ဒီဇင်ဘာ ၂၀ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - မြန်မာ့အရေး အမြဲတမ်းအထူးသံခန့်ဖို့ အာဆီယံဆွေးနွေး

၂၀၂၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး

မြန်မာ့အရေး တစ်ခုတည်းအတွက် အာရုံစိုက်လုပ်ဆောင်ရမယ့် မြန်မာ့အရေး အာဆီယံ အမြဲတမ်းအထူးသံတမန် ခန့်အပ်နိုင်ရေး ကွာလာလမ်ပူမှာပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ သံတမန်ရင်းမြစ်အသိုင်းအဝိုင်းဆီက သိရှိရပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ Special Meeting - အထူးအစည်းအဝေးရှိခဲ့ပြီး ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကြားက ပဋိပက္ခ ကို အထူးဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးရဲ့ တစိတ်တပိုင်းအနေနဲ့ မြန်မာအရေး အမြဲတမ်းအထူးသံ ခန့်အပ်နိုင်ရေးပါထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

အမြဲတမ်းအထူးသံတာဝန်အတွက် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ထဲက တစ်နိုင်ငံကို အဆိုပြုလိုကြတဲ့ ဆန္ဒရှိပြီး အဲဒီနိုင်ငံတွေရဲ့ မြန်မာ့အရေးလုပ်ဆောင်မှု အခန်းကဏ္ဍကြောင့် စဥ်းစားကြတာလို့ ဆိုပါတယ်။

မြန်မာတော်လှန်ရေးအင်အားစုတွေကတော့ မလေးရှား ကိုသာ မြန်မာအရေး အမြဲတမ်းအထူးသံ နိုင်ငံအဖြစ်ရွေးချယ်ပေးဖို့ တောင်းဆိုထားတာတွေလည်းရှိနေတယ်လို့ သိရှိရပါတယ်။

လက်ရှိမှာ ၂၀၂၆ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအထူးသံအဖြစ် ခန့်အပ်ပြီးလည်းဖြစ်ပါတယ်။

ဒါပေမဲ့ မလေးရှားမှာ နောက်ဆုံးကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးအထူးသံကို အမြဲတမ်း အထူးသံ ခန့်အပ်ဖို့ ဆွေးနွေးချက်အရ ဒီလိုဆွေးနွေးမှုတွေဆက်ရှိလာတာဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၆ ဖိလစ်ပိုင်ရဲ့ အထူးသံနဲ့ တော့ လုပ်ငန်းဆောင်ရွက်မှုကွဲပြားနိုင်တယ်လို့ သတင်းရင်းမြစ်က ကနဦးအခြေအနေအရ သူသိထားတာကို ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

''ဖိလစ်ပိုင်ကလည်း လာမယ့် ဇန်နဝါရီမှာ မြန်မာအဖွဲ့တွေနဲ့ တွေ့ဖို့ ဆွေးနွေးဖို့တောင် ပြင်နေပါပြီ။ ဒါပေမဲ့ ဒါကလည်းတပိုင်းပေါ့။ အခုအာဆီယံကလည်း အမြဲတမ်းသံ ခန့်ဖို့ ဆွေးနွေးတာလည်း ဆက်လုပ်နေတာပါ'' လို့ သတင်းရင်းမြစ်ကရှင်းပြပါတယ်။

လက်ရှိမှာ အာဆီယံအနေနဲ့ မြန်မာ့အရေးအတွက် အထူးသံတမန်ကို အလှည့်ကျအာဆီယံဥက္ကဋ္ဌနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကိုပဲ အလှည့်ကျတာဝန်ပေးတာမျိုးဖြစ်ပါတယ်။

ကွာလာလမ်ပူက အဲဒီအထူးအစည်းအဝေးကိုဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းတက်ရောက်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

