ယူကရိန်းက ဘာဖြစ်လို့ ရာနဲ့ချီတဲ့ တင့်ကားအသစ်တွေ လိုနေတာလဲ

လက်ရှိအခြေအနေမှာ ရုရှားက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် တင့်ကားအသစ်တွေ ရာနဲ့ချီပြီး လွှဲပြောင်းပေးကြဖို့ ယူကရိန်းနိုင်ငံဟာ နိုင်ငံတကာဆီကနေ တောင်းဆိုနေပါတယ်။

အခုလို တောင်းဆိုမှုကို တုံ့ပြန်ထားတဲ့ နိုင်ငံတွေထဲမှာ ယူကေနိုင်ငံလည်းပါဝင်ပြီး ကနဦးအနေနဲ့ တင့်ကား ၁၄ စီး ယူကရိန်းကို လွှဲပေးတော့မှာ ဖြစ်ပါတယ်။

ယူကရိန်းဟာ နိုင်ငံတကာဆီက ခေတ်မီတင့်ကား အစီး ၃၀ဝ ကျော်လောက် လွှဲပြောင်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ယူကရိန်းစစ်တပ်ဟာ အခုလို ရရှိလာမယ့် တင့်ကားသစ်တွေကို အသုံးပြုပြီး လာမယ့် နွေဦးရာသီမှာ ရုရှားသိမ်းပိုက်ထားတဲ့ သူတို့ပိုင် နယ်မြေတွေကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ အများက ယူဆထားကြပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့မှာ တင့်ကား ဘယ်လောက်စီ ရှိကြသလဲ

ယူကရိန်းနိုင်ငံမှာ စစ်ပွဲစတင်ချိန်က တင့်ကား အစီး ၉၀ဝ လောက် ရှိခဲ့ပြီး T-72 အမျိုးအစားတွေ ဖြစ်ကြပါတယ်။

ဒီတင့်ကားတွေက သက်တမ်း အနှစ် သုံးဆယ်ရှိနေတဲ့ တင့်ကားတွေ ဖြစ်ကြတဲ့အတွက် သူတို့ရဲ့ ဟောင်းနွမ်းမှုဟာ စစ်ပွဲကာလတလျှောက်မှာ ပေါ်လွင်သထက် ပိုပေါ်လွင်လာခဲ့တာကိုလည်း တွေ့ခဲ့ကြရပါတယ်။

ယူကရိန်းမှာ အခုလို စစ်ပွဲမတိုင်ခင် ရှိထားခဲ့တဲ့ အဲဒီတင့်ကားတွေထဲက အများစုဟာ ရုရှားစစ်တပ်က ယူကရိန်းကို မကျူးကျော်ခင်မှာ အသေအချာ ထိန်းသိမ်းပြုပြင်ထားမှု မရှိတဲ့အတွက် စစ်ပွဲအတွင်း ဘာမှ အသုံးမဝင်ဖြစ်ခဲ့တာမျိုး ဖြစ်နိုင်တယ်လို့ လန်ဒန်တက္ကသိုလ်ရဲ့ ဘုရင့်ကောလိပ်က ကာကွယ်ရေးဆိုင်ရာ သုတေသီ ဒေါက်တာ မရီးနား မီရွန်က ဘီဘီစီကို ပြောပါတယ်။

ရုရှားကတော့ ယူကရိန်းနဲ့ တိုက်ခိုက်မှုကို တင့်ကား ၃၀ဝ၀ ကျော်နဲ့ စတင်ခဲ့ပြီး အရန်ထားရှိတဲ့ တင့်ကားအရေအတွက်လည်း အများအပြား ရှိပါတယ်။

