ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗုံးညစ်ပတ်- ဒတ်တီးဗုံး ဆိုတာဘာလဲ ၊ ယူကရိန်းက အသုံးပြုမှာလား
ယူကရိန်းဟာ ဗုံးညစ်ပတ်ကို ထုတ်လုပ်အသုံးပြုဖို့ စီစဉ်နေတယ်လို့ ရုရှားက စွပ်စွဲလိုက်ပါတယ်။ ဒတ်တီးဗုံး သို့မဟုတ် ဗုံးညစ်ပတ်ဆိုတာ ဘာပါလဲ။ သမားရိုးကျဖောက်ခွဲပစ္စည်းထဲမှာ ရေဒီယိုသတ္တိကြွပစ္စည်း ထည့်သွင်း အသုံးပြုထားတဲ့ဗုံးကို ဆိုလိုတာပါ။
ရုရှားရဲ့စွပ်စွဲချက်ကို ယူကရိန်းပယ်ချပါတယ်။ ပြင်သစ်၊ ဗြိတိန်နဲ့ အမေရိကန်တို့ကလည်း ပယ်ချပါတယ်။
ရုရှားက ဘယ်လိုပြောသလဲ
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရွှိုင်ဂူတို့ ဖုန်းပြောဆိုချိန်မှာ ရုရှားဝန်ကြီးဘက်ကပြောခဲ့တာပါ။ “ယူကရိန်းရဲ့ ဒတ်တီးဗုံးအသုံးပြုမှုနဲ့ပတ်သက်လာနိုင်ဖွယ် လှုပ်ရှားမှုတွေကို စိုးရိမ်တယ်” လို့ပြောခဲ့တာ ဖြစ်ပါတယ်။
အလားတူစကားမျိုးကိုပဲ ရုရှားကာကွယ်ရေးဝန်ကြီးဟာ အမေရိကန်၊ ပြင်သစ် နဲ့ တူရကီကာကွယ်ရေးဝန်ကြီးတွေကိုလည်း ပြောဆိုခဲ့ပါတယ်။
ရုရှားရဲ့စကားကို ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်တို့က ပယ်ချခဲ့ပါတယ်။ ရုရှားဟာ မဟုတ်မမှန်စွပ်စွဲနေတယ် လို့သူတို့က ဆိုကြပါတယ်။
ဒီစစ်ပွဲအတွင်းမှာ ညစ်ပတ်တာမှန်သမျှဟာ ရုရှားဘက်ကပဲ လာစရာရှိတယ် လို့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာဇလန်းစကီးက ပြန်လည်စွပ်စွဲပါတယ်။
ဗုံးညစ်ပတ်ဆိုတာဘာလဲ
ယူရေနီယံလိုမျိုး ရေဒီယိုသတ္တိကြွပစ္စည်းပါဝင်တဲ့ဗုံး ဖြစ်ပါတယ်။ ဗုံးကိုဖောက်ခွဲလိုက်ချိန်မှာ ရေဒီယိုသတ္တိကြွပစ္စည်းတွေဟာ လေထုထဲပြန့်ကြဲသွားမဲ့ ဗုံးမျိုးပါ။
ဒီလိုဗုံးမျိုးလုပ်ဖို့အတွက် နျူးကလီးယားဗုံးလုပ်သလိုမျိုး ရေဒီယိုသတ္တိကြွပစ္စည်းကို အဆင့်မြင့်မြင့် သန့်စင်ဖို့ မလိုအပ်ပါဘူး။ ဆေးရုံ၊ နျူးကလီးယားဓာတ်အားပေးစက်ရုံ၊ ဓာတ်ခွဲခန်းတွေမှာသုံးတဲ့ ရေဒီယိုသတ္တိကြွပစ္စည်းကို ယူပြီးထည့်လိုက်ရုံပါပဲ။ ဒါ့ကြောင့် လုပ်ရတာ လွယ်လည်းလွယ်၊ မြန်လည်းမြန်၊ ကုန်ကျစရိတ်ကလည်း သိပ်သက်သာပါတယ်။ မော်တော်ကားနောက်ခန်းထဲမှာပဲ လွယ်လင့်တကူသယ်ယူသွားလို့လည်း ရပါတယ်။
