဲမေ ဖြစ်ရပ်ကို စုံစမ်းဆေးနေပြီလို့ NUG ထုတ်ပြန်

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲမေတစ်ဦး လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အမှုမှန်ပေါ်ဖို့ ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်လာပါတယ်။

    တော်လှန်နယ်မြေမှာဖြစ်ခဲ့တဲ့ဒီဖြစ်ရပ်အမှန်တရားပေါ်ပေါက် စေချင်တဲ့အကြောင်း ရဲမေကိုယ်တိုင်က ဘီဘီစီကို ထုတ်ပြောခဲ့အပြီး ရက်ပိုင်းအကြာမှာ အမျိုးသားညီညွတ်ရေးအစိုးရဘက်က အခုလိုသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

    NUG ကတော့ အွန်လိုင်းပေါ်မှာ ဒီအမှုပျံ့နှံ့ခဲ့ပေမဲ့လည်း ဒီလိုမဖြစ်ခင်ကတည်းက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ စစ်ဆေးမေးမြန်မှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိမှာလည်း သက်ဆိုင်ရာတပ်ရင်းက တာဝန်ရှိသူ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ သံသယ တရားခံတို့ကို ထိန်းသိမ်းပြီးဖြစ်သလို လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်နိုင်ရန်ဖို့ အခင်းဖြစ်ပွားခဲ့တဲ့ ပလဖ နယ်မြေကင်းစခန်းက သက်သေတွေကိုလည်း လွှဲပြောင်းမိန့် ထုတ်ပြန်ထားပြီပြီလို့ ဆိုပါတယ်။

    ယင်းမာပင်ခရိုင်မှာဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဖော်ပြခဲ့တဲ့ အဓမ္မပြုကျင့်ခံရမှုအတွက် ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က PDF ရဲမေ တရားမျှတမှုရှာဖွေ တဲ့သတင်းကိုလည်း ပြန်လည်ဖတ်ရှုနိုငပါတယ်။

  4. ပုလောမြို့နယ်ထဲ စစ်တပ် ဗုံးကြဲလို့ ကျောင်းသားအများစုအပါအဝင် ၁၁ ဦးသေဆုံး

    တနင်္သာရီတိုင်း၊ ပုလော(လယ်မူလား)မြို့နယ်ထဲမှာ စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတာကြောင့် သေဆုံးသူ ၁၁ ဦးရှိပြီး အများစုဟာ ကျောင်းသားကလေးငယ်တွေလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

    တဖီလေးခိုကျေးရွာမှာ ရက်တို ကျမ်းစာသင်တန်းနဲ့ ဂီတတူရိယာသင်တန်း ပေးနေတဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က မတ် ၉ ရက်မှာ လေကြောင်းဗုံးကြဲခဲ့တာလို့ KNU ကပြောပါတယ်။

    ဒီဗုံးကြဲမှုကြောင့် ဘုရားကျောင်းထဲမှာရှိတဲ့ အသက် ၁၂ နှစ်အောက် ကျောင်းသား ၇ ဦး သေဆုံးပြီး ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    ဒါ့အပြင် ပုလောမြို့နယ်ထဲက တကူကျေးရွာထဲကို စစ်တပ်က မတ် ၁၀ ရက်မှာ ပေါင် ၂၅၀ ဗုံးကြဲခဲ့တာကြောင့် ကလေးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ ၁၂ ယောက်ထဲက ၃ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

    ဒဏ်ရာပြင်းထန်တဲ့ ၃ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ထိုင်းနိုင်ငံက ဆေးရုံမှာ ဆေးကုသနိုင်ဖို့အတွက် KNU က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

    တဖီလေးခိုရွာဟာကရင်လူမျိုးအများစုနေထိုင်တဲ့ရွာဖြစ်ပြီး တနင်္သာရီမြစ်ကမ်းဘေးမှာရှိပါတယ်။

