ရခိုင်စစ်ရေး ဘယ်ကိုဦးတည်နေလဲ - ဘူးသီးတောင်အပါအဝင် ရခိုင်မြောက်ပိုင်း အခြေအနေတွေအပေါ် ဆန်းစစ်ခြင်း

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်ထဲ ပိုပြီး ပြင်းထန်လာတဲ့ တိုက်ခိုက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာမျိုး ရှိ မရှိ ဆန်းစစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)အဖွဲ့က ကြေညာပါတယ်။
သူတို့ စောင့်ကြည့် မှတ်တမ်းတင်တာတွေထဲ ဘူးသီးတောင် မြို့နယ်ထဲမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေနဲ့ မီးရှို့မှုတွေကြောင့် ရိုဟင်ဂျာအရပ်သားတွေ အများအပြား နေရပ်ကနေ ပြောင်းရွှေ့ ရတာတွေ၊ ရခိုင်နဲ့ ဟိန္ဒူအရပ်သားတွေ အပေါ်မှာလည်း သက်ရောက် ရိုက်ခတ်ခံနေရတဲ့ ဖြစ်ရပ်တွေ ပါဝင်တယ်လို့ IIMM အဖွဲ့က ဆိုပါတယ်။
ဒီတော့ ဘူးသီးတောင် အပါအဝင် ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်၊ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အရင်က ရက္ခိုင့်တပ်တော်လို့ သိကြတဲ့ အာရက္ခတပ်တော်(အေအေ)တို့ကြား ပေါ်ပေါက်နေတဲ့ စစ်ရေး အခြေအနေတွေနဲ့ နောက်ခံ ဖြစ်ရပ်တွေက ဘာတွေပါလဲ ...
ရခိုင်မှာ လူမျိုးရေးအခြေခံပဋိပက္ခကြီး ပေါက်ကွဲထွက်လာမယ့်အန္တရာယ် ရှိနေပြီလား ...
ရခိုင်စစ်ရေးမှာ တရုတ်အပါအဝင် နိုင်ငံတကာရဲ့ ကြားဝင် ဟန့်တားမှုရှိလာနိုင်လား ... စတာတွေ အကြောင်း နိုင်ငံတကာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး နည်းလမ်းတွေ အကြံပြုဖို့ ဖွဲ့ထားတဲ့ ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် International Crisis Group အဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အရေးဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ် ကီးန်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုးက ဆက်သွယ် မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ရခိုင်ပြည်နယ်ထဲ ဘူးသီးတောင်မြို့ တိုက်ပွဲ အပါအဝင် ပေါ်ပေါက်နေတဲ့ လက်ရှိအခြေအနေတွေဟာ ဘယ်လောက် ပြင်းထန် လေးနက်တယ်လို့ တွမ်တို့ ဆန်းစစ်ထားကြပါသလဲ။
သောမတ်စ်ကီးန်။ ။ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း၊ ရခိုင်ထဲက အခြေအနေတွေဟာ အင်မတန် ပြင်းထန် လေးနက်နေတဲ့အပေါ် မျက်မှောက်ပြု သိနားလည်ရမှာက လွဲပြီး၊ တခြား ရှုထောင့်အမြင်ကနေ ကြည့်လို့ မရနိုင်ဘူးလို့ ထင်ပါတယ်။ အခြေအနေတွေဟာ ဘာကြောင့် ပြင်းထန်လေးနက်ရသလဲ ဆိုတဲ့ အခြေခံအကြောင်းတွေလည်း တစ်ခုထက်မက ပိုရှိပါတယ်။
ပထမဆုံးအချက်ကတော့ မြန်မာ စစ်ကောင်စီတပ်တွေနဲ့ အေအေကြား ပေါ်ပေါက်နေတဲ့ တိုက်ပွဲတွေရဲ့ ပြင်းထန်မှုပါ။ တကယ့်ကို ကြီးမားတဲ့ အတိုင်းအတာ ပမာဏမျိုးနဲ့ ရခိုင်ရဲ့ နေရာအများအပြားမှာ ပေါ်ပေါက် လာနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေဟာ ရခိုင်မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်း နေရာ အနှံ့မှာ လက်ရှိမှာကို တိုက်နေ ခိုက်နေကြတဲ့ ပစ္စက္ခစစ်ပွဲ - “hot war” တွေ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီစစ်ပွဲတွေရဲ့ ပြင်းထန်မှုတွေကနေ ရခိုင်ရဲ့ အခြေအနေဟာ အဘက်ဘက်မှာ ဆိုးရွားသွားပါတယ်။ ရခိုင်ထဲ အဝင်အထွက်တွေကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့ ထားပါတယ်။ ကုန်စည်စီးဆင်းမှုတွေ၊ ကူးသန်းသွားလာရေးတွေ ရပ်တန့်သွားပြီး၊ အဲဒီဒဏ်ကို လက်ရှိတိုက်ပွဲဖြစ်မနေတဲ့နေရာတွေမှာတောင် အရပ်သားတွေ တွေ့ကြုံ ခံစားနေရပါတယ်။