ဗုံးဖောက်ခွဲလိုက်လို့ ရေဒီယိုသတ္တိကြွပစ္စည်းတွေ ပျံ့နှံ့သွားခဲ့ရင် ကင်ဆာလိုမျိုး ပြင်းထန်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ အဲသလိုဗုံးမျိုးဟာ လူထုကိုကြောက်လန့်ခြောက်ခြား စေနိုင်ပါတယ်။
ဗုံးပေါက်ကွဲတဲ့ပတ်ဝန်းကျင်ကလူတွေကို နေရာရွှေ့ပြောင်းပေးရတာမျိုး ရှိနိုင်ပါတယ်။ လုံးဝ လူမနေထိုင်ရနယ်မြေအဖြစ်သတ်မှတ်လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ၅ ကီလိုဂရမ်ရှိတဲ့ TNT ယမ်းထဲမှာ ၉ ဂရမ် (ငါးမူးသား) လောက်သာရှိတဲ့ ကိုဘော့ ၆၀ ရေဒီယိုအိုင်ဆိုတုပ်ထည့်ပြီး နယူးယောက်မြို့လယ်ခေါင်မှာ ဖောက်ခွဲလိုက်ရင် နယူးယောက်တမြို့လုံးဟာ နှစ်ပေါင်း ဆယ်ဂဏန်းများစွာ လူမနေနိုင်တဲ့နေရာ ဖြစ်သွားနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုသိပ္ပံပညာရှင်အဖွဲ့က တွက်ချက်ပြထားပါတယ်။
ဒါ့ကြောင့် ဒတ်တီးဗုံးဟာ လူအများအပြားသေစေနိုင်တဲ့လက်နက် Weapons of Mass Destruction လို့ သတ်မှတ်ထားပါတယ်။
ဒါပေမဲ့ လက်နက်အဖြစ်သုံးဖို့ရာ ယုံကြည်အားကိုးလောက်အောင် တိကျတဲ့အရာမဟုတ်ပါဘူး။
ပစ်မှတ်ထားတဲ့ဒေသတခုအတွင်းမှာ ဒတ်တီးဗုံးထဲက ရေဒီယိုသတ္တိကြွပစ္စည်းတွေ ပျံ့နှံ့သွားဖို့ဆိုရင် အဲဒီပစ္စည်းကို အမှုန့်အသွင်ပြောင်းရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအမှုန့်ဟာ သိပ်နုညက်သွားခဲ့ရင် လေပြင်းတိုက်ချိန်လည်း ဖြစ်မယ်ဆိုရင် မူလမှန်းထားတာထက်နေရာဝေးဝေးရောက်သွားပြီး ဘေးသင့်နယ်မြေပိုကျယ်ပြန့်သွားမှာပါ။
ရုရှားကဘာ့ကြောင့် ယူကရိန်းကို ဒတ်တီးဗုံးစွပ်စွဲမှုလုပ်သလဲ
“အနောက်နိုင်ငံတွေက ယူကရိန်းကိုပေးနေတဲ့စစ်ရေးအကူအညီကို ရပ်တန့်လိုက်တာမျိုး၊ ဒါမှမဟုတ် လျှော့ချနှေးကွေးသွားတာမျိုးဖြစ်လာဖို့ သို့မဟုတ် နေတိုးမဟာမိတ်ကို ဒီလိုခြောက်လှန့်ပြီး အားနည်းသွားစေဖို့ ရုရှားက ရည်ရွယ်ပုံရတယ်” လို့ အမေရိကန်အခြေစိုက် စစ်ပွဲလေ့လာရေးအင်စတီကျု (ISW) ကဆိုပါတယ်။