    တဖီလေးခိုရွာရဲ့ အပေါ်ဘက်မှာရှိတဲ့ အောင်သာဝရရွာမှာတော့ စစ်ကော်မရှင်တပ်ရဲ့ဗျုဟာစခန်းရှိပြီး အဲဒီနေရာကို ၂၀၂၄ ခုနှစ်ကတည်းက KNU လက်အောက်ခံတပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းယူထားတာဖြစ်ပါတယ်။

    လက်ရှိ ပုလောမြို့နယ်ထဲက ပလောက်မြို့မှာတော့ စစ်ကော်မရှင်တပ်တွေနဲ့ KNUလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

    စစ်ကော်မရှင်ကတော့ ပုလောမြို့နယ်ထဲက စစ်‌ရေးအခြေအနေအပြင် လေကြောင်းတိုက်ခံရမှုနဲ့ ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  5. ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်

    ဒီကနေ့မှာ စတင်ကျင်းပတဲ့ ၁၂ တန်းပညာရေး တက္ကသိုလ်ဝင်စာမေးပွဲမြင်ကွင်းတွေဖြစ်ပြီး မတ် ၁၁ရက်ကနေ မတ်၁၇ရက်အထိ ကျင်းပမှာပါ။

    စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ ၂ သိန်း ၆ သောင်းကျော် ရှိပြီး အရင် ၂၀၂၅ ခုနှစ်မှာတော့ ဖြေဆိုသူဦးရေဟာ ၁ သိန်း ၂ သောင်းကျော်ရှိခဲ့တဲ့အတွက် ဖြေဆိုတိုးလာတာကို တွေ့ရပါတယ်။

    ဒီနှစ်ကျင်းပတဲ့ စာမေးပွဲဟာ KG+12 ပညာရေးစနစ်အောက်က Grade 12 ရဲ့ တတိယအကြိမ်မြောက် တက္ကသိုလ်ဝင်စာမေးပွဲလည်းဖြစ်ပါတယ်။

    ဒါ့အပြင် စာမေးပွဲဖြေရာမှာ ပို့ဆောင်ပေးမယ့် ကြိုပို့ယာဉ်တွေ၊ အိမ်စီးကားတွေကိုလည်း စုံ၊မ သတ်မှတ်ချက် ခွဲခြားမှုမရှိဘဲ သွားလာခွင့်ပြုထားပါတယ်။

    ပြီးခဲ့တဲ့နှစ်ကတော့ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ် မီးလောင်မှုဖြစ်ခဲ့ပြီး ၊ စစ်ကိုင်း၊ မန္တလေး၊ ကချင်စတဲ့ တိုင်းနဲ့ပြည်နယ်က ကျောင်းသား ၆ သောင်း၂ ထောင်ကျော်ရဲ့ အဖြေလွှာပေါင်း ၃ သိန်း ၇ သောင်းကျော် မီးလောင်တဲ့အထဲပါသွားကြောင့် အဲဒီနေရာတွေအတွက် ဇွန်လမှာ စာမေးပွဲကို ပြန်လည်ကျင်းပခဲ့ရတာလည်းဖြစ်ပါတယ် ။

  6. သတင်းထူး, အမ်းမြို့နယ်ထဲက အကျဉ်းစခန်းကို စစ်တပ်ဗုံးကြဲမှု လူ ၁၁၆ ဦးသေဆုံး - AA

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက စစ်သုံ့ပန်းတွေထားတဲ့ အကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး နောက်ထပ် ၃၂ ဦး ဒဏ်ရာရတယ်လို့ အာရက္ခတပ်တော်(AA)က ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။

    အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က မတ်လ ၈ ရက်မှာ ဗုံးကြဲခဲ့တာလို့ဆိုပြီး သံခြေချင်းခတ်လျက် အနေအထားနဲ့ မီးလောင်ရုပ်အလောင်းပုံတွေကို သတင်းထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

