G7 - ဒီနှစ် ထိပ်သီးဆွေးနွေးပွဲမှာ ဘာကြောင့် ၈ နေရာ တိုးထားလဲ

Japan PM Fumio Kishida greets US President Biden in Hiroshima

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟီရိုရှီးမားကို ရောက်ရှိလာတဲ့ အမေရိကန် သမ္မတ ဘိုင်ဒဲန်ကို ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ ကြိုဆို

တကယ်လို့သာ G7 ထိပ်သီးဆွေးနွေးပွဲဟာ ညစာ စားပွဲတခု ဖြစ်မယ်ဆိုရင် အိမ်ရှင်အဖို့ စားပွဲ ဆက်ဖို့နဲ့ နောက်ထပ် ပန်းကန်နဲ့ ဇွန်းခက်ရင်း အပိုတွေလိုက်ရှာနေရလောက်ပြီ ဖြစ်ပါတယ်။

ဒီနှစ် အိမ်ရှင် ဂျပန်ရဲ့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း ဟီရိုရှီးမားမှာ သောကြာနေ့ စတင်ပြီ ဖြစ်တဲ့ ဆွေးနွေးပွဲမှာ ဧည့်သည်အဖြစ် တက်ရောက်ဖို့ နောက်ထပ် နိုင်ငံပေါင်း ၈ နိုင်ငံကို ဖိတ်ကြားထားပါတယ်။

ဒီဆွေးနွေးပွဲမှာ ယူကရိန်း စစ်ပွဲကစပြီး စားကုန် ပစ္စည်းတွေက အစ ဆွေးနွေးသွားကြဖို့ ရှိပါတယ်။ နောက်ပြီး အချိန်နဲ့ အမျှ မြန်မြန် ဆန်ဆန် ပြောင်းလဲနေတဲ့ နိုင်ငံတကာအရေးတွေ၊ အထူးသဖြင့် ဒီဆွေးနွေးပွဲရဲ့ ဧည့်သည် စာရင်းမှာ မပါတဲ့ ရုရှားနဲ့ တရုတ်တို့ အရေးတွေကို အဓိက ထားပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။

G7 အဖွဲ့ရဲ့ နှစ်စဉ် ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီ နိုင်ငံကြီးတွေဖြစ်ကြတဲ့ ဂျပန်၊ အမေရိကန် ပြည်ထောင်စု၊ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ ကနေဒါနဲ့ အီတလီတို့ ပါဝင် တက်ရောက်ကြသလို G7 အဖွဲ့ဝင်မဟုတ်တဲ့ ဥရောပသမဂ္ဂ က ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။ မကြာသေးခင် နှစ်ပိုင်းတွေက စပြီး တခြားနိုင်ငံတွေကိုပါ တက်ရောက်ဖို့ အတွက် ထပ်တိုး ဖိတ်ကြားတာတွေ ရှိပါတယ်။

တဖက်မှာလည်း G7 အဖွဲ့ရဲ့ စီးပွားရေး အင်အားဟာ ယိုင်နဲ့ လာနေတာကို တွေ့ရပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေ အတွင်းကဆိုရင် ဒီအဖွဲ့ဝင် နိုင်ငံတွေဟာ ကမ္ဘာ့ ဂျီဒီပီရဲ့ ထက်ဝက်ကျော် ရှိတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က ဆိုပါတယ်။ အခုတော့ ၃၀ ရာခိုင်နှုန်းနီးပါးသာ ရှိတော့တာကြောင့် G7 အတွက် နောက်ထပ် မိတ်ဖက် နိုင်ငံသစ်တွေ လိုအပ်လာနေပြီ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အနောက်တိုင်း ညွန့်ပေါင်းတွေထက် ကမ္ဘာ့ရပ်ဝန်းကို ပိုစိတ်ဝင်စားနေတဲ့ မစ္စတာ ကီရှီဒါက သြစတြေးလျ၊ အိန္ဒိယ၊ ဘရာဇီး၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ အပြင် အာဖရိက သမဂ္ဂ ကိုယ်စားပြု ကိုမိုရော့စ်နဲ့ ပစိဖိတ် ကျွန်းနိုင်ငံများ အဖွဲ့ ကိုယ်စားပြု ကွခ် အိုင်လန်စ် တို့ကို ပါ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