'' သိရသလောက်တော့ ဖိလစ်ပိုင်ကလည်း သဘောထားကွဲမှုမရှိပါဘူး။ ဖိလစ်ပိုင်

အထူးသံက အာဆီယံတစ်ခုလုံးအတွက်လည်း လုပ်ရမယ့် ပြဿနာတွေရှိတယ်။ ဒီတော့ မြန်မာတစ်နိုင်ငံတည်းအတွက် သူက လုပ်နိုင်ဖို့က အကန့်အသတ်ရှိတယ်။ ဒါကြောင့် မြန်မာ့အရေးကို သီးခြားလုပ်မယ့် အမြဲတမ်းသံအမတ် ကို ခန့်ဖို့လည်းလုပ်လာကြတာပါ'' လို့ သံတမန်သတင်းရင်းမြစ်က သူသိထားတဲ့အချက်ကို ရှင်းပြပါတယ်။

အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ မြန်မာအရေး အထူးသံကတော့ မြန်မာအရေး မြန်မာဦးဆောင်တဲ့လမ်းကြောင်းကို အားပေးလုပ်ဆောင်ပြီး လူသားစာနာမှုအကူအညီနဲ့ တွေ့ဆုံဆွေးနွေးရေးတွေပေါ်လာရေး အားစိုက်လုပ်မယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဘက်က အစောပိုင်းကတည်းကပြောထားပါတယ်။

ရေဦးက ပလဖ အချုပ်ထောင်ပေါ် လေကြောင်းဗုံးကျလို့ ပလဖ ၁ ဦးအပါ ၄ ဦးသေဆုံး

ဒီဇင်ဘာ ၁၇ ရက်က လေကြောင်းဗုံးကြဲခံလိုက်ရတဲ့ ရေဦး၊ တမာတောရွာက ဆေးခန်း

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ကာကွယ်ရေးတပ်မတော် - ရေဦး

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၁၇ ရက်က လေကြောင်းဗုံးကြဲခံလိုက်ရတဲ့ ရေဦး၊ တမာတောရွာက ဆေးခန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ရွှေကျင်မှော်ရွာထဲက ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ)ရဲ့ အချုပ်ထောင်အပေါ် ဒီဇင်ဘာ ၁၈ ရက်က လေကြောင်းဗုံးကျလို့ ပလဖတစ်ဦးအပါအဝင် ၄ ဦးသေဆုံးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အချုပ်ထောင်ထဲက အကျဉ်းသား ၂ ဦးအပါအဝင် ပလဖအဖွဲ့ဝင်တစ်ဦးနဲ့ သူ့ရဲ့ ဇနီး သေဆုံးသွားတာလို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

နောက်ထပ် ထိခိုက်ဒဏ်ရာရတဲ့သူလည်း ၃ ဦးထက်မနည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။ သေဆုံးသွားသူတွေရဲ့ နာရေးကို ဒီနေ့ ပြုလုပ်နေပြီး ရေဦးတဝိုက် လေယာဉ်တွေဝဲနေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အချုပ်ထောင်ဗုံးကြဲမှုမတိုင်ခင် ဒီဇင်ဘာ ၁၇ ရက်မှာလည်း ရေဦးမြို့နယ်၊ တမာတောကျေးရွာဆေးခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံတစ်ဦး ဒဏ်ရာရခဲ့ပြီး ဆေးခန်းအဆောက်အဦလည်း ပျက်စီးခဲ့ပါတယ်။

ဒီနေ့မှာတော့ ရေဦးနယ်တကြောမှာ စစ်တပ်ရဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ တက်လာတဲ့ တိုက်လေယာဉ်တချို့ လေကြောင်းထောက်လှမ်းရေးလုပ်နေတာကြောင့် လေကြောင်းကြဲခံထားရတဲ့ တမာတောနဲ့ ရွှေကျင်မှော်ထဲက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

မြန်မာက စစ်ရာဇဝတ်မှုတွေအတွက် IIMM နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ဥပဒေပြင်သစ်အတည်ပြု

ဒီဇင်ဘာ ၁၆ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြိို့မှာရှိတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးပွဲမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၁၆ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြိို့မှာရှိတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးပွဲမြင်ကွင်း

