မော်ရိုကို ငလျင် - သေဆုံးသူ ၂ ထောင်ကျော်အထိမြင့်တက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မော်ရိုကိုနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူအရေအတွက် ၂ ထောင်ကျော်အထိ ထိုးတက်သွားပါတယ်။
မော်ရိုကို ပြည်ထဲရေးဝန်ကြီးကတော့ ဒဏ်ရာရသူ ၁၄၀၀ ကျော်ရှိတယ်လို့ ပြောပြီး လူအသေအပျောက်အဖြစ်ဆုံးနေရာဟာ နိုင်ငံအနောက်တောင်ပိုင်း မဲရားကတ်ရှ် မြို့ကနေ ကီလိုမီတာ ၇၀ လောက်မှာရှိတဲ့ခရိုင်တွေဖြစ်တယ်လို့ ဆိုပါတယ်။
လူနေကျဲတဲ့ အတ်တလပ်စ် တောင်တန်းဒေသမှာ ၆.၈ ပြင်းအားရှိတဲ့ ငလျင် လှုပ်ခဲ့အပြီးမှာ ရွာလုံးကျွတ် စိစိညက်ညက်ကျေသွားပြီး အပျက်အစီးပုံတွေအောက်မှာ မိသားစုတွေ ပိတ်မိနေကြပါတယ်။
ဒီနေရာတွေကို သွားဖို့ကလည်း မြေပြိုမှုနဲ့ လမ်းပျက်စီးမှုတွေကြောင့် ခက်ခဲနေပါတယ်။
ငလျင်ဒဏ်မခံနိုင်တဲ့ ကျေးလက်က အဆောက်အအုံတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငလျင်ကြောင့် အဆောက်အအုံတွေ ပြားပြားဝပ်ကျသွားတဲ့ကျေးရွာတွေမှာ အပျက်အစီးတွေအောက်ပိတ်မိနေသူတွေကို တွေ့နိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေရော၊ သောကပွေနေတဲ့ဆွေမျိုးရင်းချာတွေကပါ ဆက်ပြီး ရှာဖွေနေကြပါတယ်။
မာရာကတ်ရှ်မြို့တောင်ပိုင်းက ကျေးလက်ဘက်ကျပြီး နွမ်းပါးတဲ့အရပ်တွေဘက်မှာဆိုရင် အိမ်အများစုဟာ လက်လုပ်မြေအုတ်တွေ ဒါမှမဟုတ် ဝတ္ထုပစ္စည်း ခိုင်ခိုင်ခံခံမပါဘဲ ဆောက်ထားတာဖြစ်ပါတယ်။ ဒါတွေဟာ ပြင်းအား ၆.၈ မဂ္ဂနီကျူ့ရှိတဲ့ ငလျင်ဒဏ်ကို အံမတုနိုင်ခဲ့ပါဘူး။
နံရံတွေကျန်နေသေးတဲ့ မာရာကတ်ရှ်မြို့ဟောင်း မာဒီနာမှာဆိုရင်လည်း အပျက်အစီးတွေကို မြင်ရပါတယ်။ ရာစုနှစ်နဲ့ချီသက်တမ်းရှိတဲ့အဆောက်အအုံတွေ ယိုင်နဲ့ပြိုပျက်ခဲ့ပြီး အပျက်အစီးတွေနဲ့ မြေမှုန်နီနီတွေဟာ နေရာအနှံ့ပျံ့လို့နေပါတယ်။
ဒါပေမဲ့ အဆိုးရွားဆုံးပျက်စီးခဲ့တဲ့နေရာကတော့ မာရာကတ်ရှ်အစွန်အဖျားအပိုင်းတွေဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်ဟာ အမြင့်ဆုံးနေရာကတော့ အက်တလပ်စ် တောင်တန်းရှိရာ အယ်လ်ဟောက်ဇ်ခရိုင်ထဲဖြစ်မှာဖြစ်ပါတယ်။
နိုင်ငံတွေရဲ့အကူအညီပေးရေးစတင်ပြီ

