မြောက်ပိုင်းအပစ်ရပ်ပြီးနောက် ရခိုင်မှာ စစ်တပ် ဘယ်လိုစစ်ရှိန်မြှင့်နေလဲ

 ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်မှာ တွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်မှာ တွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

စစ်ကော်မရှင်တပ်ဟာ ရခိုင်ပြည််နယ်ထဲမှာ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆီ ဦးတည်တဲ့မြေပြင်စစ်ရေး ဖြန့်ကြက်မှုတွေလုပ်ဖို့ ကြိုးပမ်းနေသလို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အေအေကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက ၂ ဖွဲ့နဲ့ စစ်တပ်တို့ အပစ်ခတ်ရပ်စဲမှု သဘောတူညီချက်ထွက်လာတဲ့အပေါ် စစ်တပ်က အခွင့်ကောင်းယူပြီး ရခိုင်မှာ စစ်ရေးခွင်ပြန်ချဲ့ဖို့ စစ်ရှိန်မြှင့်လာတယ်လို့ အစောပိုင်းမှာပြောပါတယ်။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲမှာ အာရက္ခတပ်တော်(အေအေ)၊ ကိုးကန့်တပ်(MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ ပါဝင်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ မြို့တော်စစ်တွေနဲ့ကပ်နေတဲ့ အေအေထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်တွေကို နိုဝင်ဘာ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်တို့မှာ ၃ ရက်ဆက်တိုက်ဗုံးကြဲလို့ လူ ၁၆ ဦးသေဆုံးခဲ့တယ်လို့ ရခိုင်အခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့နယ် ၃ ခုသာ ထိန်းချုပ်ထားတဲ့စစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်စစ်ကြောင်းတွေ ရခိုင်ဒေသထဲ စီးဝင်လာဖို့ စစ်ရေး ဘယ်လိုပြင်နေပါလဲ။

၃ ရက်ဆက် လေကြောင်းဗုံးကြဲမှုတွေ ဖြစ်နေတဲ့ရခိုင်မြို့နယ်တွေ

အောက်တိုဘာလ ၃၁ ရက်တုန်းက ပုဏ္ဏားကျွန်းမြို့နယ်ထဲကို စစ်တပ်ဗုံးကြဲမှုအပြီး မြင်ရတဲ့ အခြေအနေလို့ ရခိုင်ပြည်နယ်အခြေစိုက် အာရက္ခမင်းသမီး မီဒီယာက သတင်းဖော်ပြပါတယ်

ဓာတ်ပုံ ရင်းမြစ်, APM

ဓာတ်ပုံ ပုံစာ, အောက်တိုဘာလ ၃၁ ရက်တုန်းက ပုဏ္ဏားကျွန်းမြို့နယ်ထဲကို စစ်တပ်ဗုံးကြဲမှုအပြီး မြင်ရတဲ့ အခြေအနေလို့ ရခိုင်ပြည်နယ်အခြေစိုက် အာရက္ခမင်းသမီး မီဒီယာက သတင်းဖော်ပြပါတယ်

ရခိုင်ပြည်နယ်ထဲ အေအေထိန်းချုပ်ထားတဲ့ ရသေ့တောင်၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဟာ အခုသီတင်းပတ်တွေအတွင်း စစ်တပ်ရဲ့လေကြောင်းကနေ ဗုံးကြဲမှုတွေကို ၃ ရက်ဆက်တိုက် ခံရလေ့ရှိတဲ့မြို့နယ်တွေ ဖြစ်လာတယ်ဆိုတာကို အေအေ ထုတ်ပြန်ချက်တွေမှာ မြင်နိုင်ပါတယ်။

စစ်တပ်က အောက်တိုဘာ ၂၉ ရက်ကနေ ၃၁ ရက်အထိ ၃ ရက်အတွင်း ဒီမြို့နယ်တွေမှာ လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။

ဒါအပြင် အဲဒီကာလအတွင်း စစ်တပ်က ဗုံးကြဲလို့ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်ထဲမှာ သေဆုံးသူ နောက်ထပ် ၆ ဦးရှိတယ်လို့လည်း ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်တပ်ရဲ့တိုက်လေယာဉ်၊ ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ရေကြောင်းမှာရှိတဲ့ စစ်ရေယာဉ်ရဲ့ ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတာလို့ အေအေက ပြောပါတယ်။

အဲဒီသေဆုံးမှုတွေထဲ အောက်တိုဘာ ၃၁ ရက်၊ ပုဏ္ဏားကျွန်းမြို့နယ်က ပန်းနီလာရွာလေကြောင်းတိုက်ခိုက်ခံရမှုက ထိခိုက်သေဆုံးမှု အများဆုံးဖြစ်တယ်လို့ အေအေရဲ့အချက်အလက်တွေအရ သိရပါတယ်။