    စစ်တပ်ဟာ မတ်လ ၈ ရက် မနက် ၁၁ နာရီကနေ မွန်းလွဲ ၂ နာရီခွဲအထိ တိုက်လေယာဉ် ၄ စင်း၊ Y-12 လေယာဉ် ၄ စင်းနဲ့အတူ သုံးနာရီခွဲခန့်ကြာအောင် လေကြောင်း ဗုံးကြဲခဲ့တယ်လို့ AA က ဆိုပါတယ်။

    ဒီဖြစ်ရပ်ကြောင့် ဒဏ်ရာအမျိုးမျိုးရထားတဲ့လူတွေလည်း အမြောက်အမြားရှိနေတယ်လို့ဆိုပါတယ်။

    သေဆုံးသူတွေထဲ ပြစ်ဒဏ်ကျခံနေရတဲ့အရပ်သားအချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

    သေဆုံးသူတွေထဲမှာ စစ်တပ်ဘက်က အရာရှိကြီးတွေလည်း ပါဝင်ပြီး စစ်သုံ့ပန်းအလောင်းတစ်ချို့ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မပြောနိုင်လောက်အောင် ပျက်စီးခဲ့တာကြောင့် စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့လည်း အေအေက ပြောပါတယ်။

    စစ်ကော်မရှင်ဘက်ကတော့ အမ်းမြို့နယ်ထဲ ဗုံးကြဲမှုနဲ့ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

  7. မဲဆောက်မှာ မြန်မာဘက်ကို ပို့မယ်လို့သံသယရှိတဲ့စက်သုံးဆီတွေကို ထိုင်းအာဏာပိုင်တွေ ဖမ်းမိ

    ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ မြန်မာဘက်ကို ပို့မယ်လို့ သံသယရှိတဲ့ စက်သုံးဆီ လီတာ ထောင်ချီကို အာဏာပိုင်တွေက မနေ့ညနေပိုင်းမှာ ရှာဖွေသိမ်းဆည်းမိခဲ့တယ်လို့ အခြေအနေသိရှိတဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    နယ်စပ်ဖြတ်ကျော်ပြီး လောင်စာဆီ မှောင်ခိုတင်သွင်းတာကို ကာကွယ်ဖို့ လုပ်နေချိန်မှာပဲ သတင်းပေးတိုင်ကြားမှု တစ်ခုကြောင့် အခုလိုဖမ်းဆီးမိခဲ့တာလို့ဆိုပါတယ်။

    ဒီဇယ်ဆီပါတဲ့ လီတာ ၂၀၀ ဆန့် ဆီတိုင်ကီ ၅၀ နီးပါးနဲ့ စက်သုံးဆီတွေ သယ်ဖို့ အသင့်ဖြစ်နေတဲ့ ထရပ်ကားတစ်စီးတို့ကိုလည်း ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့တွေက ဖမ်းမိခဲ့တယ်လို့ ဒီဖမ်းဆီးမှုအကြောင်း သိရှိသူက ပြောပါတယ်။

    အရှေ့အလယ်ပိုင်းမှာ ရေနံထွက်တဲ့ အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က ပူးပေါင်းတိုက်ခိုက်နေတဲ့ စစ်ပွဲကြောင့် ရေနံစျေးတွေ တက်နေချိန် ပြည်ပကနေ လောင်စာဆီတင်သွင်းတာကို အားထားနေရတဲ့ထိုင်းမှာလည်း ဆီသုံးစွဲ ရောင်းချမှုတွေကို ကန့်သတ်နေချိန်မှာ အခုလိုဖမ်းဆီးမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ထိုင်းဟာ အိမ်နီးချင်းနိုင်ငံတွေကို စက်သုံးဆီရောင်းချတာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ရပ်ထားပြီး ထိုင်း -မြန်မာ နယ်စပ်၊ မြဝတီမြို့နဲ့ ဆက်နေတဲ့ မဲဆောက်ဘက်ခြမ်းမှာ မြန်မာလိုင်စင်နံပါတ်ပြားပါတဲ့ကားတွေကို စက်သုံးဆီ ရောင်းချတာ ရပ်ထားပါတယ်။