မော်ရိုကို ငလျင်အလွန် ကူအညီရေးအတွက် နိုင်ငံအတော်အများများက ကတိကဝတ်တွေ ပြုလာပြီး အဲဒီထဲမှာ အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ အမေရိကန်နိုင်ငံတို့လည်း ပါဝင်ပါတယ်။
နိုင်ငံတကာကြက်ခြေနီအဖွဲ့ကတော့ ငလျင်ဒဏ်သင့်ကျေးရွာတွေနဲ့ မြို့ဟောင်းအချက်အခြာနေရာတွေဟာ ပြန်လည်ပြင်ဆင်ရေးလုပ်ဖို့ နှစ်နဲ့ချီကြာမြင့်နိုင်တယ်လို့ သတိပေးပါတယ်။
''နှစ်နဲ့ချီကြာတာမျိုးမဖြစ်ရင်တောင် လနဲ့ချီကြာမြင့်မယ် ငလျင်အလွန်တုံ့ပြန်ရေးရှိလာဖို့ပဲ မျှော်လင့်နေရပါတယ်'' လို့ အဲဒီအဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဆိုင်ရာ ဒါရိုက်တာက ပြောပါတယ်။
ကြက်ခြေနီအဖွဲ့ဟာ အဖွဲ့ရဲ့သဘာဝဘေးတုံ့ပြန်ရေးအရေးပေါ်ရန်ပုံငွေကနေ ကူညီကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁ သန်းကျော်ကို စတင်သုံးစွဲနေပြီဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ မော်ရိုကိုနဲ့အိမ်နီးချင်း ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ စပိန်က ကူညီကယ်ဆယ်ရေးအတွက် ကျွမ်းကျင်ဝန်ထမ်း ၆၀ ကျော် စေလွှတ်သွားမယ်လို့ ကြေညာပါတယ်။
မာရာကတ်ရှ်မှာ ငလျင်ဒဏ်သင့်သူ ၃ သိန်းကျော်
မော်ရိုကိုနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မာရာကတ်ရှ်မြို့နဲ့ ဆင်ခြေဖုံးအရပ်တွေမှာ ငလျင်ဒဏ်သင့်သူ ၃ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်ပြောဆိုပါတယ်။
‘’အခြေအနေကို နီးနီးကပ်ကပ်စောင့်ကြည့်နေပြီး အကူအညီပေးဖို့လည်း အသင့်ရှိတယ်’’ လို့ ဆိုပါတယ်။
အစောပိုင်းတုန်းက ထုတ်ပြန်ချက်မှာတော့ ‘‘ငလျင်ဒဏ်သင့်လူတွေကိုကူညီဖို့ အားထုတ်တဲ့အနေနဲ့ မော်ရိုကိုအစိုးရကို အကူအညီပေးသွားမယ်’’လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
ငလျင်ဗဟိုချက်မှာ သေဆုံးသူအများဆုံး
မော်ရိုကိုနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူသေဆုံးမှုအများဆုံးနေရာတွေဟာ ငလျင်ဗဟိုချက်ဖြစ်ရာ အယ်လ်ဟောက်ဇ်ခရိုင်ဖြစ်တယ်လို့ နောက်ဆုံးရ တရားဝင်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီခရိုင်ထဲမှာ လက်ရှိအချိန်အထိန် သေဆုံးသူ ၁၃၀၀ နီးပါးရှိပြီး တာရူဒန့်ခရိုင်မှာ သေဆုံးသူ ၄၅၀ ကျော် ရှိပါတယ်။
ကျေးလက်ဒေသမှာ ရွာတွေ စိစိညက်ညက်ကျေသွားတဲ့ ငလျင်ကြောင့် စုစုပေါင်းသေဆုံးသူ ၂၀၁၂ ဦးရှိပြီး ၂၀၅၉ ဦး ဒဏ်ရာရထားပါတယ်။