အခြေခံ စားနပ်ရိက္ခာ ရရှိနိုင်ရေးကအစ အခက်ကြုံ လာရပါတယ်။ ပြည်နယ် တစ်ခုလုံးနီးပါး လျှပ်စစ်မီး ပြတ်တောက်နေပြီး ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေလည်း မရတော့ပါဘူး။
စိုးရိမ်စရာ အကောင်းဆုံး အခြေအနေကတော့ ... လက်ရှိ ရခိုင်မြောက်ပိုင်း၊ ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာ ပေါ်ပေါက်နေတဲ့ စစ်ရေး ပဋိပက္ခတွေရဲ့ ရိုက်ခတ် သက်ရောက်မှုတွေ ဖြစ်ပါတယ်။ အဲဒီမှာဖြစ်နေတဲ့ပဋိပက္ခတွေကို ၃ လမ်းသွား ပဋိပက္ခတွေအဖြစ် ပုံဖော်နိုင်ပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်း တစိတ်တပိုင်းကို လက်နက်တပ်ဆင် ပေးလာပါတယ်။ စစ်သားသစ်တွေအဖြစ် စုဆောင်းပါတယ်။ အေအေနဲ့ ဖြစ်နေတဲ့စစ်ပွဲတွေမှာ အသုံးချပါတယ်။ အဲဒီလို စစ်သားသစ်တွေ၊ ဒါမှမဟုတ် ပြည်သူ့စစ်အသွင် တိုက်ခိုက်ရေးသမားတွေအဖြစ် လက်နက်တပ်ဆင် အသုံးပြုတာမျိုး ရှိသလို၊ ရိုဟင်ဂျာတွေထဲက ကာယကံရှင်ရဲ့ သဘောဆန္ဒအလျှောက် သဘောမျိုး သူတို့ဘာသာ လာရောက် ပူးပေါင်းလိုသူတွေရှိရင်လည်း စစ်တပ်က လက်ကမ်း ကြိုဆိုပြီး အသုံးချပါတယ်။
တခါ၊ ရှိနှင့်နေခဲ့ပြီးသား ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုတွေဟာလည်း အခုအချိန်မှာ အေအေကို တိုက်ခိုက်ရေးမှာ စစ်ကောင်စီတပ်ကို အထောက်အကူ ပြုပေးနေတဲ့ အခြေအနေမျိုးတွေ့ရပါတယ်။ ဒီလိုမျိုး လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီ၊ အေအေနဲ့ ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားတွေရဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ၊ စစ်ရေးသက်သက်တင်မက ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဘက် လူမှု အသိုင်းအဝိုင်းထဲမှာလည်း တင်းမာမှုတွေ မလွဲမသွေ နောက်ကလိုက်ပြီး ပေါ်ပေါက်လာပါတယ်။
အဲဒီလိုမျိုး လူမှုအသိုင်းအဝိုင်းထဲမှာပါ ဖြစ်ပေါ်လာနေတဲ့ တင်းမာမှုတွေဟာ ရခိုင်ထဲက အခြေအနေတွေ ဘယ်လောက် ပြင်းထန် ဆိုးရွားနေတယ်၊ ဘယ်လောက် စိုရိမ်စရာ ကောင်းနေတယ် ဆိုတာကို မီးမောင်းထိုး ဖော်ပြနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UGC
ဘီဘီစီ။ ။ တွမ်ရေ ... အရင်ရှိနှင့်နေခဲ့ပြီး ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေနဲ့ ပေါင်းပြီး၊ အေအေကို တိုက်ခိုက်နေတယ်ဆိုတာကို အချက်အလက် အနေနဲ့ လက်ဆုပ် လက်ကိုင် ပြောနိုင်သလား ခင်ဗျ။
သောမတ်စ်ကီးန်။ ။ အခြေအနေတွေဟာ ရှုပ်ထွေးပြီး သိနားလည်ရ ခက်စေတာကတော့ အမှန်ပါပဲ။ ရိုဟင်ဂျာ လက်နက်ကိုင်တွေထဲက အဓိက အုပ်စုတွေလို ပြောရမယ့် ARSA(အာဆာ)၊ RSO နဲ့ ARA ၃ ဖွဲ့စလုံးဟာ သူတို့ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းနေတယ် ဆိုတာကို ကိုယ်စီ ငြင်းဆိုကြတာ တွေ့ရပါတယ်။ ဒါပေမယ့် တစ်ဘက်မှာတော့ သူတို့နဲ့ စစ်ကောင်စီတပ်တွေကြား ပူးပေါင်း လုပ်ဆောင်မှုတွေ ရှိနေတာကို ညွှန်ပြနေတဲ့ သက်သေ အထောက်အထားတွေ အတော်အတန် ရှိနေပါတယ်။
ဘူးသီးတောင် ဒေသမှာ အာဆာနဲ့ စစ်တပ်ကြား ပူးပေါင်း လုပ်ဆောင်မှုတွေ ရှိလာတာကို မတ်လ လောက်ကတည်းက တွေ့လာရပါတယ်။ သူတို့ဟာ အခွန်ကောက်ခံတာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ နေရာယူတာတွေ ပြုလုပ်နေခဲ့ပါတယ်။