မြန်မာနိုင်ငံတွင်းမှာဖြစ်နေတဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့အတွက် ပြင်သစ်အစိုးရနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM တို့ကြား တရားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဥပဒေတစ်ရပ်ကို ပြင်သစ်အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေကို ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာပဲ ပြင်သစ်အောက်လွှတ်တော်ကနေ တညီတည်းအတည်ပြုခဲ့ကြတာဖြစ်ပြီး ပြင်သစ်နဲ့ IIMM တို့ကြား ချုပ်ဆိုထားတဲ့ တရားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကနေ အခုလို ဥပဒေတစ်ရပ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပြင်သစ်နဲ့ IIMM တို့ရဲ့ သဘောတူညီချက်ကို ၂၀၂၄ ခုနှစ် ဇွန်လ ဒုတိယအပတ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ကျူးလွန်နေတဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့အထောက်အထားတွေကို စုဆောင်းမျှဝေတဲ့နေရာမှာ အထောက်အပံ့ဖြစ်ဖို့အတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။ ဒီဇင်ဘာ ၁၀ ရက်တုန်းက အာရက္ခတပ်တော် အေအေထိန်းချုပ်ထားတဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရတာနဲ့ပတ်သက်လို့ အထူးကာကွယ်ထားတဲ့ အရပ်ဘက်ပစ္စည်းတွေဖြစ်ပြီး ဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ IIMM က ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ ဒဏ်ရာတွေနဲ့ ဆက်စပ်ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင်အချက်အလက်တွေ၊ ဒရုန်းတွေနဲ့ ပျက်စီးမှုကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေ၊ လေကြောင်းတိုက်ခိုက်ရာမှာ သုံးခဲ့တဲ့ လေယာဉ်ဆိုင်ရာ အချက်အလက်တွေ လက်နက်အကြွင်းအကျန်တွေရဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တွေ စတာတွေကို ပေးပို့ဖို့ IIMM က တောင်းဆိုထားပါတယ်။ ဒီအချက်အလက်တွေ တောင်းဆိုရတာဟာ ဒေသဆိုင်ရာနဲ့ နိုင်ငံတကာတရားရုံးတွေမှာ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို တရားစွဲဆိုဖို့ အသုံးပြုနိုင်မှာဖြစ်ပြီး တရားမျှတမှုနဲ့ တာဝန်ခံမှုကို အထောက်အကူပြုဖို့ရည်ရွယ်တယ်လို့ IIMM က အသိပေးထားပါတယ်။

ပေါင်းတည်မှာ ရာအိမ်မှူးတစ်ဦး နေအိမ်မှာ ပစ်ခတ်ခံရလို့ သေဆုံး

ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ရာအိမ်မှူး ကိုထွေး (ဝဲ)

ဓာတ်ပုံ ရင်းမြစ်, PPDF ၃၆၀၁ တပ်ရင်း

ဓာတ်ပုံ ပုံစာ, ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ရာအိမ်မှူး ကိုထွေး (ဝဲ)

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ထဲက ကွေ့မရွာရဲ့ ရာအိမ်မှူး ကိုထွေး နေအိမ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ တပ်ရင်းကတော့ တပ်ခွဲ ၄ ကနေ ပစ်ခတ်ခဲ့တာလို့ ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရာအိမ်မှူးကိုထွေးဟာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့နဲ့ ပေါင်းပြီး ရွာထဲက စစ်မှုမထမ်းလိုတဲ့ ဒေသခံတွေကို ကျပ် ၅၀,၀၀၀ ကနေ ကျပ် ၁၀၀,၀၀၀ အထိ ကောက်ခံတာတွေ လုပ်ခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းရဲ့ စစ်ထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောပါတယ်။ ငွေမပေးရင်လည်း "အုပ်ချုပ်ရေးမှူးအိမ်ကို ဆင့်ခေါ်ပြီး ရိုက်နှက်တာတွေ လုပ်တယ်"လို့ သူကဆိုပါတယ်။

အလားတူ ရွာထဲက ဒေသခံမဟုတ်တဲ့ စစ်ရှောင်လာသူတွေ ဧည့်စာရင်းမတိုင်ရင်လည်း ရာအိမ်မှူးကိုထွေးရဲ့ ရိုက်နှက်မှုကို ခံရလေ့ရှိတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ကတော့ ကွေ့မရွာရဲ့ ရာအိမ်မှူး ပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