    ဒီအတောအတွင်းမှာပဲ ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နဲ့ ကပ်လျက်က ကန်ချနဘူရီမြို့မှာ ဆိုင်ကယ် ဘီးတွဲယာဉ်နဲ့ စက်သုံးဆီတွေ သယ်ဖို့လုပ်တဲ့ မြန်မာအမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်တွေက မနေ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

  8. ရွှေပေါက်ကံမြို့သစ်မှာ ကင်းလှည့်တဲ့ရဲတွေ ကားနဲ့အတိုက်ခံရပြီး ရိုက်နှက်ခံရလို့ ရဲ ၂ ဦး သေဆုံး

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ ၁၂ ရပ်ကွက်အနီးမှာ ညပိုင်း ကင်းလှည့်တဲ့ရဲ ၃ယောက် စီးလာတဲ့ဆိုင်ကယ်ကို ကားတိုက်မှုဖြစ်ပြီး ရိုက်နှက်ခံရတာလည်း ဖြစ်ခဲ့တာကြောင့် ရဲ ၂ ယောက် သေဆုံးတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့နီးစပ်သူနဲ့ ဖြစ်စဉ်သိရှိသူမြို့ခံတွေက ပြောပါတယ်။

    ဒီဖြစ်ရပ်ဟာ ရွှေပေါက်ကံမြို့သစ်၊ ၁၂ ရပ်ကွက်ထဲက ပုဂံလမ်းမကြီးနဲ့ အောင်ရာဇာလမ်းထိပ်မှာ မတ် ၉ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာဖြစ်ခဲ့တာလို့ ရပ်ကွက်ထဲမှာနေတဲ့သူအချို့က ပြောပါတယ်။

    လှည့်ကင်းပတ်နေတဲ့ ရဲဆိုင်ကယ်ကို ခဏရပ်ထားချိန်မှာ ကားတစ်စီးက ဝင်တိုက်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက် လဲကျသွားချိန်၊ နောက်ထပ် ကားတစ်စီးထဲကနေ လူတချို့ထွက်လာပြီး တုတ်တွေနဲ့ ရိုက်နှက်တာလို့လည်း အနီးနားမှာရှိတဲ့ မြို့ခံတွေကပြောပါတယ်။

    “ကားတိုက်ခံရတဲ့အရှိန်နဲ့ ဓာတ်တိုင်က ထက်ပိုင်းကျိုးသွားတယ်။ ထပ်ပြီးရိုက်လည်း ရိုက်ကြတော့ ရဲနှစ်ယောက်က ဒဏ်ရာပြင်းပြီး ဆေးရုံမှာ ဆုံးသွားတယ်။ သေသွားတဲ့အထဲက တစ်ယောက်ဆိုရင် ရွှေပေါက်ကံကို နယ်ပြောင်းလာတာ ၆ ရက်ပဲ ရှိသေးတယ်”လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။

    အခုဖြစ်ရပ်ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ သေသေချာချာမသိရဘူးလို့လည်း ဘီဘီစီက မေးမြန်းခဲ့တဲ့ဖြစ်စဉ် သိရှိသူတွေက ပြောပါတယ်။

    ပြည်တွင်းသတင်းတွေမှာတော့ ရန်ဖြစ်နေတဲ့ အခြေအနေတစ်ခုကို ရဲတွေက လာရောက်ဖြန်ဖြေရာကနေ ရိုက်နှက်ခံရတာလို့ သတင်းဖော်ပြနေပါတယ်။ ဘီဘီစီအနေနဲ့ ဒါကို သီးခြားအတည်မပြုနိုင်ပါဘူး။

    ဒီဖြစ်စဉ်မှာ ရဲတွေကို တိုက်ခိုက်တယ်ဆိုတဲ့သံသယနဲ့ ဖမ်းဆီးခံရသူအချို့ရှိတယ်လို့ သိရတဲ့အကြောင်း မြို့ခံတွေက ပြောပါတယ်။

