မှိုအဆိပ်သင့်မှု - သံသယရှိခံရသူအမျိုးသမီးကိုလူသတ်မှုနဲ့စွဲချက်တင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူသုံးဦး မှိုအဆိပ်သင့်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ သြစတေးလျအမျိုးသမီး အယ်ရင်ပတ်တာဆန်ဟာ သူ့ရဲ့ လက်တွဲဖော်ဟောင်းကို လေးကြိမ်တိုင် လူသတ်ဖို့ ကြံစည်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။
အသက် ၄၉ နှစ်အရွယ် သူ့ကို လူသတ်မှု ၃ မှုနဲ့ လူသတ်ရန်ကြံစည်မှု ၅ မှုနဲ့ ကြာသပတေးနေ့မှာ စွဲချက်တင်လိုက်ပါတယ်။
လူသတ်မှုစွဲချက်တွေဟာ ဗစ်တိုးရီးယားပြည်နယ် လီယွန်ဂါသာမြို့က သူရဲ့နေအိမ်မှာ ဇူလိုင်လက တည်ခင်းခဲ့တဲ့ မိသားစု နေ့လယ်စာနဲ့ ဆက်စပ်နေပါတယ်။
အယ်ရင်ပတ်တာဆန်ကတော့ သူ အပြစ်မရှိကြောင်း တောက်လျှောက်ပြောနေပါတယ်။
ဒီကနေ့ သောကြာနေ့မှာတော့ သူ့ကိုစွဲဆိုချက်တွေနဲ့ပတ်သက်လို့ တရားရုံးမှာ ခဏကြာရုံးထုတ်ခဲ့ပါတယ်။
သူ့နေအိမ်ကသိမ်းဆည်းရမိတဲ့ကွန်ပျူတာပစ္စည်းတွေကို အစိုးရရှေ့နေတွေက အသေးစိတ်စစ်ဆေးဖို့အတွက် နောက်နှစ် မေလ ၃ ရက်အထိ အမှုကိုဆိုင်းငံ့ထားပါတယ်။
အယ်ရင်ပတ်တာဆန်ကတော့ အာမခံလျှောက်ထားတာ မရှိပါဘူး။
ဒါဇင်ဝက်လောက်ရှိတဲ့ ရုပ်သံရိုက်ကူးရေးအဖွဲ့တွေဟာ ဒီအမှုကြားနာမှုကို တင်ဆက်ဖို့ လီယွန်ဂါသာမြို့နဲ့ ၃၇ မိုင်ဝေးတဲ့ မောဝဲလ်မြို့ တရားရုံးရှေ့မှာ စီတန်းစောင့်ဆိုင်းနေခဲ့ကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, Supplied
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ စောင့်ဆိုင်းနေတဲ့ ကင်မရာအဖွဲ့တွေအတွက် အယ်ရင်ပတ်တာဆန်ကို အရိပ်အယောင်တောင် မတွေ့ခဲ့ရပါဘူး။ သူ့ကို ညတုန်းက ထားခဲ့တဲ့ ရဲစခန်းထဲကနေ တရားရုံးထဲကို ဆက်သွယ်ထားတဲ့ လိုဏ်ခေါင်းလမ်းကတဆင့် ခေါ်ဆောင်သွားခဲ့တာကြောင့်ပါ။
တရားရုံးကထွက်လာတဲ့ အမှုနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေအရ ရဲတပ်ဖွဲ့ကတော့ မစ္စ ပက်တာဆန်ဟာ သူ့ရဲ့ ကွဲကွာနေတဲ့ ခင်ပွန်းဖြစ်သူ ဆိုင်မန် ပတ်တာဆန်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ နဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအကြားမှာ သုံးကြိမ်တိုင်တိုင် သတ်ဖို့ကြိုးစားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
စတုတ္ထအကြိမ် ကြိုးပမ်းတဲ့နေ့ကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာဖြစ်ပြီး မစ္စပတ်တာဆန်က ဆိုင်မန်ပတ်တာဆန်ရဲ့ မိဘနှစ်ပါး၊ အဒေါ် ဟီသာ ဝစ်ကင်စန် နဲ့ သူ့ခင်ပွန်း အီရန် ဝစ်ကင်စန်တို့ကို အမဲသားဟင်းကို နေ့လယ်စာ ချက်ကျွေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့က ဆိုင်မန် ပက်တာဆန် မလာခဲ့ပါဘူး။
မစ္စ ပတ်တာဆန်ကတော့ သူဟာ စူပါမားကတ်တစ်ခုက ဝယ်ယူထားတဲ့မှိုတွေနဲ့ အာရှ ကုန်စုံဆိုင်တစ်ခုက အရင်လပိုင်းတွေက ဝယ်ထားတဲ့ မှိုခြောက်တွေနဲ့ ရောပြီး အမဲသားဟင်းကို ချက်ခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီထမင်းပွဲနောက်မှာတော့ ဧည့်သည်လေးဦးလုံး ဆိုးဆိုးရွားရွား နေမကောင်းဖြစ်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရက်ပိုင်းအတွင်းမှာပဲ အသက် ၇၀ အရွယ် ပတ်တာဆန် ဇနီးမောင်နှံ နဲ့ ၆၆ နှစ် အရွယ် မစ္စ ဝစ်ကင်ဆန်တို့ သေဆုံးခဲ့ပါတယ်။ အသက် ၆၈ နှစ် အရွယ် မစ္စတာဝစ်ကင်ဆန်ကတော့ ဆေးရုံတင်ခဲ့ရပေမယ့် နောက်ပိုင်းမှာပြန်လည်သက်သာလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရဲကတော့ လေးဦးလုံးဟာ အဆိပ်ပြင်းတဲ့ မှိုတွေကို စားသုံးမိတယ်ဆိုပြီး ပြောထားပါတယ်။ မစ္စပတ်တာဆန်ဟာ အဲဒီနေ့လယ်စာကိုစားခဲ့တဲ့ သူနဲ့ သူ့ကလေးနှစ်ဦး ဘာမှမဖြစ်ခဲ့တဲ့နောက်မှာ သံသယရှိခံရသူ ဖြစ်လာတာပါ။
ဒါပေမဲ့ သူကတော့ ဧည့်သည်တွေကို အဆိပ်ခတ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့သလို သူကိုယ်တိုင်လည်း အဲဒီနေ့လယ်စာ စားအပြီးမှာ ဆေးရုံရောက်သွားခဲ့ပြီး သူ့ကို အသည်းမပျက်အောင် ဆေးရုံက ဆေးပေးခဲ့တယ်လို့ ပြောပါတယ်။
"ဒီမှိုတွေက ကျွန်မချစ်ခင်ရသူတွေကို ထိခိုက်စေခဲ့တဲ့အတွက် တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်" လို့ ဩဂုတ်လက ထုတ်ပြန်ချက်တစ်ခုမှာ ရေးသားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကတော့ အမှုရဲ့ ရှုပ်ထွေးမှုကို အလေးပေးခဲ့ပြီး နောင်နှစ်ပေါင်းများစွာ သတိရနေစေမယ့် ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။
"ဗစ်တိုးရီးယားမှာ တင်မကဘဲ တစ်နိုင်ငံလုံးနဲ့ နိုင်ငံတကာမှာပါ ဒီလောက်အထိ မီဒီယာနဲ့ အများပြည်သူ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေတဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတစ်ခု ရှိမယ်မထင်တော့ပါဘူး" လို့ လူသတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး ဒင်းသောမတ်စ်က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။