ဒီဇင်ဘာ ၁၉ ရက်မှာပဲ ညောင်လေးပင်မြို့နယ်၊ သံတံတားစံပြကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဟာအမှတ် ၉ ကျေးရွာလမ်းပိုင်းတစ်နေရာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ရုရှားကိုလေးလေးစားစားဆက်ဆံရင် နောက်ထပ်စစ်ပွဲတွေမရှိတော့ဘူး လို့ ပူတင်ပြော

'Direct Line' လို့ခေါ်တဲ့ နာရီနဲ့ချီကြာတဲ့ အမေးအဖြေအစီအစဉ်ကို မော်စကိုက ခန်းမတစ်ခုမှာ ကျင်းပခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, 'Direct Line' လို့ခေါ်တဲ့ နာရီနဲ့ချီကြာတဲ့ အမေးအဖြေအစီအစဉ်ကို မော်စကိုက ခန်းမတစ်ခုမှာ ကျင်းပခဲ့တာပါ။

အနောက်နိုင်ငံတွေအနေနဲ့ ရုရှားအပေါ် လေးလေးစားစား ဆက်ဆံမယ်ဆိုရင် နောက်ထပ် စစ်ပွဲတွေ ထပ်မရှိတော့ဘူးလို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။

ရုရှားက ဥရောပနိုင်ငံတွေကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း သူက ပယ်ချသွားခဲ့ပါတယ်။

လေးနာရီခွဲနီးပါးကြာအောင် ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ အစီအစဥ်မှာ ဘီဘီစီ ရုရှားအယ်ဒီတာရဲ့အမေးကို ပူတင်က ပြန်ဖြေခဲ့တာပါ။

စစ်ဆင်ရေးတွေထပ်မရှိလာဖို့ အကျိုးစီးပွားတွေကို အပြန်အလှန် လေးစားဖို့လိုတယ် လို့သူကထပ်ပြောပါတယ်။

ဒီလအစောပိုင်းတုန်းက ရုရှားအနေနဲ့ ဥရောပနဲ့ စစ်ဖြစ်ဖို့ အစီအစဉ်မရှိဘူးလို့ ပူတင်ကပြောခဲ့ပေမဲ့ ဥရောပဘက်ကသာ စစ်ဖြစ်ချင်တယ်ဆိုရင်တော့ တိုက်ဖို့ အဆင်သင့်ပဲလို့ ပူတင်က ပြောခဲ့ပါတယ်။

'Direct Line' လို့ခေါ်တဲ့ နာရီနဲ့ချီကြာတဲ့ အမေးအဖြေအစီအစဉ်ကို မော်စကိုက ခန်းမတစ်ခုမှာ ကျင်းပခဲ့တာပါ။

ရုရှားနိုင်ငံရဲ့ မြေပုံကြီးတစ်ခုကို နောက်ခံထားပြီး ပူတင်က ဖြေကြားခဲ့တာပါ။

အဲဒီမြေပုံထဲမှာ ၂၀၁၄ တုန်းက သိမ်းယူခဲ့တဲ့ ခရိုင်းမီးယား (Crimea) အပါအဝင် ကျူးကျော်သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေကိုပါ ရုရှားနယ်နိမိတ်အဖြစ် ထည့်သွင်းဖော်ပြထားပါတယ်။

ရုရှားတစ်နိုင်ငံလုံးက သတင်းထောက်တွေနဲ့ အများပြည်သူတွေရဲ့ မေးခွန်းတွေကို ပေါင်းပြီး ဖြေကြားပေးခဲ့တာ ဖြစ်ပြီး ရုရှားအစိုးရပိုင် ရုပ်သံလိုင်းရဲ့ ပြောကြားချက်အရဆိုရင်တော့ မေးခွန်းပေါင်း သုံးသန်းကျော်တောင် ပေးပို့ထားကြတယ်လို့ ဆိုပါတယ်။

မနေ့ကပဲ ဥရောပသမဂ္ဂက ယူကရိန်းကို ယူရိုဘီလျံ ၉၀ ထုတ်ချေးခဲ့ပါတယ်။

မကွေး၊ နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန်

ဂုတ်ကြီးရွာကို စစ်တပ်ပြန်ထိန်းချုပ်ပြီလို့ တယ်လီဂရန်ချန်နယ်တွေမှာ ထုတ်ပြန်နေကြတဲ့ ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်