ဂျပန် ဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ ၁၈ လ အတွင်းမှာ အိန္ဒိယ၊ အာဖရိကနဲ့ အရှေ့တောင် အာရှက နိုင်ငံပေါင်း ၁၆ နိုင်ငံကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီဒေသတွေက နိုင်ငံတွေကို တရုတ်နဲ့ ရုရှားတို့ရဲ့ ဓနနဲ့ သြဇာအပြင် တခြား အစားထိုးစရာလည်း ရှိနေတဲ့ အကြောင်းကို ထပ်လောင်း သက်သေပြနိုင်ဖို့ အတွက် သွားရောက် ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အခု ဟီရိုရှီးမား ဆွေးနွေးပွဲမှာ ရုရှား၊ တရုတ်တို့နဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မကင်းရာ မကင်းကြောင်းတွေ ရှိနေကြတဲ့ Global South တောင်ကမ္ဘာခြမ်းလို့ ခေါ်ကြတဲ့ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကက ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ဆွဲဆောင်ဖို့ အတွက် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

မညီညွတ်လှတဲ့ မျက်နှာစာ

မစ္စတာ ကီရှီဒါရဲ့ ရည်မှန်းချက်တွေထဲမှာ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်လို့ ညီညွတ်စွာ ဆန့်ကျင်ပြဖို့လည်း ပါဝင်ပြီး ဒါဟာ သူ့အတွက် အကြီးမားဆုံး အခက်အခဲ တခုလည်း ဖြစ်လာနိုင်ပါတယ်။ G7 က မော်စကိုရဲ့ စစ်စွမ်းအား လျော့ကျ လာစေဖို့အတွက် ရည်ရွယ်ပြီး စွမ်းအင်နဲ့ ထုတ်ကုန်တွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့ အရေးယူမှုတွေ လုပ်သွားဖို့ ကြိုးစားနေပါတယ်။

Mr Xi and Mr Putin are not on the guest list - although their countries dominate the agenda

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ္စတာ ရှီနဲ့ မစ္စတာ ပူတင်တို့ကို မဖိတ်ကြားထားပေမယ့် သူတို့ နိုင်ငံတွေနဲ့ပတ်သက်လို့ အလေးထား ဆွေးနွေးကြဖို့ ရှိ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ ဒီလို စီစဉ်တဲ့အပေါ် ဧည်သည်တိုင်းက လက်ခံကြမှာတော့ မဟုတ်ပါဘူး။ ဥပမာ အားဖြင့် အိန္ဒိယဆိုရင် ရုရှားရဲ့ သွင်းကုန်တွေအပေါ် အနောက်တိုင်းရဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ လက်မခံပါဘူး။ နောက်ပြီး နယူးဒေလီဟာ ရုရှားရဲ့ ယူကရိန်းပေါ် ကျူးကျော်စစ်ကို ပေါ်ပေါ်တင်တင်ရှုတ်ချတာမျိုးလည်း မလုပ်ပါဘူး။

အိန္ဒိယဟာ ရုရှားနဲ့ ကာလရှည် ဆက်ဆံရေးလည်း ရှိသလို စွမ်းအင်ကဏ္ဍမှာလည်း ရုရှားကို မှီခိုနေရတာ ဖြစ်ပါတယ်။ ရေနံတွေကိုလည်း ဈေးကြီးပေးမဝယ်နိုင်ဘူးလို့ အကြောင်းပြပြီး ရုရှားဆီက ဝယ်ယူတင်သွင်းနေတာ ဖြစ်ပါတယ်။

တကယ်တော့ အိန္ဒိယ တနိုင်ငံတည်းမဟုတ်ပါဘူး။ ဖွံ့ဖြိုးဆဲ စီးပွားရေး နိုင်ငံတွေဟာ ကုန်ဈေးနှုန်းတွေ တက်လာတာတဲ့ ဒဏ်ကြောင့် အတော် အထိနာခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲဟာလည်း ကုန်ဈေးနှုန်းတွေ တက်လာတဲ့ အကြောင်းရင်းတွေထဲက တခု ဖြစ်ပါတယ်။

အခုလည်း နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွေ လုပ်လာရင် မော်စကိုက ပင်လယ်နက် ကောက်ပဲသီးနှံ တင်ပို့ရေး သဘောတူညီချက်ကို ဖျက်သိမ်းပစ်လိုက်မှာကို စိုးရိမ်နေကြပါတယ်။ ယူကရိန်းထဲက အရေးကြီးတဲ့ ကောက်ပဲသီးနှံတွေကို ဒီသဘောတူညီချက်နဲ့ တင်ပို့နေတာကြောင့် ဒါကို ရပ်ပစ်လိုက်ရင် စားနပ်ရိက္ခာ လိုအပ်ချက်တွေ ပိုများလာပြီး ဈေးနှုန်းတွေပါ ထပ်တက်လာနိုင်ပါတယ်။