ရုရှားဟာ သူကိုယ်တိုင် ဒတ်တီးဗုံးကို ပြုလုပ်ဖောက်ခွဲပြီး ယူကရိန်းအပေါ်အပြစ်ပုံချဖို့ကြံစည်နေတာ ဖြစ်နိုင်တယ်လို့ မှန်းဆသူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ ရုရှားဟာ ဒတ်တီးဗုံးဖောက်ခွဲရင် သူ့တပ်ဖွဲ့တွေနဲ့ သူ့ထိန်းချုပ်နယ်မြေတွေကိုပါ သက်ရောက်မယ်ဆိုတာ မသိဘဲမနေပါဘူး။ ဒါ့ကြောင့် ဒီလောက်မိုက်မဲမှာ မဟုတ်ဘူးလို့ စစ်ရေးသုံးသပ်သူအများအပြားက ရှုမြင်ကြပါတယ်။ ရုရှားဟာ ဒတ်တီးဗုံးကိုယ်တိုင်အသုံးပြုပြီး သူများကိုတံဆိပ်ကပ်ဖို့ လုပ်ဆောင်နေတာတော့ မဖြစ်နိုင်ဘူးလို့ (ISW) ကိုယ်တိုင်ကလည်း ထုတ်ဖော်ပြောဆိုပါတယ်။
အရင်က ဒတ်တီးဗုံးသုံးဖူးသလား
ဒတ်တီးဗုံးကိုအသုံးပြုပြီး အောင်အောင်မြင်မြင်တိုက်ခိုက်တာမျိုး ကမ္ဘာပေါ်မှာ မရှိဖူးသေးပါဘူး။ ဒါပေမဲ့ ဒတ်တီးဗုံးအသုံးပြုဖို့ ကြိုးစားတာတွေတော့ ရှိဖူးပါတယ်။
၁၉၉၆ ခုနှစ်မှာ ချေချင်းညှာသူပုန်တွေက ကေစီယမ် ၁၃၇ ပါတဲ့ဒိုင်းနမိုက်ကို မော်စကိုအစ်မိုင်လိုဗို ပန်းခြံထဲမှာ ထောင်ခဲ့ဖူးပါတယ်။ ကေစီယမ် ၁၃၇ ဟာ ကင်ဆာကုသရာမှာ အသုံးပြုတဲ့ ရေဒီယိုသတ္တိကြွပစ္စည်းဖြစ်ပါတယ်။ ဒိုင်းနမိုက်မပေါက်ကွဲခင်မှာ လုံခြုံရေးအဖွဲ့ကတွေ့ပြီး စနက်တံဖြုတ်နိုင်ခဲ့ပါတယ်။
၁၉၉၈ ခုနှစ်မှာလည်း ချေချင်းညှာထောက်လှမ်းရေးအဖွဲ့ဟာ မီးရထားလမ်းပေါ်မှာ ထောင်ထားတဲ့ ဒတ်တီးဗုံးကိုတွေ့ပြီး စနက်တံဖြုတ်နိုင်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ်မှာတော့ အယ်လ်ခိုင်းဒါးနဲ့ အဆက်အသွယ်ရှိတဲ့ အမေရိကန်နိုင်ငံသား ဟိုဆေးပက်ဒီလာဟာ ဒတ်တီးဗုံးနဲ့တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ချီကာဂိုမြို့မှာ အဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ကိုထောင်ဒဏ် ၂၁ နှစ်ချမှတ်ခဲ့ပါတယ်။
နောက် ၂ နှစ်အကြာမှာတော့ အယ်လ်ခိုင်းဒါး အဖွဲ့ဝင်လည်းဖြစ် ဗြိတိန်နိုင်ငံသားလည်း ဖြစ်တဲ့ ဒီရန်ဘားရော့ကို အမေရိကန်နဲ့ ဗြိတိန်မှာ ဒတ်တီးဗုံးအသုံးပြုပြီး အကြမ်းဖက်လုပ်ရပ်လုပ်ဖို့ကြံစည်မှုနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ပက်ဒီလာနဲ့ဘားရော့တို့ဟာ အဖမ်းမခံရခင်မှာ ဒတ်တီးဗုံးကိုတောင် စတင်မပြုလုပ်ကြရသေးပါဘူး။