အမေရိကန်၊ ဂျာမနီတို့က ယူကရိန်းအတွက် တင့်ကား ပေးပို့တော့မယ်

သီတင်းပတ်အတန်ကြာ စိတ်မပါလက်မပါဖြစ်နေတဲ့ ဂျာမနီဟာ နောက်ဆုံးမှာတော့ သူတို့ရဲ့ ကျားသစ် ၂ လို့နာမည်ပေးထားတဲ့ အဆင့်မြင့်တင့်ကားတွေကို ယူကရိန်းအတွက်ပို့ပေးဖို့ သဘောတူလိုက်ပါပြီ။ ကျားသစ် ၂ တင့်ကားတွေရရင် စစ်ပွဲအခြေအနေဟာ တမုဟုတ်ချင်းပြောင်းလဲသွားလိမ့်မယ်လို့ ယူကရိန်းကမျှော်လင့်ထားတာပါ။ 

ယူကရိန်းအတွက် ကျားသစ် ၂ တင့်ကား ၁၄ စီးပို့ပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဝန်ကြီးအစည်းအဝေးမှာ ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ်ရှော့က ကြေညာလိုက်သလို တခြားနိုင်ငံတွေက ဂျာမနီလုပ် ကျားသစ် ၂ တွေကို ယူကရိန်းအတွက်ပေးမယ်ဆိုရင်လည်း ခွင့်ပြုတယ်လို့ ဆိုပါတယ်။

အမေရိကန်ကလည်း M1 အေဘရမ်တင့်ကားအနည်းဆုံး အစီး ၃၀ ပို့ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

တင့်ကားတွေကိုလည်း တခြားဟာတွေလိုပဲ မီးရှို့ဖျက်ဆီးပစ်မယ်လို့ ရုရှားအစိုးရ ပြောခွင့်ရသူ ဒမစ်ထရီပက်ရှ်ကော့ကဆိုပါတယ်။ တင့်ကားတွေရဲ့စွမ်းပကားကို ပိုပိုသာသာ တွက်ချက်မိတဲ့ အတွက် ယူကရိန်းစစ်တပ်ဟာ စီမံကိန်းအမှားပေါ်ရောက်နေပြီလို့ သူကဆိုပါတယ်။ 

ရုရှားသိမ်းယူထားတဲ့နယ်မြေတွေကို ပြန်လည်ရယူရေးအတွက် တင့်ကားတွေလို အဆင့်မြင့်လက်နက်ကြီးတွေ အားချင်းလိုအပ်နေပြီလို့ ယူကရိန်းကတော့ ပြောနေပါတယ်။ ဂျာမန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အခုလို တင့်ကားတွေ ပေးပို့ဖို့ ဆုံးဖြတ်လိုက်တာဟာ ယူကရိန်းအတွက် ကျွန်တော်တို့တတ်နိုင်တဲ့အထဲက အကောင်းဆုံးနဲ့ထောက်ပံ့လိုက်တာပါပဲလို့ ဆိုပါတယ်။ တခြားနိုင်ငံတွေအနေနဲ့ ဂျာမနီကနေ ဝယ်ယူထားတဲ့ ကျားသစ် ၂ တင့်ကားကို ပြန်မရောင်းရဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်ကိုလည်း အခု ယူကရိန်းအတွက် ဖြေလျှော့ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

အမေရိကန်နဲ့ ဂျာမနီက တင့်ကားတွေပေးပို့ကူညီဖို့ တခြားမဟာမိတ်နိုင်ငံတွေက ဖိအားပေးတောင်းဆိုခဲ့ကြတာပါ။ အမေရိကန်လုပ် အဆင့်မြင့် အေဘရမ်တင့်ကားတွေ မောင်းနှင်ဖို့ ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ သင်တန်းတွေကိုလည်း ပေးသွားမယ်လို့ အမေရိကန်အစိုးရကဆိုပါတယ်။

 ဂျာမနီက တင့်ကားမပေးရေးအတွက် လပေါင်းအတန်ကြာ ခုခံငြင်းခုံခဲ့ပါတယ်။ တင့်ကားတွေပေးလိုက်ရင် စစ်ပွဲကို မီးထိုးပေးလိုက်သလို အရှိန်ပိုမြင့်လာမှာကို ဂျာမနီကစိုးပါတယ်။ ဒါ့အပြင် ရုရှားနဲ့စစ်ပွဲမှာ နေတိုးဟာတိုက်ရိုက်ပါဝင်လိုက်သလို ဖြစ်မှာကိုလည်း သူကမလိုလားပါဘူး။ အမေရိကန်တို့ရဲ့ အေဘရမ်တင့်ကားတွေကို ယူကရိန်းပို့မဲ့နေ့ဟာ ဗုဒ္ဓဟူးနေ့တောင်ဖြစ်နိုင်ကြောင်း ၊ မြန်မြန်ဆန်ဆန်ပို့မဲ့အကြောင်း ပို့မဲ့တင့်ကားအရေအတွက်ဟာလည်း အနည်းဆုံး အစီးရေ ၃၀ ဖြစ်နိုင်ကြောင်း အမည်မဖော်တဲ့ အရာရှိတယောက်ကို ကိုးကားပြီး အမေရိကန်မီဒီယာတွေက ရေးသားနေကြပါတယ်။

ဒါပေမဲ့ အဲဒီတင့်ကားတွေ စစ်မြေပြင်ရောက်မဲ့အချိန်ကတော့ တိတိကျကျမသိရပါဘူး။ လပေါင်းများစွာကြာချင်ကြာသွားနိုင်တယ်လို့ဆိုပါတယ်။