RSO ကို ကြည့်ရင်တော့ နည်းနည်း အသွင်ကွဲပါတယ်။ အစောပိုင်းမှာတော့ သူတို့ဟာ စစ်ကောင်စီတပ်တွေကိုရော၊ အေအေကိုရော မတိုက်ပဲနဲ့ နေခဲ့ပါတယ်။ အေအေနဲ့ကြား နားလည်မှု တစုံတရာ ရထားခဲ့ဟန် တူပါတယ်။ အဲဒီသဘောတူမှု ကျိုးပျက်သွားပြီး အာအက်စ်အိုလည်း အေအေကို ပြီးခဲ့တဲ့ ဧပြီလောက်မှာ စပြီး တိုက်ခိုက်လာပါတယ်။ RSO ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲမှာ တိုက်ခိုက်ရေးသမား လူသစ်တွေ စုဆောင်းတာမျိုးကို အတင်းအဓမ္မနဲ့ အကြီးအကျယ် လုပ်ပါတယ်။ အဲဒီလူသစ်တွေကို မြန်မာပြည်ဘက် ပို့ပါတယ်။ မြန်မာပြည်ဘက်ရောက်သွားတဲ့ အဲဒီလူသစ်တွေဟာ မြန်မာ စစ်ကောင်စီတပ်တွေရဲ့ အသုံးပြုမှုခံရတာကို တွေ့ရပါတယ်။
အဲဒီအချက်ဟာ RSO နဲ့ စစ်ကောင်စီကြားက ဆက်ဆံရေးကို ညွှန်ပြနေပါတယ်။ သူတို့ကြား ဆက်ဆံရေးအပေါ် အလုံးစုံ မသိရရင်တောင် ပူးပေါင်းဆောက်ရွက်မှု အတိုင်းအတာတစ်ခုထိ ရှိနေကြောင်း သိသာစေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ARSA
ဘီဘီစီ။ ။ ဒီလို အခြေအနေတွေမှာ အေအေရဲ့ အပြုအမူတွေကိုရော ဘယ်လို တွေ့ရပါသလဲ။ သူတို့ အနေနဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်း အပေါ် ဘယ်လို ပြုမူ ဆက်ဆံပါသလဲ။
သောမတ်စ်ကီးန်။ ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စပြီး၊ အေအေဟာ ရခိုင်ထဲက ဒေသတချို့မှာ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး အပိုင်းကိုပါ လုပ်ဆောင်လာပါတယ်။ သူတို့ဟာ နယ်မြေဒေသတွေကို ထိန်းချုပ်လာနိုင်တာနဲ့အမျှ အဲဒီထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေးကို ထူထောင်လာတာ ဖြစ်ပါတယ်။
သူတို့ ထိန်းချုပ်တဲ့ဒေသတွေမှာ ရိုဟင်ဂျာအသိုင်းအဝိုင်း ရှိနေတဲ့နေရာတွေလည်း ပါဝင်ပါတယ်။ အရေအတွက် သိန်း သန်း မချီရင်တောင်မှ၊ မနည်းလှတဲ့ ဦးရေ ပမာဏမျိုး သောင်းဂဏန်းတချို့ အထိ ရှိနိုင်ပါတယ်။ ဒီတော့ အဲဒီရိုဟင်ဂျာတွေဟာ အေအေရဲ့ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုအောက်မှာ ရှိနေခဲ့တာ နှစ်တချို့ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အေအေ အနေနဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးကို ရရှိဖို့ ကြိုးစားတာမျိုးကို တွေ့နေခဲ့ရပါတယ်။ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ ဒီလို ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတာဟာ အားလုံးအတွက် လက်တွေ့ကျပြီး အကျိုးရှိစေမယ်ဆိုတဲ့အချက်ကို အေအေ အနေနဲ့ သိမြင်ခဲ့ပုံ ရပါတယ်။
ရိုဟင်ဂျာတွေ အသွားအလာ ကန့်သတ် ချုပ်ချယ်ခံထားရတာကို ဖြေလျှော့ပေးတာမျိုး ပြုလုပ်ပါတယ်။ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းနှစ်ခုကြား အပြန်အလှန် ဆက်ဆံရေးရှိဖို့ အေအေက တွန်းအားပေးပါတယ်။ ရခိုင်ရွာတွေထဲကနေ ရိုဟင်ဂျာတွေကို ပေးပြီး ဖြတ်သန်းတာမျိုး ခွင့်ပြုဖို့ အေအေက ရခိုင်ဘက်ကို တိုက်တွန်းတာမျိုး ပြုလုပ်ပါတယ်။ နှစ်ဘက် ပြောဆိုဆက်ဆံရေးရှိပြီး၊ ဆက်ဆံရေး ပိုကောင်းလာအောင် ရည်ရွယ်ပုံရပါတယ်။ ရိုဟင်ဂျာတွေ အပေါ် ဘင်္ဂါလီ ဆိုပြီး ရည်ညွှန်း သုံးစွဲတာမျိုးကို သတိထား ရှောင်တာမျိုး တွေ့ရပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ အဲဒီအခြေအနေတွေဟာ အကုန်ပြောင်းလဲ သွားပါတယ်။ ဘင်္ဂါလီ ခေါ်တာကအစ ပြန်ပြီး ပြုလုပ်လာတဲ့ အတွက် နှစ်ဘက် အသိုင်းအဝိုင်းကြား တင်းမာမှုတွေကို ပိုပြီး မီးလောင်ရာ လေ့ပင့် ဆိုသလိုမျိုး ဖြစ်လာစေပါတယ်။ ဒီလို အပြောင်းအလဲမျိုးတွေကို ပြီးခဲ့တဲ့ မတ်လလောက်က စပြီး တွေ့လာရပါတယ်။