စစ်တွေမြို့ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး စစ်တွေနဲ့ကပ်လျက် ပုဏ္ဏားကျွန်းမြို့ကိုတော့ အေအေက ထိန်းချုပ်ထားတာပါ။

နိုဝင်ဘာ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်အတွင်း စစ်တပ်က ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်တွေကို ၃ ရက်ဆက်တိုက်ဗုံးကြဲလို့ လူ ၁၆ ဦးသေဆုံးခဲ့တယ်လို့ ရခိုင်အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

ဒါဟာ အောက်တိုဘာလကုန်ပိုင်းနောက်ပိုင်း သီတင်းတစ်ပတ်ပဲခြားပြီး စစ်တပ်ရဲ့ ၃ ရက်ဆက်လေကြောင်း ဗုံးကြဲမှုတွေလည်း ဖြစ်လာပါတယ်။

တဖက်မှာလည်း စစ်တပ်က နောက်ဆုံးပြုလုပ်ထားတဲ့ လေကြောင်းဗုံးကြဲရာနေရာတွေထဲ စစ်တွေမြို့နယ်ထဲက နေရာတွေ ပါဝင်နေပါတယ်။

"အေအေက စစ်တွေ မြို့ပြင်ကနေ ဝိုင်းရံပြီး ပိတ်ဆို့ထားတာ၊ စစ်တွေမြို့နယ်ထဲ တချို့နေရာတွေမှာလည်း အေအေတပ်တွေ တပ်စွဲထားတယ်" လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ပုဏ္ဏားကျွန်း-စစ်တွေမြို့ကြားက ကျိုးကျနေတဲ့ မင်းချောင်းတံတားကိုလည်း ပြီးခဲ့တဲ့လတွေအတွင်း ယာယီသွားလာလို့ရအောင် ပြန်ပြင်ဆင်တာတွေ လုပ်နေတယ်လို့ အေအေနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"တံတားပြန်ပြင်ပြီးသွားရင် ပုဏ္ဏားကျွန်းဘက်ခြမ်းမှာ ခံစစ်ပြင်ဖို့ ကြိုးစားနေတာ" လို့ သူကဆိုပါတယ်။

အေအေတပ်အများစုက စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်နေရာတွေမှာ အထိုင်ချထားတာကြောင့် မြန်မာစစ်တပ်က မြို့နယ်အစပ်နေရာတွေကို စစ်တွေ အခြေစိုက်တပ်တွေကနေ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တာ၊ လေကြောင်းတိုးပြီး တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရှောင်အရေးကူညီသူ ကိုဝေဟင်အောင်က ပြောပါတယ်။

စစ်တပ်က ပုဏ္ဏားကျွန်းဘက်ကို ဒီရက်ပိုင်းအတွင်း "လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ပိုတိုးလုပ်လာတယ်" လို့ သူကဆိုပါတယ်။

ဒါ့အပြင် စစ်တပ်က စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို ပင်လယ်ရေးကြောင်းကနေတဆင့် စစ်သင်္ဘောတွေနဲ့ စစ်ကူအင်အား ထပ်ပို့နေတာတွေရှိတယ်လို့ ကိုဝေဟင်အောင်က ပြောပါတယ်။

"ကမ်းပေါ်အထိ အင်အားတွေ မတက်လာသေးဘူး။ မြို့အနီးတဝိုက်က စစ်ရေယာဉ်တွေပေါ်ကနေ စစ်ပြင်ရင်း စောင့်ကြည့်နေတာ" လို့ သူက ဆက်ပြောပါတယ်။

နိုဝင်ဘာလ ၇ ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ လေကြောင်းဗုံးကြဲခံရမှု အပြီး မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, PYA

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာလ ၇ ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ လေကြောင်းဗုံးကြဲခံရမှု အပြီး မြင်ကွင်း

အေအေကတော့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို စစ်တပ်က ရေကြောင်းကနေ စစ်အင်အားတိုးချဲ့နေတယ်လို့ အောက်တိုဘာလအတွင်း ပြောထားပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ စစ်သင်္ဘောသွားလာမှုတွေကို ရခိုင်တောင်ပိုင်းက သံတွဲနဲ့ ဂွမြို့အနီးက ပင်လယ်ပြင်မှာ ခပ်စိပ်စိပ်တွေ့လာရတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ ရခိုင်က စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူ စတဲ့ ၃ မြို့နယ်ထဲ မာန်အောင်မြို့နယ်မှာတော့ နှစ်ဖက် စစ်ပြင်၊ စစ်ဆိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ သိရပါတယ်။