တချို့ ဧည့်သည်နိုင်ငံတွေအတွက်က ပိတ်ဆို့အရေးယူမှုတွေကြောင့် နစ်နာနိုင်မှုတွေ အပြင် တခြား ပြဿနာတွေလည်း ရှိနေပါတယ်။

စင်္ကာပူက အရှေ့တောင်အာရှ လေ့လာရေး ဌာနရဲ့ ဧည့် ပညာရှင် ငွင်ခတ်ဂျန်းက ဗီယက်နမ်ဆိုရင် ရုရှားနဲ့ သမိုင်းတလျှောက် တော်တော်ကို ရင်းရင်းနှီးနှီး ဆက်ဆံလာခဲ့တာ၊ စစ်လက်နက် ၆၀ ရာခိုင်နှုန်းနဲ့ ဓာတ်မြေသြဇာ ၁၁ ရာခိုင်နှုန်းကို ရုရှားဆီက ရနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားကလည်း ရုရှားအပေါ် အကြီးအကျယ် မှီခိုနေတာမျိုး မဟုတ်ပေမဲ့ ရုရှားကနေ လက်နက် အမြောက်အများ တင်သွင်းနေတာ ဖြစ်ပြီး မော်စကိုနဲ့ ဆက်ဆံရေး ကောင်းတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဗီယက်နမ်ရော အင်ဒိုနီးရှားရောက ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့ အရေးယူမယ့် ကိစ္စကို အတိအလင်း ဆန့်ကျင်တာ၊ ထောက်ခံတာမျိုး လုပ်ကြမှာ မဟုတ်ဘူး၊ လုပ်ကြရင်လည်းစီးပွားရေးနဲ့ နိုင်ငံရေးအရ အတော် အန္တရာယ်ကြီးပြီး သူတို့ အတွက် အကျိုးအမြတ် သိပ်မရှိဘူးလို့ပြောပါတယ်။

မစ္စတာ ကီရှီဒါကတော့ အနုမြူဗုံးကြောင့် လူ ၁၀၀,၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ သူ့ ဇာတိ ဟီရိုရှီးမားမှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ရုရှားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ အလေးထား ဆွေးနွေးကြဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

မြို့ထဲမှာ လေ့လာ လည်ပတ် ကြည့်ရှုကြတဲ့ အခါမှာလည်း ဒီလိုလက်နက်တွေ ဘယ်လောက် ဖျက်စွမ်းအား ကြီးမားတယ်ဆိုတာကို သတိပြုမိနေကြမှာ ဖြစ်သလို ဖိတ်ကြားခံ ဧည့်သည်တွေအနေနဲ့ ဒီလို လက်နက်မျိုးကို ဘယ်တော့ မသုံးဖြစ်စေဖို့ အတွက် တာဝန်ရှိတယ်ဆိုတဲ့ သတင်းစကားကို သိနားလည်စေနိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီး ယူကရိန်း သမ္မတ ဇလန်းစကီးကလည်း စစ်ဒဏ်ခံနေရတဲ့ သူ့နိုင်ငံနဲ့ လူမျိုးအတွက် အကူအညီတွေ တောင်းခံဖို့ ဒီဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

Unmarked graves in Ukraine, where the war continues to exact a devastating toll

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကြောင့် အသေအပျောက် များနေဆဲ ဖြစ်တဲ့ ယူကရိန်းက သင်္ချိုင်းရာ တခု

ဒါပေမဲ့ ဘယ်လောက် အထိ ပိတ်ဆို့ အရေးယူသွားမယ် ဆိုတာနဲ့ ပတ်သက်လို့ အမြင်မတူမှုတွေကို ပျောက်သွားအောင် လုပ်နိုင်ဖို့တော့ မလုံလောက်သေးပါဘူး။ နောက်ပြီး G7 အပြင်က နိုင်ငံတွေကလည်း သူတို့ ရဲ့ အမြင်နဲ့ သဘောထားတွေကို အနောက်နိုင်ငံတွေက သိပ်အလေးဂရု မပြုတာနဲ့ ပတ်သက်လို့ မကျေနပ်ချက်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ဒီလို နိုင်ငံတွေရဲ့ အသံတွေကို နားထောင်ပြီး၊ မိတ်ဘက် နိုင်ငံတွေအဖြစ် ဆက်ဆံဖို့ လုပ်လာတာကလည်း ကဏ္ဍသစ်တခု စနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ယူကရိန်း စစ်ပွဲ၊ ကမ္ဘာ့စီးပွားရေး နှေးကွေးလာနေတာ၊ အထူးသဖြင့် တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ထိုင်ဝမ် ကိစ္စတွေလို အရှေ့အာရှက လုံခြုံရေးခြိမ်းခြောက်မှုတွေလို ပြဿနာမျိုးစုံနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်မှုတွေကို G7 နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးလို့ ရမယ့် အခွင့်အရေးဖြစ်တယ်လို့ ငွင်ခတ်ဂျန်းက ပြောပါတယ်။

