၂၀၃၀ ကမ္ဘာ့ဖလား ဘောလုံးပွဲကို နိုင်ငံပေါင်း ၆ နိုင်ငံမှာ ကျင်းပ မယ်

၂၀၃၀ ကမ္ဘာ့ဖလားပွဲကို ကမ္ဘာ့တိုက်ကြီး ၃ တိုက်က နိုင်ငံ ၆ နိုင်ငံမှာ ကျင်းပဖို့ နိုင်ငံတကာ ဘောလုံး အဖွဲ့ချုပ် (FIFA -ဖီဖာ) က အတည်ပြုလိုက်ပါပြီ။
စပိန်၊ ပေါ်တူဂီ၊ မော်ရိုကိုနိုင်ငံတွေက ပူးတွဲအိမ်ရှင်နိုင်ငံတွေ အဖြစ် ကမ္ဘာ့ဖလားပွဲကို လက်ခံကျင်းပမှာဖြစ်ပြီး ကမ္ဘာ့ဖလား ကွင်းဖွင့်ပွဲ ၃ ပွဲကို ဥရုဂွေး၊ အာဂျင်တီးနားနဲ့ ပါရာဂွေး နိုင်ငံတို့မှာ ကျင်းပမှာပါ။
တောင်အမေရိကတိုက်မှာ ကွင်းဖွင့်ပွဲ ၃ ပွဲ ကန်တဲ့နေ့ဟာ ကမ္ဘာ့ဖလားပွဲ နှစ် ၁၀၀ ပြည့်နဲ့လည်း တိုက်ဆိုင်ပါလိမ့်မယ်။
ကမ္ဘာ့ဖလားကျင်းပမယ့် နိုင်ငံတွေသတ်မှတ်တဲ့ ဒီဆုံးဖြတ်ချက်ကို နောက်နှစ်မှာ ကျင်းပမယ့် ဖီဖာ ကွန်ကရက်မှာ တရားဝင် လက်မှတ်ထိုး အတည်ပြုပါလိမ့်မယ်။
၂၀၃၄ ကမ္ဘာ့ဖလားပွဲအတွက် ကျင်းပခွင့်ပေးဖို့ လေလံ တင်သွင်းတာကို အာရှတိုက် က ဘောလုံးအဖွဲ့ချုပ်တွေနဲ့ ပင်လယ် သမုဒ္ဒရာတွင်း ကျွန်းစုနိုင်ငံတွေက ဘောလုံး အဖွဲ့ချုပ်တွေဆီကသာ လက်ခံမယ် ဆိုတာကိုလည်း ဖီဖာက အတည်ပြုပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပွဲကို တိုက်ကြီးတွေ ခွဲပြီး နိုင်ငံအများအပြားမှာ လက်ခံ ကျင်းပ မယ်ဆိုတဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်နေတာတွေလည်း ရှိပါတယ်။
ဒီပွဲတွေက ကမ္ဘာ့နေရာ အတော်များများမှာ ဖြစ်နေပြီး ပရိဿတ်တွေရဲ့ ခရီးသွားလာ မှုတွေ ပိုများလာမှာကြောင့် အကျိုးဆက်က ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေမှုကို ထိခိုက်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေသလို၊ ဖီဖာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု များပြားနေတဲ့ နိုင်ငံတွေကိုလည်း ဘောလုံးပွဲ ကျင်းပခွင့်နဲ့ အားပေး နေတယ်လို့ ဆိုနေကြတာပါ။
ဖီဖာ ဥက္ကဌ ဂျီယန်နီ အင်ဖန်တီနိုကတော့ “ကွဲပြားနေတဲ့ ကမ္ဘာကြီးမှာ ဖီဖာနဲ့ ဘောလုံး က ညီညွတ်စေနေတာ” လို့ ဆိုပါတယ်။