    ကားနဲ့တိုက်ခံရတာကြောင့် ထက်ပိုင်းကျိုးသွားတဲ့ဓာတ်တိုင်ကိုလည်း မတ် ၁၀ ရက်က လာရောက်ပြင်သွားပြီလို့ သိရပါတယ်။

    ရွှေပေါက်ကံမြို့နယ် ရဲစခန်းကို ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ကိုင်ကြားဖြေဆိုတာ မရှိပါဘူး။

  9. ကျောက်ကြီးမှာ စစ်တပ်ဖမ်းထားတဲ့လူ ၃၀၀ ကျော်ကို ကယ်ထုတ်ရင်း PDF/KNLA ၁၁ ဦး သေဆုံး

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ဖမ်းဆီးထားတဲ့ ပြည်သူအယောက် ၃၀၀ ကျော်ကယ်ထုတ်ချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့ဝင် ၁၀ ဦး ကျဆုံးတယ်လို့ တော်လှန်ရေးတပ်တွေဘက်က သတင်းထုတ်ပါတယ်။

    ဒေသခံတွေကို ကယ်ထုတ်ခဲ့တာကိုတော့ မနေ့ မတ် ၁၀ ရက်နေ့မှာ တော်လှန်‌ရေးတပ်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ PDF အမှတ် ၂ စစ်ဆင်ရေးကနေ သတင်းထုတ်ပြန်ပါတယ်။

    “ပြည်သူကို ကယ်ထုတ်တဲ့စစ်ဆင်ရေး” အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၃ ကွပ်ကဲမှု အောက်က တပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒီတိုက်ပွဲအတွင်း ပဲခူးတိုင်းစစ်ဌာနက တပ်ဖွဲ့ဝင် ၉ ဦး၊ KNLA တပ်ရင်း ၇ နဲ့ တပ်ရင်း ၉ တို့က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပါတယ်။ ပြင်းထန်ဒဏ်ရာရရှိတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်လည်း ၇ ဦးအထိ ရှိပါတယ်။

    စစ်တပ်ဘက်ကလည်း ၁၀ ယောက်ကျော် သေဆုံးခဲ့ပြီး အယောက် ၂၀ ထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အမှတ် ၂ စစ်ရေးနယ်မြေရဲ့ မနေ့ညနေပိုင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ကျောက်ကြီးက ရေတွင်းကုန်းကျေးရွာအုပ်စုမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာနဲ့ သတ်ဖြတ်တာကြောင့် အသက် ၆ နှစ်ကျော် ကလေးငယ်အပါအဝင် လူအယောက် ၃၀ နီးပါးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီရက်ပိုင်းထဲ ဖြစ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ပြောပါတယ်။

    တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်လာတဲ့ ဒရုန်းနဲ့ရိုက်ကူးထားတဲ့ရုပ်သံမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေကို မြေပြင်မှာ ဝမ်းလျား မှောက်ခိုင်းတာ၊ မြေတွင်းတူးခိုင်းတာနဲ့ ရုပ်အလောင်းစုပုံထားတဲ့မြင်ကွင်းတွေကို တွေ့ရပါတယ်။

    KNU ကတော့ မတ်လ ၅ ရက်က စစ်တပ်ရဲ့ ခမရ ၂၀၊ ခလရ ၂၆၄၊ ခမရ ၄၃၉ ပူးပေါင်းစစ်ကြောင်းတွေဟာ ရေတွင်းကုန်းကျေးရွာအုပ်စုကို ဝင်ရောက်လာခဲ့ပြီး မတ်လ ၇ ရက် နှစ်ဖက်တိုက်ပွဲပြင်းထန်ချိန်မှာ အဲဒီရွာအုပ်စုကို စစ်တပ်က ဒရုန်း၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