ယူကရိန်း ခြေလျင်စစ်တပ်အနေနဲ့ ရုရှားရဲ့ အခြေစိုက် ခံစစ်စခန်း နေရာယူထားမှုတွေကို ထိုးဖောက်နိုင်ဖို့အတွက် တင့်ကားတွေရဲ့ အကူအညီ လိုအပ်မှာဖြစ်တယ်လို့ Royal United Services Institute ဆိုတဲ့ ယူကေအခြေစိုက် ကာကွယ်ရေးဆိုင်ရာ မူဝါဒ ဖော်ဆောင်ရေး ဝန်ဆောင်မှု သုတေသန အဖွဲ့ (think tank) က ကြည်းတပ်စစ်ပွဲဆိုင်ရာ ဝါရင့်သုတေသီ ဒေါက်တာ ဂျက် ဝတ်တလင်းက ဘီဘီစီကို ပြောပါတယ်။

 ဒီ ရုရှားရဲ့ အခြေစိုက် ခံစစ်စခန်းတွေဟာ အဝေးပစ် အမြာက်ကြီးတွေရဲ့ အကြီးအကျယ် အကာအကွယ်ပေးမှုကို ရထားတာလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အနောက်နိုင်ငံတွေက ယူကရိန်းကို ဘယ်လိုတင့်ကားမျိုးတွေ ပေးနိုင်သလဲ

ယူကရိန်းနဲ့ ရုရှားတို့ရဲ့ စစ်ပွဲအစပိုင်းမှာ အနောက်နိုင်ငံတွေဟာ ယူကရိန်းကို ကာကွယ်ရေး ပိုဆန်တဲ့ လက်နက်တွေဖြစ်တဲ့ တင့်ဖျက် ဒုံးကျည်လို လက်နက်မျိုးတွေကိုသာ လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းကို တိုက်ခိုက်ရေးမှာ ပိုအသုံးကျတဲ့ တင့်ကားလို လက်နက်တွေကိုသာ ပေးမယ်ဆိုရင် ရုရှားကို မခံချင်အောင် ပိုဆွပေးသလို ဖြစ်ပြီး အနောက်နိုင်ငံတွေနဲ့ပါ ရုရှားနဲ့ တိုက်ရိုက်စစ်ပွဲ ဖြစ်တဲ့အထိ စစ် ရှည်လာမှာကို အနောက်နိုင်ငံတွေက စိုးရိမ်ခဲ့ကြပါတယ်။

ဒါ့ကြောင့်လည်း အခုလို ကာကွယ်ရေးဆန်တဲ့ လက်နက်တွေကိုသာ ကနဦး ဒီစစ်အစောပိုင်းမှာ ယူကရိန်းကို ပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ အတွင်းမှာ ယူကရိန်းက ပြည်ပနိုင်ငံတွေက ရရှိတဲ့ တမျိုးတည်းသော တင့်ကားအမျိုးအစားကတော့ ပိုလန်၊ ဆလိုဗက်ကီးယားနဲ့ ချက်ပြည်သူ့သမ္မတ နိုင်ငံတွေက လွှဲပြောင်းပေးခဲ့တဲ့ T-72 အမျိုးအစား တင့်ကား အစီး ၂၀ဝ ပဲ ဖြစ်ပါတယ်။

အခုအချိန် လက်ရှိ ၂၀၂၃ ခုနှစ်အတွင်းမှာတော့ အဲဒီ T-72 တင့်ကားတွေထက် ခေတ်မီတဲ့ တင့်ကားတွေကို ပထမဆုံးပေးတဲ့ နိုင်ငံတွေထဲမှာ ယူကေနိုင်ငံက ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ယူကေနိုင်ငံဟာ သူတို့ရဲ့ Challenger 2 အမျိုးအစား တင့်ကား ၁၄ စီးကို ယူကရိန်းကို လွှဲပေးမှာ ဖြစ်ပြီး ဒီတင့်ကားတွေဟာ သူတို့ရဲ့ အလွန်တိတိကျကျ ပစ်နိုင်တဲ့ လက်နက်တွေကြောင့် လူသိများတဲ့ တင့်ကားတွေလည်း ဖြစ်ကြပါတယ်။