နိုင်ငံတကာရောက် ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေကလည်း အဲဒီအပြောင်းအလဲတွေအပေါ် သတိထားမိပြီး ဆိုရှယ်မီဒီယာတွေ အပေါ် အတော်လေး ပြောဆိုလာကြပါတယ်။ လက်တွေ့မြေပြင်ပေါ်မှာလည်း ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာ ဆိုရင် ရိုဟင်ဂျာနဲ့ အေအေကြား ဆက်ဆံရေးဟာ ပျက်ယွင်းသွားပါတယ်။ အခြေအနေတွေဟာ ဧပြီနဲ့ မေလတွေမှာ ပိုပြီး ဆိုးရွားလာပါတယ်။
အေအေအနေနဲ့ ရိုဟင်ဂျာတွေ အပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ် ဆိုပြီး စွပ်စွဲမှုတွေအတော်လေး ထွက်ပေါ်လာပါတယ်။ ရိုဟင်ဂျာတွေကို တစ်နေရာကနေ တစ်နေရာ အတင်းအကျပ် ရွှေ့ပြောင်းစေတာ၊ သူတို့ နေအိမ်တွေကနေ အတင်းအဓမ္မ ထွက်သွားခိုင်းတာ၊ နေအိမ်တွေကို ဖျက်ဆီးပစ်တာကအစ ဥပဒေမဲ့ သတ်ဖြတ်တာမျိုးထိ လုပ်ဆောင်လာတယ်ဆိုပြီး စွပ်စွဲမှုတွေ၊ ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြသံတွေ ထွက်လာပါတယ်။
အဲဒီစွပ်စွဲမှုတွေကို အထောက်အပံ့ဖြစ်စေတဲ့သက်သေတွေလည်း ရှိနေပါတယ်။ ဆိုလိုတာက စွပ်စွဲမှုတွေ မှန်ကန်ကြောင်း ပြသနေတဲ့ အချက်တချို့ကို တွေ့ရပါတယ်။ အားလုံးအပေါ် စိစစ် ပိုင်းခြားနိုင်ဖို့ကတော့ ခက်လှပါတယ်။ ပြောခဲ့သလို အင်တာနက်နဲ့ ဖုန်းလိုင်းတွေက အစ ဆက်သွယ်ရေး လမ်းကြောင်းတွေအားလုံး ပြတ်တောက်နေတဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တတ်နိုင်သလောက် အချက်အလက်တွေ ရှာဖွေ စုဆောင်း ဆန်းစစ်ကြည့်ပါတယ်။ ဥပမာ ပြောရရင် ဂြိုဟ်တု ဓာတ်ပုံတွေပါ။
ဘူးသီးတောင် တဝိုက် ရိုဟင်ဂျာရွာတွေ မီးလောင်ပြာကျနေတာကို အဲဒီဓာတ်ပုံတွေက ဖော်ပြနေပါတယ်။ ဒါဟာ ဘူးသီးတောင် မြို့ပေါ် နေရာတွေ မီးမလောင်ခင် ကတည်းက ရိုဟင်ဂျာရွာတွေ မီးလောင်ခံခဲ့ရတာ ဖြစ်ပါတယ်။
နှစ်ဘက်စလုံးကတော့ တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲနေကြပါတယ်။ ရိုဟင်ဂျာအသိုင်းအဝိုင်းက အေအေတပ်တွေ လုပ်တာလို့ ပြောသလို၊ အေအေဘက်ကလည်း စစ်ကောင်စီနဲ့ စစ်ကောင်စီ အပေါင်းအပါ ရိုဟင်ဂျာတွေရဲ့ လက်ချက်လို့ ဆိုပါတယ်။ ဖြစ်ရပ်မှန်တွေဟာ တစ်နေ့နေ့ မလွဲမသွေ ပေါ်ပေါက်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ကြီးမားတဲ့ အတိုင်းအတာ ပမာဏနဲ့ ပေါ်ပေါက်ခဲ့သမျှ အရာတွေမှာ မျက်မြင် လူ သက်သေတွေ အပါအဝင် အထောက်အထားတွေလည်း အခိုင်အမာ ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ အခု ဖြစ်ပျက်နေတာတွေ၊ ပေါ်ပေါက်နေတာတွေကို လုံးဝ ဖုံးကွယ်လိုက်ဖို့၊ ဖျောက်ဖျက်လိုက်ဖို့ မဖြစ်နိုင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Planet Labs, PBC
ဘီဘီစီ။ ။ ဒီတော့ အခု ပေါ်ပေါက်နေတာတွေဟာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ နိုင်ငံတကာ စွပ်စွဲမှုတွေ ရှိလာစေခဲ့တဲ့ ၂၀၁၆-၁၇ အဖြစ်အပျက်တွေမျိုး ပြန်ဦးတည်နေလား။ ရခိုင်နဲ့ ရိုဟင်ဂျာကြား လူမျိုးရေးအခြေခံပဋိပက္ခတွေ ကြီးမားတဲ့ အတိုင်းအတာပမာဏနဲ့ ပေါက်ကွဲ ထွက်လာတော့မယ်လို့ စိုးရိမ်ရလား။
သောမတ်စ်ကီးန်။ ။ ဒီတခါ အခြေအနေတွေဟာ အရင်ဖြစ်ပျက်ခဲ့တာတွေနဲ့ ထပ်တူချပြီး ပြောလို့တော့ မရနိုင်ပါဘူး။ အခု ကျွန်တော်တို့ အာရုံစိုက်ပြောနေတာဟာ ဘူးသီးတောင်နဲ့ မောင်တောဒေသဖြစ်ပြီး၊ အရပ်သားအများစုက ရိုဟင်ဂျာတွေဖြစ်တဲ့အတွက် အဲဒီလိုနေရာမျိုးမှာ မတူတဲ့ လူမှုအသိုင်းအဝိုင်း ၂ ခုကြားက ပြဿနာဆိုတာထက် စာရင်၊ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ အေအေတပ်ကြားက အခြေအနေတွေ ဖြစ်ပါတယ်။