တရုတ်ကို ရင်ဆိုင်ဖို့

ပြီးခဲ့တဲ့ နှစ်က ကြုံခဲ့ရတဲ့ ပြဿနာကြီးတွေထဲမှာ ထိုင်ဝမ်နဲ့ အနီးက ပင်လယ်ပြင်ထဲမှာ ဖြစ်နေတဲ့ တင်းမာမှုတွေလည်း ပါဝင်ပါတယ်။ G7 နိုင်ငံတွေထဲက တခုတည်းသော အာရှနိုင်ငံရဲ့ ခေါင်းဆောင် ဖြစ်တဲ့ မစ္စတာ ကီရှီဒါကလည်း အခု ဆွေးနွေးပွဲဟာ တရုတ်က ထိုင်ဝမ်အနီး စစ်အင်အားတွေ ပိုပြီး ပြသလာနေတာကို တုံ့ပြန်ဖို့ အခွင့်အရေး တခုအဖြစ် ရှုမြင်ပါတယ်။

တိုကျိုရဲ့ အနောက်နိုင်ငံတွေကို ပေးချင်တဲ့ သတင်းစကားက ယူကရိန်းစစ်ပွဲဟာ အနောက်တိုင်းနဲ့သာ မက သူတို့နဲ့လည်း သက်ဆိုင်တယ်၊ ဒါပေမဲ့ အပြန်အလှန်တော့ ရှိရမယ် ဆိုတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ ကုန်စည်ဖလှယ် လမ်းကြောင်းတွေကို တော်တော် ကိုင်ထားနိုင်ပြီ ဖြစ်တဲ့ တရုတ်အပေါ် တုံ့ပြန်ဖို့ကတော့ ရုရှားထက်တောင်ပိုပြီး ခက်ခဲနိုင်ပါတယ်။

China has stepped up its show of force in the waters around Taiwan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်က ထိုင်ဝမ်နားက ရေပိုင်နက်မှာ စစ်အင်အားတွေ တိုးပြသလာ

မကြာသေးခင်က တရုတ်ပြည်ကို သွားရောက်ခဲ့တဲ့ ပြင်သစ် သမ္မတ အီမန်နျူယဲလ် မက္ကရွန်းက ဥရောပ အနေနဲ့ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်မပါသင့်ဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီစကားလုံးတွေ ကြောင့်ပဲ အနောက်နိုင်ငံတွေ အကြားမှာလည်း မကျေလည်မှု အနည်းငယ် ဖြစ်ခဲ့ပါတယ်။ ပိုဆိုးတာက အရှေ့အာရှကို မျက်ကွယ်ပြုလာကြပြီလား ဆိုတဲ့ စိုးရိမ်မှုတွေ အသစ်တဖန် ခေါင်းထောင်လာစေတာပါ။

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်နေစဉ်အတွင်း ရီပတ်ပလစ်ကန် အမတ် လင်ဆီ ဂရေဟမ် က လူထောင်ပေါင်းများစွာ သေကြေကြလည်း၊ တခြားတဖက်ခြမ်းမှာ သေကြေကြတာပါ လို့ ပြောခဲ့တာနဲ့ အဲဒီနောက်မှာ သမ္မတဟောင်း ဒေါ်နယ် ထရမ့်က တောင်ကိုရီးယားက အမေရိကန် တပ်ဖွဲ့တွေကို လျှော့ချမယ်လို့ ခြိမ်းခြောက်စကားတွေ ပြောခဲ့တာကိုလည်း တော်တော်များများက မေ့ကြဦးမှာ မဟုတ်ပါဘူး။