ကယ်ဆယ်ရေး အချိန်လုနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သောကြာနေ့ညတုန်းက ဖြစ်ခဲ့တဲ့ ငလျင်ကြောင့် အပျက်အစီးတွေအောက် ရောက်နေကြသူတွေကို ရှာဖွေကယ်ဆယ်နိုင်မယ့်အချိန်ဟာ ကပ်နေတဲ့အကြောင်း အကူအညီပေးရေးအဖွဲ့တာဝန်ခံ တစ်ဦးက သတိပေးပြောဆိုလာပါတယ်။
‘‘သူတို့တွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ဖို့ဆိုရင်’’ လာမယ့် ၂၄ နာရီနဲ့ ၄၈ နာရီဟာ အရေးကြီးဆုံး အချိန်အပိုင်းအခြားလို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ချုပ်နဲ့ လခြမ်းနီအဖွဲ့(IFRC) လုပ်ငန်းလည်ပတ်မှုဒါရိုက် တာ ကယ်ရိုလင်း ဟော့ထ် ကပြောပါတယ်။
သူက ‘‘ရှာဖွေတာနဲ့ ကယ်ဆယ်တာတွေကို အပြိုင်လုပ်ရမှာဖြစ်ပါတယ်။ အသက်ရှင်နေသူတွေကိုလည်း လုံလောက်တဲ့စောင့်ရှောက်မှုပေးဖို့ လုပ်ရမှာကိုး’’လို့ပြောပါတယ်။
ဓာတ်ပုံစုစည်းချက် - အပြင်ထွက်အိပ်ကြရသူတွေ
ငလျင်ကြောင့် ညတွင်းချင်း သေဆံးသူ လူပေါင်း ၂ ထောင်ကျော်အထိ မြင့်တက်လာတဲ့ မော်ရိုကိုနိုင်ငံမှာတော့ ဒေသခံတွေဟာ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှာကို စိုးထိတ်ပြီး မနေ့ညပိုင်းက လမ်းမတွေပေါ် တက်အိပ်ခဲ့ကြပါတယ်။
အဲဒီက အခြေအနေတွေကို ဓာတ်ပုံတွေနဲ့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
‘‘ဘာမှ မရှိတော့ပါဘူး’’

ဓာတ်ပုံ ရင်းမြစ်, Reuters
ငလျင်ဗဟိုချက်အနီး အက်စ်တလက်စ် တောင်တန်းဒေသမှာ နေထိုင်သူတွေဟာ ချစ်ရခင်ရတဲ့သွေးသားရင်းချာတွေကို ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီထဲမှာ လာချန်လည်း ပါဝင်ပြီး ဇနီးရော၊ ရင်သွေး ၄ ဦးပါ ဆုံးပါးခဲ့တဲ့သူ့အတွက် ဖြေမဆည်နိုင်ဖြစ်နေရတဲ့အခြေအနေပါ။
''ဘာမှ မရှိတော့ပါဘူးဗျာ'' သူက AFP သတင်းဌာနကို ပြောပါတယ်။ ''အခုမှတော့ ဘာမှလည်းလုပ်လို့ မစွမ်းသာတော့ဘူး။ အားလုံးနဲ့အဝေးကြီးကို ထွက်ပြေးသွားချင်တာပဲသိတော့တယ်''
အခုတော့ ငလျင်ဗဟိုချက်အနီးက အလှမ်းဝေးတဲ့ရွာလေးတွေမှာ ငလျင်ကြောင့်ဆုံးပါးသူတွေရဲ့စျာပနလုပ်ဖို့ မြေကျင်းတွေတူးနေကြပါပြီ။ နောက်ထပ်ဒေသခံတစ်ယောက်ဖြစ်တဲ့ ဟတ်စ်နာကဆိုရင် ''တစ်ရွာလုံးဟာ ဆုံးပါးသွားတဲ့ကလေးတွေအတွက် ပူဆွေးနေကြရပါပြီ'' လို့ပြောပါတယ်။