TNLA နဲ့ စစ်တပ်နဲ့ အပစ်ရပ်သဘောတူညီလိုက်တဲ့အကြောင်း ကြေညာချက်ထုတ်ပြန်တဲ့ အောက်တိုဘာ ၂၉ ရက်မှာပဲ ရခိုင်ဒေသထဲကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်တချို့က အတည်ပြုသလို အေအေကလည်း သတင်းဖော်ပြခဲ့ပါတယ်။

ရခိုင်စစ်ရေးအကဲခတ်သူတစ်ဦးကတော့ ရှမ်းမြောက်မှာ အပစ်ရပ်လိုက်တာက "စစ်မျက်နှာစုံဖွင့်ထားရလို့ စစ်တပ်အတွက် စစ်ရေးအရ ဗျာများနေရာကနေ ရခိုင်ကိုပဲ ဦးတည်အာရုံစိုက်ပြီး စစ်ရေးဖိအားပေးလို့ရသွားတဲ့ အခြေအနေဖြစ်သွားတယ်" လို့ မှတ်ချက်ပြုပါတယ်။

ရခိုင်မှာ စစ်တပ်က လေကြောင်းဗုံးကြဲမှုတွေ ပြုလုပ်လာတာဟာ စစ်ရေးအရ ဖိအားပေးနည်း တစ်နည်းလို့ စီဒီအမ်ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပေးပါတယ်။

''လေကြောင်းကနေ ချီပြီးတော့ တိုက်မယ်။ ရေကြောင်းကနေချီပြီးတော့ တိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ စစ်ရေးဖိအားပေးနေသလို အခြားနည်းနဲ့လည်း အာရက္ခတပ်တော်အပေါ်မှာ ဖိအားပေးတယ်လို့တော့ ကျွန်တော်ထင်တယ်''

ပန်းတောင်း ကပစ ၁၆ နဲ့ တောင်ကုတ်အဝင် တိုက်ပွဲတွေ

တောင်ကုတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ အေအေ ရှေ့တန်းတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, တောင်ကုတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ အေအေ ရှေ့တန်းတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ရခိုင်ပြည်နယ်ထဲက တောင်ကုတ်မြို့နယ်ထဲကိုအဝင် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက နေရာတချို့မှာလည်း စစ်တပ်နဲ့ အေအေတို့ နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

တောင်ကုတ်ကနေ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မရောက်ခင်အထိ ပဲခူးရိုးမ တကြောလုံးနီးပါးကို အေအေက ထိန်းချုပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဥသျှစ်ပင်မြို့ရဲ့အလွန် တောင်ကုတ်မြို့ဘက်ကို အသွား ညောင်ခြေထောက်နဲ့ ညောင်ကျိုးရွာတွေမှာတော့ အေအေနဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ သူက ဆက်ပြောပါတယ်။

"စစ်တပ်က ခံစစ်ပြင်ထားတယ်။ ထိုးစစ်လည်း လုပ်နေလို့ အေအေနဲ့ တိုက်ပွဲဖြစ်နေတုန်းပဲ" လို့ သူက ဆိုပါတယ်။

ပန်းတောင်းမြို့နယ်ထဲက အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) အနီးမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ကပစ ၁၆ ဟာ မြန်မာစစ်တပ် ကာကွယ်ရေးပစ္စည်းစက်ရုံတွေထဲက ယမ်းချက်စက်ရုံဖြစ်ပါတယ်။

ပန်းကန်ကွေ့(ပုဂံကွဲ)ရွာနဲ့ ကပစ-၁၆ အနီးက မြန်မာစစ်တပ်ရဲ့ ပွိုင့် ၆၆၆ ကုန်းကို သိမ်းထားတယ်လို့ အောက်တိုဘာ တတိယအပတ်မှာ အေအေက သတင်းထုတ်ပြန်ပါတယ်။

အဲဒီကုန်းကို ရပြီးတဲ့နောက် ကပစ-၁၆ အနီးက နောက်ထပ်ကာကင်းစခန်းတစ်ခုကိုလည်း အေအေနဲ့ပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၄ ရက်မှာ သိမ်းခဲ့တယ်လို့ NUG လက်အောက်ခံ ပြည်ခရိုင်သတင်းပြန်ကြားရေးတာဝန်ခံက ဘီဘီစီကို အစောပိုင်းက ပြောပါတယ်။

ပွိုင့်ကုန်းနဲ့ ကာကင်းစခန်းသိမ်းခဲ့တဲ့အခြေအနေတွေကြောင့် စစ်ရေးတင်းမာခဲ့ပါတယ်။

စစ်တပ်ကလည်း ၆၆၆ ပွိုင့်ကုန်းနဲ့ ကာကင်းခစန်း လက်လွှတ်လိုက်ရပြီးနောက် ကပစ ၁၆ ကို အကာအကွယ်ပေးနိုင်ဖို့ တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းကို ဦးတည်ပြီး စစ်ကြောင်းဆက်ထိုးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က နိုဝင်ဘာ ၂ ရက်မှာ ထပ်ပြောပါတယ်။