ဒီတော့ communal violence လို့ ခေါ်တဲ့ လူမှုအသိုင်းအဝိုင်းနှစ်ခုကြားက အဓိကရုဏ်း အကြမ်းဖက် ပုံစံမျိုးဟာ ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာတော့ ပေါ်ပေါက်နိုင်ခြေနည်းတယ်လို့ ဆိုနိုင်ပါတယ်။ စိုးရိမ်ရတာက ရိုဟင်ဂျာအရေအတွက် အများစုရှိမနေတဲ့ တခြားဒေသတွေမှာ communal violence တွေ ပေါ်ပေါက်လာမလား ဆိုတာ ဖြစ်ပါတယ်။
နောက် စိုးရိမ်ချက်ကတော့ ... အေအေ ကျူးလွန်နေတယ် ဆိုပြီး အခု ထွက်ပေါ်နေတဲ့ စွပ်စွဲချက်တွေကို အသုံးချပြီး ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်းထဲမှာ လူသစ်တွေ ထပ်မံ စုဆောင်းလာနိုင်တဲ့အန္တရာယ် ဖြစ်ပါတယ်။ ရိုဟင်ဂျာ အဖွဲ့တွေနဲ့ အေအေကြား လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြီးကြီးမား ကျယ်ပြန့်လာမှာကို စိုးရိမ်ရပါတယ်။
တခါ၊ အေအေ ကျူးလွန်နေတယ်ဆိုပြီးထွက်ပေါ်နေတဲ့စွပ်စွဲချက်တွေဟာ အေအေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေပါတယ်။ အေအေရဲ့ ပုံရိပ် ထိခိုက်ပျက်စီးပြီ ဆိုရင် အေအေ ထိန်းချုပ်မှုအောက်ရောက်နေတဲ့ရိုဟင်ဂျာဒေသတွေဆီ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေးဟာလည်း ဘယ်လိုမှ ဖြစ်မြောက်လာမှာ မဟုတ်ပဲ ဆက်ပြီး ကြန့်ကြာနေဦးမှာကို ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း စိုးရိမ်နေပါတယ်။
ဒီလို ရှုထောင့်အမျိုးမျိုးရှိနေတဲ့ အထဲကမှ အရေးအကြီးဆုံး သဘောထားပြီး လုပ်ဆောင်သင့်တာကတော့ ဘယ်သူကကျုးလွန်သည် ဖြစ်စေ ... လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို ချက်ခြင်းရပ်တန့်ကြဖို့ ဖြစ်ပါတယ်။ လက်ရှိမှာကို ရိုဟင်ဂျာအများအပြားဟာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရပြီး အခြေခံ စားနပ်ရိက္ခာကို မရှိတော့တဲ့ အခြေအနေရောက်သွားပြီ ဖြစ်ပါတယ်။ အဓိက အာရုံစိုက်သင့်တာကတော့ သူတို့ရဲ့ အသက်ရှင် နိုင်ရေးနဲ့ သူတို့ကို ဘယ်လိုဘယ်ပုံ အထောက်အပံ့တွေပေးနိုင်မလဲဆိုတဲ့ အပေါ်မှာ ဖြစ်ပါတယ်။
ဒီတော့ ဘူးသီးတောင်ကို ထိန်းချူပ် သိမ်းပိုက်လိုက်ပြီလို အေအေက ကြေညာတယ်ဆိုရင် ဘူးသီးတောင်မှာနေတဲ့သူ အားလုံးကို ကာကွယ်စောင့်ရှောက်ပေးဖို့ အေအေက တာဝန်ယူရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ မျှော်လင့်နေတာကတော့ အေအေရဲ့ ခေါင်းဆောင်ပိုင်းအနေနဲ့ ဘူးသီးတောင် ဒေသမှာ စာနာမှုဆိုင်ရာအကျပ်အတည်း ဆိုက်ရောက်နေရတာကို တားဆီး ပြောင်းလဲပေးလာဖို့ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဘီဘီစီ။ ။ နိုင်ငံတကာရောက် ရိုဟင်ဂျာ အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကတော့ အခု ဘူးသီးတောင်မှာ ပေါ်ပေါက်နေတဲ့ ဖြစ်ရပ်တွေဟာ ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှု အပေါ် ခြိမ်းခြောက်နေတာမျိုး ဖြစ်တယ်။ Existential threats တွေလို့ ပြောနေကြပါတယ်။ တွမ့် အနေနဲ့ရော ဘယ်လို ဆန်းစစ်မိပါသလဲ။
သောမတ်စ်ကီးန်။ ။ ရခိုင်ထဲမှာရှိတဲ့မတူတဲ့ လူမှုအသိုင်းအဝိုင်း အားလုံးဟာ လက်ရှိအချိန်မှာ ဆိုးဆိုးရွားရွားတွေ တွေ့ကြုံ ခံစားနေကြရတာဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျား ရခိုင်တွေနဲ့ စကားပြောကြည့်မယ် ဆိုရင်လည်း ... သူတို့မှာ ဘာမှ မရှိတော့ပါဘူး။ သူတို့ရဲ့ စီးပွားရေးတွေ၊ လုပ်ငန်းတွေ ရပ်တန့်နေပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုအပါအဝင် အကြောင်းအမျိုးမျိုးနဲ့ သူတို့ရဲ့ နေအိမ်တွေ၊ လူနေရပ်ရွာတွေလည်း မီးလောင်ပြာကျပြီး ပျက်စီးသွားရပါတယ်။