ဒါပေမဲ့ ဒီအနောက်နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ယူကေရဲ့ ဒီတင့်ကားအမျိုးအစားရဲ့ ကျည်ဆံဟာ အနောက်နိုင်ငံတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO တပ်ဖွဲ့ရဲ့ တင့်ကားတွေမှာသုံးတဲ့ ကျည်ဆံနဲ့ အမျိုးအစား မတူတဲ့ ကိစ္စက ပြဿနာဖြစ်လာနိုင်ပါတယ်။

ယူကေမှအပဖြစ်တဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းကိုလည်း အလားတူ ခေတ်မီတင့်ကားတွေ လွှဲပေးလာတဲ့အချိန်မှာ ယူကရိန်းဟာ ဒီ Challenger 2 တင့်ကားတွေအတွက်ကို သီးသန့် ကျည်ဖြည့်လုပ်ငန်းစဉ် ထားရမယ့် ပြဿနာ ဖြစ်လာနိုင်တယ်လို့ ဒေါက်တာ မီရွန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဘက်ကလည်း ဂျာမနီနိုင်ငံက Leopard 2 တင့်ကားတွေကို ပိုလိုချင်နေတာ ဖြစ်ပါတယ်။

ဒီတင့်ကားတွေဟာ ယူကေက ပေးမယ့် တင့်ကားတွေထက် ပိုမို ပေါ့ပါးလျင်မြန်ပြီး သမာရိုးကျ ကျည်ဆံကိုလည်း သုံးတဲ့အပြင် ဒီတင့်ကားရှိတဲ့ နိုင်ငံအရေအတွက်လည်း များတဲ့အတွက် ယူကရိန်းကို လှူပေးနိုင်တဲ့ နိုင်ငံအရေအတွက်လည်း များတဲ့ အားသာချက် ရှိနေတယ်လို့ ဆိုပါတယ်။

ဂျာမနီကနေ အဲဒီ တင့်ကားတွေ ဝယ်ယူထားတဲ့ ပိုလန်နဲ့ ဖင်လန်နိုင်ငံတို့ကလည်း သူတို့ရဲ့ စုစုပေါင်း Leopard 2 တင့်ကား ၂၅ စီးလောက်ကို ယူကရိန်းကို ပေးဖို့ လိုလားတယ်လို့ ပြောဆိုထားကြပါတယ်။

ဒါပေမဲ့လည်း ဒီတင့်ကားတွေကို ထုတ်လုပ်တဲ့နိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံက ဒီလိုပေးခွင့် မပေးသေးပဲ ရှိနေပြီး တခြားအနောက်နိုင်ငံတွေကတော့ ဂျာမနီကို စိတ်ပြောင်းပြီး ခွင့်ပြုလာအောင် တိုက်တွန်းနေကြပါတယ်။

ယူကရိန်းဟာ အမေရိကန်ကိုလည်း M1 Abrams တင့်ကားတချို့တလေ လွှဲပေးဖို့ တောင်းဆိုထားပေမယ့် အမေရိကန်က မပေးသေးပါဘူး။

ဒီ အမေရိကန်ရဲ့ တင့်ကားတွေဟာ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး တင့်ကားတွေဖြစ်တယ်လို့ သုံးသပ်သူတချို့ရဲ့ မှတ်ချက်ချခြင်းကို ခံရတဲ့ တင့်ကားအမျိုးအစား ဖြစ်ပါတယ်။