ဓာတ်ပုံ ပုံစာ, ဂုတ်ကြီးရွာကို စစ်တပ်ပြန်ထိန်းချုပ်ပြီလို့ တယ်လီဂရန်ချန်နယ်တွေမှာ ထုတ်ပြန်နေကြတဲ့ ဓာတ်ပုံ

အမ်း-ပဒါန်းလမ်းမပေါ် ရခိုင်ရိုးမက နတ်ရေကန်ဗျူဟာအနီးမှာရှိတဲ့ ဂုတ်ကြီးရွာမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ‌)ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ဘီဘီစီကိုပြောပါတယ်။

ဂုတ်ကြီးရွာဟာ နတ်ရေကန်ဗျူဟာစခန်းရဲ့ ကာကင်းတစ်ခုလည်းဖြစ်ပြီး အမ်း-ပဒါန်းလမ်းကို ထိန်းထားတဲ့နေရာတွေထဲက တစ်ခုလို့ သူက ရှင်းပြပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဂုတ်ကြီးရွာကို စစ်တပ်က ပြန်ထိန်းချုပ်ပြီလို့ ရေးသားနေကြပါတယ်။

ဂုတ်ကြီးရဲကင်းစခန်း၊ စာသင်ကျောင်းနဲ့ ဘုရားကုန်းစတဲ့ နေရာတွေအပါအဝင် ရွာတစ်ခုလုံးကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ ဓာတ်ပုံတွေနဲ့အတူ ရေးသားဖော်ပြနေကြတာပါ။

ဘီဘီစီရဲ့ သတင်းရင်းမြစ်ကတော့ "တချို့နေရာတွေ စစ်တပ်ပြန်ရတာမှန်ပေမယ့် အကုန်မထိန်းချုပ်နိုင်သေးဘူး။ နှစ်ဖက်တပ်တွေက တိုးလိုက်၊ ဆုတ်လိုက်ပဲ" လို့ ဒီနေ့ မနက်မှာ ပြောပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာရှိတဲ့ ဂုတ်ကြီးရွာဟာ ရခိုင်-မကွေးအစပ်မှာရှိပြီး ကမ္ဘာလုံးစခန်းလို့ခေါ်တဲ့ နတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ကျော်ပဲ ဝေးပါတယ်။ ရိုးမပေါက်လမ်းအတိုင်းသွားမယ်ဆိုရင်တော့ ၁၅ မိုင်ဝန်းကျင် ဝေးပါတယ်။

ဂုတ်ကြီးရွာကို အေအေနဲ့ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလမှာ သိမ်းပိုက်ခဲ့ပြီး အဲဒီအချိန်ကတည်းက စစ်တပ်က လေကြောင်းဗုံးကြဲတဲ့အပြင် စစ်ကားတွေနဲ့ပါ စစ်ကြောင်းထိုးပြီး ထိုးစစ်ပြန်ဆင်နေတာဖြစ်ပါတယ်။

ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေးသီးသန့်ဆွေးနွေးပွဲလုပ်မယ်

၂၀၂၂ ခုနှစ်က ကုလလုံခြုံရေးကောင်စီမှာကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပိုပြီးဆိုးရွားလာနေတဲ့ မြန်မာ့အရေးအတွက် သီးသန့်ဆွေးနွေးပွဲတစ်ရပ်ကို လာမယ့် ဒီဇင်ဘာ ၂၂ ရက်မှာ ကျင်းပမယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ထုတ်ပြန်ပါတယ်။

အဲဒီသီးသန့်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် မစ္စတာ တန်ဆီရီ အော့မန်း ဟာရှင် တို့က မြန်မာရဲ့ လက်ရှိအခြေအနေတွေကို ရှင်းလင်းတင်ပြသွားကြမယ်လို့ ဆိုပါတယ်။

ဒီသီးသန့်ဆွေးနွေးပွဲကို ကျင်းပဖို့ ဗြိတိန်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

လာမယ့်အစည်းအဝေးမှာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေ တိုးပွားလာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အလေးပေးပြောကြားဖို့ရှိတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကတော့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တဲ့အပြင် မြန်မာ့ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။