တခါ၊ ရိုဟင်ဂျာတွေကို ကြည့်ပြန်ရင် ... သူတို့ဟာ ပိုပြီး ထိခိုက်လွယ်တဲ့ အသိုင်းအဝိုင်းအဖြစ် အများက မှတ်ယူကြပါတယ်။ စစ်ကောင်စီနဲ့ အေအေကြား ပိတ်မိနေပြီး ပြေးစရာမြေမရှိ ဖြစ်နေရပါတယ်။ ဖြစ်တည်မှုတစ်ခုလုံး ခြိမ်းခြောက်ခံနေရပြီလားဆိုတဲ့ အပေါ် ဆန်းစစ်မယ်ဆိုရင်တော့ အေအေအဖွဲ့ရဲ့ သဘောထား အပေါ် အများကြီး မူတည်နေပါတယ်။ ရိုဟင်ဂျာအရေး လုပ်ဆောင်ကြသူတွေအနေနဲ့ အေအေရဲ့ အပြုအမူတွေ အပေါ် ဘာလို့ စိုးရိမ်နေကြသလဲဆိုတာကို ကျွန်တော်နားလည်နိုင်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေကစလို့ လေသံပြောင်းလဲလာခဲ့တဲ့ အေအေခေါင်းဆောင်ပိုင်းရဲ့ ထုတ်ပြန်ချက်တွေဟာ အဲဒီလိုစိုးရိမ်ချက်တွေကို ပိုပြီးဆိုးရွားစေပါတယ်။ ရိုဟင်ဂျာတွေကို သစ္စာဖောက်တွေလို့ ရည်ညွှန်း ခေါ်ဝေါ်တာတွေဟာ ရိုဟင်ဂျာတွေ အပေါ် အေအေအနေနဲ့ ဘယ်လိုသဘောထားဆက်ဆံမလဲဆိုတဲ့ စိုးရွံ့မှုတွေကို ဆထက်ထမ်းပိုး ပိုပြီး ဖြစ်လာစေပါတယ်။ ကျွန်တော်လည်း ရိုဟင်ဂျာ တစ်ယောက်ဆိုရင် တုန်လှုပ်မိမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အေအေ ခေါင်းဆောင်ပိုင်း အနေနဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းကိုရော ကမ္ဘာကိုရော အေအေဦးဆောင်တဲ့ ရခိုင်ထဲမှာ ရိုဟင်ဂျာအတွက် နေရာရှိကြောင်း၊ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို လေးစားမှာ ဖြစ်ကြောင်း ပြသဖို့၊ အာမခံဖို့လိုပါတယ်။ လက်ရှိမှာကို အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသူတွေ အပေါ် ကာကွယ် စောင့်ရှောက်ပေးတာတွေ လုပ်ဆောင်ဖို့ လိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပုံဟောင်း
ဘီဘီစီ။ ။ လက်ရှိ ရခိုင်ထဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာဘက်က ကြားဝင် ဆောင်ရွက်တာမျိုးတွေ လုပ်လာဖို့ကိုရော မျှော်လင့်နိုင်လား။ တရုတ်ရဲ့ ရင်းနှီး မြှုပ်နှံမှုကလည်း တော်တော်လေး ကြီးကြီးမားမား ရှိနေတော့ ရှမ်းမြောက်မှာလိုပဲ တိုက်ပွဲတွေ ရပ်သွားဖို့ တရုတ်က ဖိဖိစီးစီး တိုက်တွန်းတာမျိုး လုပ်လာနိုင်လား။
သောမတ်စ်ကီးန်။ ။ မြန်မာနိုင်ငံထဲ တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်ရပ်တွေ ပေါ်ပေါက်နေတာ နှစ်ကာလ အတန်ကြာ ရှိနေပြီ ဖြစ်ပေမယ့်၊ မြေပြင် အခြေအနေတွေ တိုးတက်သွားအောင်၊ သက်သာရာရအောင် အကျိုးရှိ ထိရောက်တဲ့ ဘယ်လို နိုင်ငံတကာ စွက်ဖက် ဆောင်ရွက်မှုမျိုးမှ မတွေ့ခဲ့ရပါဘူး။ အဲဒီလို ပြောတဲ့ အတွက် စီးပွားရေး အရ ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ မြန်မာထဲ ဩဇာ အတန်သင့်ရှိတဲ့ အိမ်နီးချင်း ပတ်ချာလည် နိုင်ငံတွေရဲ့ ဖျောင်းဖြတိုက်တွန်းမှုတွေ၊ ကြားဝင်ပေးမှုတွေ ရှိမလာနိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။
အေအေနဲ့ကြား စကားပေါက်နိုင်တဲ့ နိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တရုတ်တို့ ပါဝင်ပါတယ်။ မြန်မာပြည် တခြားနေရာတွေဆီဘက် ထွက်ပေါက်တွေကို စစ်ကောင်စီ တပ်တွေက ပိတ်ဆို့ထားတဲ့ အခါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နယ်စပ်တွေက ရခိုင်ရဲ့ ဝင်ပေါက် ထွက်ပေါက်တွေ ပွင့်နေဖို့ အေအေ အနေနဲ့ လိုအပ်ပါတယ်။ မရှိမဖြစ် ထောက်ပို့ ပစ္စည်းတွေ စီးဆင်းဖို့ အဲဒီ နယ်စပ်ပေါက် တွေကို မှီခိုနေရတာ ဖြစ်ပါတယ်။