    အဲဒီဗုံးကြဲမှုတွေအတွင်း အသက် ၁၆ နှစ်ကနေ ၅၀ ကျော်ပါဝင်တဲ့ အမျိုးသမီး ၁၇ ဦး သေဆုံးပြီး အသက် ၁၂ နှစ်ကနေ ၅၅ နှစ်အတွင်းရှိတဲ့ အမျိုးသား ၈ ဦး သေဆုံးတယ်လို့လည်း KNU ကနဦး သတင်းထုတ်ပြန်ပါတယ်။

    အဲဒီနေ့ တစ်နေ့တည်းမှာပဲ ထီးပုလုရွာကို ဝင်ရောက်လာတဲ့ စစ်တပ်က ရွာသားတွေကို ဖမ်းခဲ့ပြီး အသက် ၃၅ နှစ်ကနေ ၅၃ နှစ်ကြား အမျိုးသားတွေကို သတ်ဖြတ်ခံရတဲ့အကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ကလည်း ထုတ်ပြန်ပါတယ်။

    ဒီဖြစ်ရပ်ဟာ ‘လူသားများနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု’ လို့ KPSN ကပြောသလို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအဖြစ် လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တချို့က ကန့်ကွက်ရှုတ်ချထားကြပါတယ်။

  10. FATF အမည်ပျက်စာရင်းကနေ လွတ်ဖို့ စစ်ကော်မရှင်နဲ့ ဗဟိုဘဏ်တို့ အပူတပြင်းလှုပ်ရှား

    စစ်ကော်မရှင်ဟာ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းထဲကနေလွတ်မြောက်နိုင်ရေး အဖမ်းအဆီးနဲ့ ပိတ်ဆို့မှုတွေ တိုးလုပ်ပြီး အပူတပြင်းကြိုးပမ်းနေပါတယ်။

    ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဖေဖော်ဝါရီလအတွင်း မက္ကဆီကို နိုင်ငံမှာ ကျင်းပခဲ့တဲ့ FATF အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်ရှင်းလင်းခဲ့တာကလည်း ဒီကြိုးပမ်းမှုရဲ့ အထင်ကရ လှုပ်ရှားမှုတစ်ရပ် ဖြစ်ပါတယ်။

    ဒီလိုလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် မြန်မာဟာ FATF သတ်မှတ်ချက်များကို "လုံးဝ မလိုက်နာသောနိုင်ငံ" ဆိုတဲ့အဆင့်ကနေ "တစိတ်တပိုင်း လိုက်နာဆောင်ရွက်နေတယ်"ဆိုတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။

    စစ်ကော်မရှင်အနေနဲ့ FATF အမည်ပျက်စာရင်းက လွတ်မြောက်ရေးဟာ နိုင်ငံတကာရဲ့ ဘဏ္ဍာရေးဆိုင်ရာတားဆီးပိတ်ပင်မှုတွေကို လျော့ချနိုင်ရေးအတွက် အရေးကြီးတဲ့လှည့်ကွက်တစ်ခုအဖြစ် ရှုမြင်ထားပုံရတယ်လို့ စီးပွားရေးအကဲခတ်တချို့က ပြောပါတယ်။

    အမည်ပျက်စာရင်းက ပယ်ဖျက်ခံရဖို့ လုပ်ဆောင်ရမယ့် အချက်တွေ ဘယ်လောက်ကျန်ရှိနေသေးသလဲ။ စစ်ကော်မရှင်နဲ့ ဗဟိုဘဏ်တို့ရဲ့ ဒီလိုကြိုးပမ်းမှုတွေက နိုင်ငံတွင်းမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနေပါသလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  11. စဉ့်ကူးကို စစ်တပ်ပြန်ထိန်းချုပ်မှုနဲ့ စစ်ကိုင်းဒေသအပေါ် သက်ရောက်မှု

