ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူ ကိုးယောက်သတ်တဲ့ တွစ်တာ လူသတ်သမားကို ဂျပန်မှာ ကွပ်မျက်
- ရေးသားသူ, ကယ်လီအန်း
- ရာထူးတာဝန်, ဘီဘီစီသတင်း
- ရေးသားပေးပို့သည့်နေရာ, စင်္ကာပူ
၂၀၁၇ တုန်းက လူ ကိုးယောက် သတ်ခဲ့တဲ့ အမျိုးသားတယောက်ကို ဂျပန်မှာ ကွပ်မျက်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ နောက်ပိုင်း ဂျပန်မှာ ပထမဆုံးအကြိမ် သေဒဏ်ပေးမှု ဖြစ်ပါတယ်။
တာကာဟီရို ရှီရိုင်ရှိရဲ့ လူသတ်မှုတွေကို တွစ်တာ လူသတ်သမားလို့ ခေါ်ဆိုကြပြီး ဂျပန်နိုင်ငံအနှံ့ ထိတ်လန့်တုန်လှုပ်ခဲ့ရသလို သေကြောင်းကြံစည်တာကို အင်တာနက်ပေါ်မှာ ဘယ်လို ဆွေးနွေးမလဲ ဝေဖန်ပြောဆိုတာတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီတုန်းက အသက် ၃၀ အရွယ် ရှီရိုင်ရှိဟာ သူသတ်မယ့်သူတွေကို သူ့တိုက်ခန်းကို ဖျားယောင်း ခေါ်ဆောင်ပြီး လည်ပင်းညှစ်သတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက်ခဲ့ပါတယ်။
သေဆုံးသူအများစုဟာ အသက် ၁၅ နှစ်ကနေ ၂၆ နှစ်ကြား အမျိုးသမီးငယ်တွေ ဖြစ်ပါတယ်။
၂၀၁၇ အောက်တိုဘာလမှာ တိုကျိုနားက ဇာမာမြို့မှာ ရဲက လူပျောက်ရှာရင်း လူ့ခန္ဓာကိုယ်အပိုင်းအစတွေကို ရှာတွေ့ခဲ့ပြီးနောက် ဒီလူသတ်မှုတွေအကြောင်း သတိထားစရာ ဖြစ်လာပါတယ်။
ဒီသတင်းအသေးစိတ်မှာ စိတ်ညစ်စရာတွေ ပါနိုင်တဲ့အတွက် စာဖတ်သူတွေကို ကြိုတင် သတိပေးပါရစေ။
သေကြောင်းကြံချင်သူ ကိုးယောက်ကို သတ်ခဲ့ကြောင်း ရှီရိုင်ရှိ က နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။ ဒီလူတွေကို အခု X လို့ ခေါ်တဲ့ တွစ်တာ လူမှုကွန်ရက်မှာ သိကျွမ်းအောင် လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီလူတွေကို သေဖို့ ကူညီပေးနိုင်ကြောင်း သူက ပြောပါတယ်။ တချို့သူတွေကို သူတို့နဲ့အတူ လိုက်ပြီး သူ့ကိုယ်သူ သတ်သေပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။
သူ့တွစ်တာမှာလည်း "တကယ် နာကျင်နေသူတွေကို ကူချင်တယ်၊ သူ့ဆီကို အချိန်မရွေး တိုက်ရိုက် စာပို့ပါ " ဆိုပြီး ရေးထားပါတယ်။
သူ့တိုက်ခန်းကို ရဲတွေ ဝင်ကြည့်ချိန်မှာတော့ အပိုင်းပိုင်း ခုတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို သူ့အခန်းထဲက ရေခဲဗူးတွေနဲ့ ပစ္စည်းထည့်တဲ့ ဗူးတွေထဲမှာ တွေ့ရှိခဲ့ပြီး သတင်းဌာနတွေက "ခြောက်ခြားစရာအိမ်" လို့ ရေးကြပါတယ်။
ရှီရိုင်ရှိကို သေဒဏ်ပေးဖို့ အစိုးရရှေ့နေတွေ လျှောက်လဲချိန်မှာ " ခွင့်ပြုချက်နဲ့ လူသတ်မှု" အဖြစ် ပြောင်းလဲ ချမှတ်ဖို့ သူ့ရှေ့နေတွေက ခုခံပါတယ်။ ဒီလူသတ်ခဲ့တဲ့သူတွေက အသတ်ခံဖို့ ခွင့်ပြုချက် ပေးခဲ့တယ်ဆိုပြီး အကြောင်းပြပါတယ်။
ရှီရိုင်ရှိရဲ့ စိတ်အခြေအနေကို စစ်ဆေးဖို့လည်း တောင်းဆိုကြပါတယ်။
နောက်ပိုင်းမှာတော့ ရှီရိုင်ရှိက အမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သူ့ရှေ့နေအဖွဲ့နဲ့ အငြင်းအခုံဖြစ်ကာ ဒီလူတွေရဲ့ ဆန္ဒမပါဘဲ သတ်ခဲ့တာလို့ ပြောပါတယ်။
၂၀၂၀ ဒီဇင်ဘာလက သူ့အမှုကို သေဒဏ် စီရင်ချက်ချချိန်မှာလည်း လူရာနဲ့ချီ လာခဲ့ကြပါတယ်။
ဒီလူသတ်မှုတွေကြောင့် တွစ်တာမှာလည်း အပြောင်းအလဲတွေ လုပ်ခဲ့ရပါတယ်။ တွစ်တာသုံးစွဲသူတွေအနေနဲ့ "သေကြောင်းကြံစည်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နာကျင်စေမှုတွေကို အားမပေးသင့်ဘူး" ဆိုပြီးတွစ်တာရဲ့ စည်းမျဉ်းတွေကို ပြင်ဆင် ဖော်ပြခဲ့ရပါတယ်။
ရှီရိုင်ရှိကို သေဒဏ်ပေးဖို့ အမိန့်ပေးခဲ့တယ်လို့လည်း ဂျပန် တရားရေး ဝန်ကြီး ကေးဆူကေး ဆူဇူကီးက ပြောပါတယ်။ လူသတ်သမားဟာ "သူ့ရဲ့ လိင်ဆန္ဒနဲ့ ငွေကြေးရမက် ပြေပျောက်ဖို့ တကိုယ်ကောင်း ရည်ရွယ်ချက်သက်သက်နဲ့" ဆောင်ရွက်ခဲ့ကြောင်း မစ္စတာ ဆူဇူကီးက ပြောတယ်လို့လည်း အေအက်ဖ်ပီ သတင်းမှာ ပါရှိပါတယ်။
ဒီအမှုကြောင့် ဂျပန်လူ့အဖွဲ့အစည်းမှာ အကြီးအကျယ် ပူပန် တုန်လှုပ်ခဲ့ရကြောင်းလည်း ဆူဇူကီးက ပြောပါတယ်။