တခါ တရုတ်နဲ့ အေအေ ဆက်ဆံရေးကို ကြည့်ရင် ... ရခိုင်ထဲက အေအေရဲ့ လက်ရှိ အခန်းကဏ္ဍ အပေါ် ဘယ်လိုမှ လျစ်လျူရှု မျက်ကွယ်ပြုလို့ ရနိုင်မယ် မထင်ပါဘူး။ ရခိုင်ထဲက မြို့နယ်ပေါင်း ၁၀ ခုထက်မနည်းကို အေအေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဟာလည်း အေအေရဲ့ ထိန်းချုပ်မှုအောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအခြေအနေမှာ ရခိုင်မြောက်ပိုင်းက မောင်တောအပါအဝင် အလယ်ပိုင်းနဲ့ တောင်ပိုင်းက နေရာတချို့လည်း အေအေလက်ထဲ ရောက်လုရောက်ခင် အနေအထားမျိုးမှာ ရှိနေပါတယ်။
ဒီတော့ ရခိုင်ထဲက အရေးကို တရုတ်အနေနဲ့ ဘယ်လောက်အတိုင်းအထိ ပါဝင်ပတ်သက်ဖို့ ပြင်ဆင်ထားသလဲဆိုတဲ့အပေါ် ဆန်းစစ်ကြည့်ရမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်တုန်းကနဲ့တော့ တရုတ်ရဲ့ အနေအထားက ထပ်တူညီတာ မတွေ့ရပါဘူး။ ရှမ်းမြောက်ထဲက စစ်ပွဲတွေရပ်ဖို့ စစ်ကောင်စီဘက်ကိုရော၊ ညီနောင်မဟာမိတ်အဖွဲ့တွေကိုပါ တရုတ်က အတော်လေး ဖိအားပေးခဲ့ပါတယ်။
အခု မေလလယ်ပိုင်းက လုပ်သွားတဲ့ တွေ့ဆုံပွဲမှာတော့ တရုတ်က အေအေနဲ့ စစ်ကောင်စီ အပေါ် မဖြစ်မနေ အပစ်ရပ်ဖို့ ဖိအားပေး တိုက်တွန်းတာမျိုး မရှိဘူးလို့ နားလည်ထားပါတယ်။ တွေ့ဆုံပွဲ အထမြောက်အောင် ကြားဝင် ဖန်တီးပေးပြီး၊ နေရာထိုင်ခင်း ပံ့ပိုးပေးတဲ့ နေရာလောက်မှာပဲ တရုတ်က ကိုယ်ရှိန်သတ်နေပါတယ်။
သူတို့နဲ့ နယ်စပ်တလျှောက် တိုက်ရိုက်ထိစပ်နေတဲ့ ရှမ်းမြောက်ဒေသတလွှား စစ်ပွဲတွေတုန်းကလောက်ထိ ရခိုင်အရေးမှာ ဝင်ရောက် ပတ်သက်လိုပုံ မရပါဘူး။ ဒါဟာလည်း နိုင်ငံတကာ သံတမန်ရေး မျက်နှာစာမှာ ပိုပြီး ဆီလျော်မှန်ကန်နိုင်တဲ့ရပ်တည်မှုလို့ တွက်ဆပုံရပါတယ်၊ ကျောက်ဖြူက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အကျိုးစီးပွားတွေ မထိခိုက်စေရေးပဲ နှစ်ဘက်လုံးကို အလေးထားပြောနေပုံရပါတယ်။
အေအေဟာ ရခိုင်ထဲမှာပိုပြီး လွှမ်းမိုးတဲ့နေရာမှာ ရောက်လာပြီ ဆိုဦး တရုတ်အနေနဲ့ သူတို့ ရပ်တည်မှုကို စစ်ကောင်စီနဲ့ အေအေကြား ဟန်ချက်မျှအောင်ပိုပြီး နေပြလိုဟန်တူပါတယ်။
ကျောက်ဖြူကနေ ယူနန်အထိ သွယ်ထားတဲ့ ပိုက်လိုင်းအရေးကို ဥပမာထားပြီး ကြည့်မယ်ဆိုရင် ကျောက်ဖြူကို လာမယ့် လအနည်းငယ်အတွင်းမှာပဲ အေအေက ထိန်းချုပ်လိုက်ပြီဆိုဦး တရုတ်အနေနဲ့ အေအေ တစ်ဖက်တည်းကို ပုံအောဖို့ လက်တွေ့အရ မဖြစ်နိုင်တာတွေ ရှိပါတယ်။ ကျောက်ဖြူ စီမံကိန်းတွေဟာ နေပြည်တော်နဲ့ကြား ချုပ်ဆိုထားတာ ဖြစ်ပြီး၊ ပိုက်လိုင်းဆိုရင် မြန်မာပြည် တနံတလျား တခြားနေရာတွေကိုပါ ဖြတ်သန်းသွားတာ ဖြစ်ပါတယ်။ ဒီတော့ စစ်ကောင်စီရော အေအေရောနဲ့ပါ ဆက်လက် ဆက်ဆံပြီး အလုပ်လုပ်နိုင်ဖို့ တရုတ်အနေနဲ့ လိုအပ်ပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
ဘီဘီစီ။ ။ ရခိုင်မြောက်ပိုင်း၊ ဘူးသီးတောင်နဲ့ မောင်တောက စိုးရိမ်စဖွယ် အခြေအနေတွေအတွက် ပတ်သက်နေသူတိုင်း ဘာတွေ ပြုမူသင့်တယ်လို့ တွမ်တို့ဘက်က အကြံပြုလိုသလဲ။
သောမတ်စ်ကီးန်။ ။ အခုနက ပြောတဲ့ နိုင်ငံတကာကြားဝင်မှုနဲ့ဆက်စပ်ပြီး ပြောရရင်တော့၊ လက်တွေ့ အကျိုးရှိထိရောက်တဲ့ကူညီမှုတွေ လုပ်ဆောင်ပေးနိုင်တဲ့နိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေထဲက အထူးသဖြင့် RSO အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ဒုက္ခသည်စခန်းတွေထဲ အတင်းအကျပ် ဖိအားပေးခြိမ်းခြောက်ပြီး လူသစ်စုတာတွေ လုပ်နေပါတယ်။