    ဧရာဝတီမြစ်ဘေးမှာတည်ရှိတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို စစ်တပ်က ပြန်ရခဲ့တာကြောင့် မြစ်အရှေ့ခြမ်း တကြောလုံးကို တော်လှန်ရေးအင်အားစုတွေ အရင်လက်လွှတ်ခဲ့ရပါတယ်။

    ၂၀၂၅ ခုနှစ်အတွင်း မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေကို စစ်တပ်က တန်ပြန်စိုးမိုးနိုင်ပြီဖြစ်တာကြောင့် ဒီဒေသတွေနဲ့ မျဉ်းပြိုင်သဏ္ဍာန်ရှိနေတဲ့ ဧရာဝတီမြစ်အနောက်ခြမ်း စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေဘက် စစ်ရေး ဖိအားတိုးလာတဲ့သဘောပါ။

    စစ်ကိုင်း၊ ရွှေဘိုခရိုင်ထဲက ဝက်လက်၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေကိုလည်း စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲသလို မြစ်အနောက်ခြမ်း မြစ်ကမ်းဘေးတကြောနဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကိုပါ တပြိုင်နက် စစ်ကြောင်းထိုးနေပါတယ်။

    ဒါဟာ စဉ့်ကူးမြို့က ဆုတ်ခွာလာတဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ချေမှုန်းဖို့အတွက် အသင့်စောင့်ကြိုပြင်ဆင်လာတဲ့ စစ်တပ်ရဲ့ ပုံစံသစ်စစ်ရေးအရွေ့လို့လည်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က သုံးသပ်ထားပါတယ်။

    ဒီဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  12. မန္တလေးတိုင်းထဲ PDF ထိန်းချုပ်လက်ကျန်မြို့ တကောင်းမြို့ကို စစ်တပ်ပြန်ရ

    မန္တလေးတိုင်းထဲမှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နောက်ဆုံးလက်ကျန်မြို့ဖြစ်တဲ့ တကောင်းမြို့ကို စစ်တပ်က ပြန်လည်ရရှိသွားပြီလို့ စစ်ရေးအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

    စစ်တပ်သတင်းတွေဖော်ပြနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ မနေ့ မတ် ၁၀ ရက်မှာ တကောင်းမြို့ကို ပြန်ရတယ်လို့ ဖော်ပြနေကြပါတယ်။

    “ဟုတ်ပါတယ်။ မြို့မနာဖို့ ခံစစ်စည်းအဆင့်ဆင့်ပြင်ဆင်ပြီးမှ စစ်ရှောင်ပြည်သူတွေ ဘေးကင်းရာရွှေ့ပြောင်းနိုင်ဖို့ စီစဉ်ပြီး တစ်လှမ်းဆုတ်လိုက်ရပါတယ်” လို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    ဧရာဝတီမြစ်အနောက်ခြမ်းက တကောင်းမြို့ကို လက်လွှတ်လိုက်ရပြီဖြစ်တာကြောင့် မြစ်အရှေ့ခြမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်းထဲက ထီးချိုင့်အပါအဝင် ကသာ၊ အင်းတော်ဒေသတွေကို စစ်တပ်က ဆက်တိုက်စစ်ကြောင်းထိုးနိုင်တယ်လို့ စစ်ရေးအရင်းအမြစ်တချို့က ထောက်ပြနေကြပါတယ်။

    တကောင်းမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလအတွင်း ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ ပူးပေါင်းတပ်တွေက စစ်တပ်လက်ထဲကနေ တိုက်ခိုက်ပြီး သိမ်းယူခဲ့ကြတာဖြစ်ပါတယ်။

    ၂၀၂၅ နှစ်လယ်ပိုင်းကစလို့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်နယ်မြေတွေကို စစ်တပ်က ပြန်ရယူပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို ဧရာဝတီမြစ်အရှေ့ခြမ်း ဒေသတွေကို ပြန်ထိန်းချုပ်လာတာဖြစ်ပါတယ်။

  13. မင်္ဂလာပါ။ မတ် ၁၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။