လေ့လာသူတွေကတော့ တရုတ်ဟာ အနောက် ဒီမိုကရေစီနိုင်ငံတွေလို မဟုတ်ဘဲ ရွေးကောက်ပွဲတွေ ပြီးသွားလည်း သူတို့ရဲ့ ရပ်တည်ချက်က ဘယ်တော့မှ မပြောင်းလဲဘူးလို့ ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုဆိုရင် ပြီးခဲ့တဲ့ နှစ်အတွင် ယူကရိန်းအပေါ် ထောက်ပံ့ကူညီမှုတွေလည်း မလျော့သွားသလို ထိုင်ဝမ်အပေါ် ပေးထားတဲ့ ကတိကဝတ်တွေကိုလည်း ဆက်ပြီး စွဲကိုင်ထားတာကို တွေ့ရပါတယ်။ နောက်ပြီး ပစိဖိတ်ဒေသတွင်း မဟာမိတ်တွေ ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ သြစတေးလျတို့လို နိုင်ငံတွေနဲ့လည်း နီးနီးကပ်ကပ် ဆက်ဆံနေခဲ့ပါတယ်။

ဒါပေမဲ့ G7 ဆွေးနွေးပွဲမှာ တရုတ်ရဲ့ စစ်ရေး ရည်မှန်းချက် တခုတည်းကိုသာ ပစ်မှတ်ထားမှာ မဟုတ်ပါဘူး။ သူတို့မှာ ဘေကျင်းရဲ့ စီးပွားရေး အကြပ်ကိုင်မှုတွေနဲ့ ပတ်သက်လို့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

၂၀၁၉ အတွင်းက သြစတေးလျရဲ့ သွင်းကုန်တွေကို လျှော့ချပစ်တာနဲ့ ၂၀၁၇ အတွင်း တောင်ကိုရီးယားရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထားခဲ့တာမျိုးလို တရုတ်က သူ့ကို ထိခိုက်စေတဲ့ အပြုအမူတွေ အပေါ် လက်တုံ့ပြန်တာမျိုးတွေ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ G7 ဘက်က ဘယ်လို တုံ့ပြန် ရင်ဆိုင်သွားမလဲ ဆိုတာတော့ မသိရသေးသလို အီးယူ နိုင်ငံတွေနဲ့ အတူ ပူးပေါင်း ဆောင်ရွက်တာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။ တကယ်တော့ ဂျပန်ရော အီးယူကပါ တရုတ်ကို ထိပ်တန်း ကုန်သွယ်ဖက် နိုင်ငံအဖြစ် သဘောထားကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် တခြားနိုင်ငံတွေကိုပါ လိုက်ပါဆောင်ရွက်ဖို့ စည်းရုံးဖို့က မလွယ်ပါဘူး။ Global South နိုင်ငံတွေဟာ ဘေကျင်းနဲ့စီးပွားရေး ဆက်ဆံမှုတွေ တော်တော်များများ ရှိနေပါတယ်။

တရုတ်ဟာ လက်တင် အမေရိကနဲ့လည်း ကုန်သွယ်ရေးတွေ အားကောင်းနေပါတယ်။ ဒေသတွင်း ဂျီဒီပီရဲ့ ၈.၅ ရာခိုင်နှုန်းဟာ ဘေကျင်းနဲ့ ပတ်သက်နေပါတယ်။ ဘရာဇီးဆို တရုတ်နဲ့ ကုန်သွယ်ရေးပိုငွေ ပြနေတဲ့ နိုင်ငံတွေထဲက တခု ဖြစ်ပါတယ်။ ဒါပေမယ့် အာဖရိက ဂါနာနဲ့ ဇမ်ဇီဘာလို နိုင်ငံတချို့ကတော့ တရုတ်ဆီက ချေးငွေတွေကို ပြန်ပေးနိုင်ဖို့ တော်တော် ရုန်းကန်နေကြရပါတယ်။

တရုတ်ကလည်း G7 နိုင်ငံတွေက ဦးဆောင်လုပ်လာမယ့် အစီအမံတွေနဲ့ ပတ်သက်လို့ သူတို့ ခံယူချက်ကို ပြောထားပြီး ဖြစ်ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေး ဆိုခွင့်ရှိသူ ဝန် ဝဲန်ဘင်းက တရုတ်ကိုယ်တိုင်က အမေရိကန်ရဲ့ စီးပွားရေး အကြပ်ကိုင်မှုကို ခံစားခဲ့ရတာဖြစ်ပြီး တခြားနိုင်ငံတွေရဲ့ စီးပွားရေး အကြပ်ကိုင်မှုတိုင်းကိုလည်း အမြဲ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပြောခဲ့ပါတယ်။