နိုဝင်ဘာ ပထမသီတင်းပတ်မှာတော့ စစ်တပ်က အဲဒီပွိုင့် ၆၆၆ ကုန်းကို ပြန်သိမ်းဖို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကော်မရှင်တပ်တို့ ပေါင်းပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတယ်လို့ သူက ပြောပါတယ်။

အဲဒီစစ်ကြောင်းနဲ့ အေအေ ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက် စစ်တပ်စစ်ကြောင်းဟာ ပြန်ဆုတ်သွားတယ်လို့ သူက နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။

"ညောင်ခြေထောက်ဘက်ပြန်ဆုတ်သွားတာ။ လက်ရှိကတော့ စစ်ရေးတင်းမာနေတုန်းပဲ" လို့ သူကဆိုပါတယ်။

အေအေသိမ်းထားတဲ့ ၆၆၆ ပွိုင့်ကုန်းကို ပြန်ရဖို့အတွက် ကပစ-၁၆ ထဲကို လေကြောင်းကနေ စစ်ကူအင်အား ၁၀၀ ထက်မနည်း ထပ်ပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အမ်း - ပဒါန်းလမ်း စစ်ရေး

မကွေးတိုင်းထဲမှာ တွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, မကွေးတိုင်းထဲမှာ တွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ရခိုင်ပြည်နယ်(တောင်ပိုင်း)မှာလည်း စစ်တပ်က မြေပြင်စစ်ကြောင်းတွေ စီးဝင်နိုင်ဖို့ ရခိုင်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။

လက်ရှိမှာတော့ "အမ်း-ပဒါန်းလမ်းဟောင်းနဲ့ ရှောင်ကွင်းလမ်း" စတဲ့ လမ်းကြောင်း ၂ ခုကနေ စစ်တပ်က ထိုးစစ်ဖောက်ဖို့ စစ်ကူတွေနဲ့ ရှေ့တန်းစစ်အင်အားတွေ ပို့နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

အမ်း-ပဒါန်းလမ်းမြောက်ဘက်ခြမ်း နတ်ရေကန်ဗျူဟာကုန်းအနီးမှာတော့ အေအေနဲ့ စစ်ကော်မရှင်တပ်တွေကြား ဆက်ရှိနေတယ်လို့ သူက ဆိုပါတယ်။

နတ်ရေကန်ဗျူဟာကုန်းဟာ မြန်မာစစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

ဒီတပ်စခန်းကနေ ရခိုင်ဒေသအပါအဝင် နိုင်ငံရဲ့ အနောက်ဘက်ခြမ်းမှာ လေကြောင်းထိုးစစ်ဆင်ဖို့အတွက် လေကြောင်းထောက်လှမ်းမှုတွေ လုပ်နေတာကြောင့် အေအေနဲ့ စစ်တပ် နှစ်ဖက်လုံးအတွက် စစ်ရေးအရ အခရာကျတဲ့ တပ်စခန်းတစ်ခုလို့ ရခိုင်စစ်ရေးကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်က နတ်ရေကန်ဗျူဟာကုန်းကိုတော့ စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်ပြီး ဗျူဟာကုန်းအနီးက ကာကင်းစခန်းတချို့ကိုတော့ အေအေက တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ချင်းကာကွယ်ရေးတပ်(အရှို) CDF – Asho ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက နိုဝင်ဘာ ၂ ရက်မှာပြောပါတယ်။

CDF – Asho ဟာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ အေအေ တပ်တွေနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။

မြေပြင် စစ်ရေးနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်ကတော့ စစ်ကော်မရှင်တပ်ဟာ မြေပြင် စစ်ရေးမတိုးနိုင်တဲ့အခြေအနေမှာ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု တိုးလုပ်လာတာလို့ မှတ်ချက်ပေးပါတယ်။

''ဒီရက်ပိုင်းမှာတော့ စစ်တပ်ဘက်ကတော့ တစ်နေ့ကို နှစ်မြို့သုံးမြို့ အဲဒီလို ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်။ ပြည်သူတွေတော်တော်များများ အသက်သေကြေကြတယ်။ ဒဏ်ရာရတာတွေ ရော၊ နောက် အဆောက်အဦ ပျက်စီးတာတွေလည်း ရှိလာတယ်။ အဓိက မြေပြင်က စစ်ကြောင်းထိုးတာ မအောင်မြင်တဲ့အတွက် လေကြောင်းက တိုက်ခိုက်နေတာ။ လူထုကို ပစ်မှတ်ထားပြီးတော့ အေအေကို စစ်ရေးခြိမ်းခြောက်တယ် အဲဒီလိုပဲပြောရမှာပဲ''