ဂျာမနီနဲ့ အမေရိကန်က ဘာဖြစ်လို့ ယူကရိန်းကို တင့်ကားတွေ မပေးသေးတာလဲ

ဒေါက်တာ မီရွန်ရဲ့ အပြောအရကတော့ တခြားအနောက်နိုင်ငံတွေက မပေးသေးတဲ့အချိန်မှာ ဂျာမနီက ဒီလို ခေတ်မီတင့်ကားတွေ ယူကရိန်းကို ပေးလိုက်မယ်ဆိုရင် ရုရှားက တခုခု ပြန်လုပ်မှာကို ဂျာမနီဘက်က စိုးရိမ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်က ယူကရိန်းကို သူတို့ရဲ့ တင့်ကားမပို့တာကတော့ အဲဒီတင့်ကားတွေက လောင်စာဆီ လိုအပ်မှုများပြားတဲ့အတွက် လောင်စာဆီ ပြတ်လပ်နေတဲ့ ယူကရိန်းနဲ့ မကိုက်တဲ့အပြင် ပြုပြင်ထိန်းသိမ်းမှုလည်း အများကြီးလိုအပ်တဲ့ တင့်ကားအမျိုးအစားဖြစ်တာကြောင့်လို့ ဒေါက်တာမီရွန်က ထပ်ပြောပါတယ်။

ဒီလို အခြေအနေတွေ ရှိနေပေမဲ့လည်း ယူကရိန်းက ယူကေရဲ့ Challenger 2 တင့်ကားတွေနဲ့ ဂျာမနီက ပေးလာနိုင်တဲ့ Leopard 2 တင့်ကားတွေကို အသုံးချပုံကို အမေရိကန်က ကြည့်ပြီးမှ သူတို့တင့်ကားတွေကိုလည်း ယူကရိန်းကို ပေးဖို့ မပေးဖို့ ဆုံးဖြတ်ဖွယ်ရှိတာလည်း ဖြစ်နိုင်တယ်လို့ ဒေါက်တာ မီရွန်က ဆိုပါတယ်။

အနောက်နိုင်ငံတွေရဲ့ တင့်ကားတွေမှာ ဘယ်လို အားနည်းချက်တွေ ရှိသလဲ

ဒေါက်တာ ဝတ်တလင်းရဲ့ အဆိုအရ အနောက်နိုင်ငံတွေရဲ့ တင့်ကားတွေဟာ ရုရှားရဲ့ တင့်ကားတွေထက် အလေးချိန် ပိုလေးတဲ့အတွက် ယူကရိန်းက ရုရှားနဲ့ တိုက်တဲ့စစ်ပွဲမှာ ဒီတင့်ကားတွေရဲ့ အသုံးဝင်နိုင်မှုက အကန့်အသတ်ရှိမယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေရဲ့ တင့်ကားတွေဟာ လေးလံလွန်းအားကြီးတဲ့အတွက် ယူကရိန်းမှာရှိတဲ့ တံတားအတော်များများကို ကူးလို့မရဘဲ တံတားထိုးပေးတဲ့ ကားတွေနဲ့ တွဲဖက် အသုံးပြုဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ယူကရိန်းဟာ အနောက်နိုင်ငံက တင့်ကားတွေကို နိုင်ငံအတွင်းက မြစ်လက်တက်တွေ နည်းတဲ့ ဒေသတွေမှာပဲ အဓိက သုံးလို့ရနိုင်ပါတယ်။

ဒါ့အပြင် ယူကရိန်းဟာ ဒီတင့်ကားတွေကို အရမ်းရွှံ့မထူတဲ့ ဒေသတွင်မှာပဲ သုံးလို့ရမှာဖြစ်ပြီး အကြောင်းကတော့ အလေးချိန်များတဲ့ အနောက်နိုင်ငံထုတ် တင့်ကားတွေဟာ ရွှံ့တောထဲမှာ နစ်နေလို့ သွားလို့မရတဲ့ ဖြစ်နိုင်ခြေ ပိုများလို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရုရှားတွေဘက်ကလည်း ဒီ အနောက်နိုင်ငံထုတ် တင့်ကားသစ်တွေကို အထူးပစ်မှတ်ထားပြီး တိုက်ခိုက်မှာလည်း ဖြစ်ပါတယ်လို့ ဒေါက်တာ ဝတ်တလင်းက သုံးသပ်ထားပါတယ်။