ဒါကို တားဆီးဖို့ အရေး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က ဘာမှ ထိထိရောက်ရောက် ကိုင်တွယ် ဟန့်တားတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ လေ့လာရသလောက် ဘာမှကို မလုပ်သလောက်ပါပဲ။
ဒုက္ခသည်တွေထဲကနေ RSO ကို ARSA ကို ထောက်ခံအားပေးချင်တဲ့သူ အနည်းငယ် ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အခိုင်အမာပြောနိုင်တာကတော့ ဒုက္ခသည်အများစုကြီးဟာ အဲဒီ အုပ်စုတွေ သူတို့အပေါ် အနိုင်ကျင့်နေတာ၊ ခြိမ်းခြောက်နေတာ၊ ငွေညှစ်နေတာတွေ အပေါ် အင်မတန် ခါးသည်း နေကြပြီဖြစ်ပါတယ်။ နေ့စဥ်နဲ့အမျှဆိုသလို အကြမ်းဖက်ဖြစ်ရပ်တွေ၊ သတ်ဖြတ်မှုတွေ ထူပြောနေပြီး အကြောက်တရားနဲ့ အသက်ရှင် နေထိုင်နေရတဲ့ ဒုက္ခသည်စခန်းတွေထဲက ဘဝတွေကို သူတို့ စက်ဆုပ်လှပြီ ဖြစ်ပါတယ်။
လူသစ်လာစုတဲ့ RSO အဖွဲ့ဝင်တချို့ကို နောက်ကနေ ဒုတ်နဲ့ လိုက်ရိုက်ပြီး စခန်းထဲကနေ နှင်ထုတ်ကြတာမျိုးတွေလည်း ဖြစ်လာခဲ့ပါတယ်။ ဆိုလိုတာက ဒီအဖွဲ့တွေအပေါ် ဒုက္ခသည်တွေ မုန်းတီးနေကြပါတယ်။ လူသစ်စုပြီး ရခိုင်ထဲက စစ်ပွဲတွေထဲ ပါဝင်ပတ်သက်စေတဲ့ ဒီအဖွဲ့တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ ရခိုင်ထဲက စစ်ပွဲတွေကို ပိုပြီး မီးထိုးပေးတာမျိုး ဖြစ်နေပါတယ်။ ဒါ့ကြောင့် သူတို့ကို ကိုင်တွယ်ဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေမဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်။
တခါ၊ အေအေကို ကြည့်ပြန်ရင်လည်း အခု ထွက်ပေါ်လာတဲ့ စွပ်စွဲမှုတွေ အပေါ် လုံးဝ အလေးမမူပဲ အလုံးစုံကို ပယ်ချနေပါတယ်။ စစ်ကောင်စီနဲ့ ရိုဟင်ဂျာတွေဘက်က ချဲ့ကား ပြောနေတာတွေ၊ ဝါဒဖြန့်နေတာတွေဆိုပြီး အေအေကပြောပါတယ်။ တကယ့်ကို သူတို့ အပေါ် ရိုဟင်ဂျာတွေဘက်ကလည်း စိုးရွံ့မှုတွေလျော့နည်းပြီး နိုင်ငံတကာအနေနဲ့လည်း ယုံကြည်လက်ခံလာဖို့ဆိုရင် ရခိုင်မြောက်ပိုင်း သူတို့ သိမ်းပိုက် ထိန်းချုပ်လိုက်တဲ့နေရာတွေမှာ ဘယ်လိုဘယ်ပုံအုပ်ချုပ်မှုဖော်ဆောင်နေတယ်၊ ရိုဟင်ဂျာတွေ အပေါ် ဘယ်လို ပြုမူ ဆက်ဆံနေတယ်ဆိုတာကို အားလုံးမြင်သာအောင် လက်တွေ့ ပြုမူကျင့်ကြံ ပြဖို့ လိုပါတယ်။
လက်ရှိ အချိန်ထိတော့ မြေပြင်ကလာတဲ့ ကြားရတဲ့သတင်းတွေကတော့ အကောင်းတွေ မဟုတ်ပါဘူး။ အေအေ စစ်သားတွေ၊ သူတို့ရဲ့ အရာရှိတွေဝင်လာပြီး ရှေ့လျှောက်ကြုံရမှာတွေကတော့ ဒါတွေ ... ဒါတွေပဲ မင်းတို့ မကျေနပ်ရင် ဘင်္ဂလားပြန်ကြဆိုတာမျိုး ပြောဆိုတယ်လို့ သိနေရပါတယ်။ ဒါတွေဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ အဲဒီလို ပြုမူဆက်ဆံပုံတွေဟာ ရှိနှင့်နေပြီး စွပ်စွဲမှုတွေကို ပိုပြီး ခိုင်မာစေပါတယ်။ ရှေ့လျှောက်မှာလည်း အခြေအနေတွေဟာ အကောင်းဘက်ကို မမျှော်လင့်နိုင်ပဲ ပိုပြီး ဆိုးလာဖို့သာရှိပါတယ်။
ဒီတော့ အေအေရဲ့ ခေါင်းဆောင်ပိုင်းအနေနဲ့ မြေပြင်မှာ ဖြစ်ပျက်နေတာတွေကို တာဝန်ယူကြဖို့ တိုက်တွန်းပါတယ်။ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို တိကျတဲ့စည်းမျဥ်းတွေချမှတ်ဖို့ လိုပါတယ်။ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ အေအေရဲ့ မူဝါဒဟာ ဘာလဲဆိုတာကို အေအေအဖွဲ့သားတွေ အားလုံး ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်ရမှာ ဖြစ်ပါတယ်။ အေအေအုပ်ချုပ်တဲ့ ရခိုင်မြေပေါ်မှာ လူတွေဟာ ဘာကို မျှော်လင့်နိုင်သလဲ ဆိုတာ အားလုံး သဘောပေါက် သိမြင် နားလည်ဖို့ အရေးကြီးလှပါတယ်။