အမေရိကန်တို့က အေဘရမ်တင့်ကားပေးပို့မှ သူတို့ဂျာမန်ကလည်း ကျားသစ် ၂ တွေကိုပို့ပေးနိုင်မယ်လို့ ဂျာမနီက အကြောက်အကန်ခုခံပြောဆိုခဲ့ဖူးပါတယ်။ 

“ဂျာမနီက အဲသလိုတင်းခံနေရင် ကျွန်တော်တို့ရဲ့ အေဘရမ်တင့်ကားတွေကို ပေးပို့သွားပါမယ်” လို့ ဒီမိုကရက်အမတ် ခရစ်ကွန်း၊ ဘိုင်ဒန်အာလီ တို့က ပေါ်လတီကို သတင်းဌာနကို အင်္ဂါနေ့တုန်းက ပြောကြားခဲ့ပါတယ်။

ဗြိတိန်ကတော့ သူတို့ရဲ့ ချဲလင်ဂျာ ၂ တင့်ကားတွေကို ယူကရိန်းပို့ပေးမယ်လို့ ပြောပြီးသားပါ။

ဂျာမန်လွှတ်တော် ကာကွယ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌ မရီးအဂ္ဂနက်စ်စထရက်ဇင်းမားမန်း ကတော့ ရဲရင့်တဲ့ယူကရိန်းပြည်သူတွေအတွက် ဒီတင့်ကားတွေကို ပေးခဲ့တာလို့ ဆိုပါတယ်။ “အခုလိုဆုံးဖြတ်ချက်ချရတာဟာ အလွန်ခက်ခဲပါတယ်။ ဒီလောက်ဝင်ပါရတာဟာ များနေပါပြီ။ ဒါပေမဲ့ အဆုံးမှာတော့ ရှောင်လွှဲလို့မရတော့ပါဘူး။” လို့သူကဆိုပါတယ်။

ဂျာမနီက တင့်ကားတင်ပို့ရေး နှောင့်နှေးတွေဝေနေတာဟာ နေတိုးနဲ့မဟာမိတ်နိုင်ငံတွေ အတွက်တော့ စိတ်ရှုပ်စရာဖြစ်ခဲ့ပါတယ်။

ရုရှားရဲ့ လက်သီးဆုပ်ကို ဖြေထုတ်နိုင်ဖို့ အတွက် အနောက်နိုင်ငံတွေဟာ တင့်ကား အစီးရေ ရာနဲ့ချီပေးပို့ကူညီမှ ဖြစ်မယ်လို့ ယူကရိန်းသမ္မတရဲ့ အရာရှိချုပ် အန်ဒီရီယာမတ်က အင်္ဂါနေ့တုန်းက တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းအနေနဲ့ ၁၉၉၁ ခုနှစ် နယ်နိမိတ်အတိုင်းပြန်ရဖို့ဆိုရင် တင့်ကားတွေရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ တင့်ကားတွေပေးဖို့ ဆုံးဖြတ်မယ်ဆိုရင် ခုခံကာကွယ်စစ်ဆင်နွှဲနေတာပါဆိုတဲ့ ပြောဆိုချက်ဟာ ဘယ်လိုမှ မှန်ကန်ကြောင်း သက်သေထူလို့ မရတော့ပါဘူး” လို့ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အနာတိုလီအန်တွန်နော့က ဆိုပါတယ်။

“ဒါဟာရုရှားပြည်ထောင်စုကို ပြောင်ပြောင်တင်းတင်းရန်စစိန်ခေါ်လိုက်တာပါပဲ။”

အနောက်နိုင်ငံတွေရဲ့ တင့်ကားတွေမှာ ဘယ်လို အားနည်းချက်တွေ ရှိသလဲ

အနောက်နိုင်ငံတွေရဲ့ တင့်ကားတွေဟာ ရုရှားရဲ့ တင့်ကားတွေထက် အလေးချိန် ပိုလေးတဲ့အတွက် ယူကရိန်းက ရုရှားနဲ့ တိုက်တဲ့စစ်ပွဲမှာ ဒီတင့်ကားတွေရဲ့ အသုံးဝင်နိုင်မှုက အကန့်အသတ်ရှိမယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေရဲ့ တင့်ကားတွေဟာ လေးလံလွန်းအားကြီးတဲ့အတွက် ယူကရိန်းမှာရှိတဲ့ တံတားအတော်များများကို ကူးလို့မရဘဲ တံတားထိုးပေးတဲ့ ကားတွေနဲ့ တွဲဖက် အသုံးပြုဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ယူကရိန်းဟာ အနောက်နိုင်ငံက တင့်ကားတွေကို နိုင်ငံအတွင်းက မြစ်လက်တက်တွေ နည်းတဲ့ ဒေသတွေမှာပဲ အဓိက သုံးလို့ရနိုင်ပါတယ်။

ဒါ့အပြင် ယူကရိန်းဟာ ဒီတင့်ကားတွေကို အရမ်းရွှံ့မထူတဲ့ ဒေသတွင်မှာပဲ သုံးလို့ရမှာဖြစ်ပြီး အကြောင်းကတော့ အလေးချိန်များတဲ့ အနောက်နိုင်ငံထုတ် တင့်ကားတွေဟာ ရွှံ့တောထဲမှာ နစ်နေလို့ သွားလို့မရတဲ့ ဖြစ်နိုင်ခြေ ပိုများလို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရုရှားတွေဘက်ကလည်း ဒီ အနောက်နိုင်ငံထုတ် တင့်ကားသစ်တွေကို အထူးပစ်မှတ်ထားပြီး တိုက်ခိုက်မှာလည်း ဖြစ်တယ်လို့ သုံးသပ်မှုတချို့ ရှိပါတယ်။