စစ်မျက်နှာသစ်

သြဇာ လွှမ်းမိုးမှု ရဖို့အတွက် အပြိုင်အဆိုင် ကြိုးစားနေဆဲ ဖြစ်တဲ့ ဒေသတခုလည်း ရှိနေပါတယ်။ ဒါကတော့ ပစိဖိတ် ကျွန်းနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပစိဖိတ် ကျွန်းနိုင်ငံတွေကို ကိုယ်စားပြုတဲ့ ကွတ်ခ် အိုင်လန်းစ်လို နိုင်ငံငယ်လေး တနိုင်ငံ ဧည့်စာရင်းထဲမှာ ပါလာတာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီလို ကျွန်းနိုင်ငံတွေကလည်း အမေရိကန်နဲ့ တရုတ်အကြား သူတို့ရဲ့ မဟာဗျူဟာ ကျမှုကို အသုံးချ ဆက်ဆံနေကြတာ ဖြစ်ပါတယ်။

Coastal villages in Pacific Island countries like Fiji are already battling erosion, an effect of climate change

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖီဂျီလို ကျွန်းနိုင်ငံတွေက ကမ်းရိုးတန်း ရွာကလေးတွေ ဆိုရင် ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးဆက် ကြောင့် ဖြစ်လာတဲ့ တိုက်စားမှုတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရ

ပြီးခဲ့တဲ့ နှစ်က ဘေကျင်းဟာ ဆော်လမွန် အိုင်းလန်းစ် နဲ့ လုံခြုံရေးရာ သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒါကြောင့် ဒေသတွင်းမှာ စစ်အခြေစိုက် စခန်းတခု တည်ဆောက်လာတော့မလား ဆိုတဲ့စိုးရိမ်မှုတွေ ပေါ်လာပါတယ်။ အမေရိကန်ကလည်း ချက်ချင်းဆိုသလိုပဲ နိုင်ငံပေါင်း ၁၄ နိုင်ငံအတွက် ဒေါ်လာသန်း ၈၁၀ ဘဏ္ဍာရေး အကူအညီတွေ ပေးမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

အခုလည်း မစ္စတာ ကီရှီဒါရဲ့ ကြိုးစားမှုတွေဟာ G7 နိုင်ငံတွေ ရာသီဥတု ပြောင်းလဲမှုနဲ့ စွမ်းအင် ကဏ္ဍ လုံခြုံစိတ်ချရဖို့ အရေး ကိုင်တွယ်ဖို့ ဘယ်လို သဘောတူညီကြမလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ ဒီလို သဘောတူညီချက်ကြောင့် တချို့ နိုင်ငံတွေ ရုရှားရဲ့ ရေနံနဲ့သဘောဝဓာတ်ငွေ့အပေါ် အားထားနေမှုနဲ့ တရုတ်ရဲ့ အကူအညီတွေအပေါ် မှီခိုနေရတာတွေကို လျှော့ချ ပစ်နိုင်မှာ ဖြစ်ပါတယ်။

တဖက်မှာလည်း အားနည်းချက် တချို့ကို မြင်နေရပြီး ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲ ပြီးရင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ပစိဖိတ် ကျွန်းနိုင်ငံတခုကို ပထမဆုံး သွားရောက်တဲ့ အမေရိကန်သမ္မတအဖြစ် ပါပူဝါနယူးဂီနီကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုတော့ အမေရိကန်က ပြည်တွင်း ကြွေးမြီ ပြဿနာကြောင့် ခရီးစဉ်ကို ဖျက်လိုက်ရပြီ ဖြစ်ပါတယ်။ ဒါဟာ နောက်ပြန်လှည့်သလိုပဲ လို့ အာရှ လူမှု မူဝါဒရေးရာ ဌာနရဲ့ အကြီးတန်း အဖွဲ့ဝင်နဲ့ သြစတေလျ ထောက်လှမ်းရေး အကြီးအကဲဟောင်း ရစ်ချတ် မောက်ဒ် က ပြောပါတယ်။

ဒီဒေသတွင်းမှာ အဓိက လိုအပ်တာက လာရောက် ထိတွေ့ ဆက်ဆံဖို့ပဲ၊ တရုတ်က တချိန်လုံးကို လာရောက်နေတာ ဆိုတော့ ဒီလို လာရောက်တယ် ဆိုတာနဲ့တောင် မလုံလောက်သေးဘူးလို့ မကြာသေးမီက ဆွေးနွေးပွဲ တခုမှာ ရစ်ချတ် မောက်ဒ်က ပြောခဲ့ပါတယ်။