ကမ္ဘာမှာ သေဒဏ်စီရင်တဲ့နိုင်ငံ ဘယ်နှနိုင်ငံရှိနေသေးလဲ၊ ကွပ်မျက်ခံခဲ့ရသူပေါင်း ဘယ်လောက်များလဲ။

အမေရိကန်နိုင်ငံမှာ လူသတ်မှုနဲ့ ပြစ်မှုထင်ရှားခဲ့သူတစ်ဦးကို ကမ္ဘာပေါ်မှာ ပထမဆုံးအဖြစ် နိုက်ထရိုဂျင်ဓာတ်ငွေ့နဲ့ သေဒဏ်ပေး ကွပ်မျက်ဖို့ ရှိပါတယ်။

ဂျပန်တစ်ဦးဟာလည်း လူ ၃၆ ယောက်ကို မီးရှို့သတ်ခဲ့မှုနဲ့ ကြိုးပေး ကွပ်မျက်ခံခဲ့ရပါတယ်။

သေဒဏ် အပြစ်ပေးမှုကို နိုင်ငံအတော်များများမှာ ဖျက်သိမ်းလိုက်ကြပြီ ဖြစ်ပေမဲ့ သေဒဏ်ပေးကွပ်မျက်မှု အရေအတွက်က ကမ္ဘာတစ်ဝန်း တဖြည်းဖြည်း တိုးလာနေပါတယ်။

ကမ္ဘာ့နိုင်ငံ ဘယ်လောက်များများမှာ သေဒဏ် အပြစ်ပေးမှုတွေကို ကျင့်သုံးနေကြသလဲ

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) လူ့အခွင့်အရေးအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ်က နောက်ဆုံး လေ့လာခဲ့ချက်တွေအရ

- နိုင်ငံပေါင်း ၅၅ နိုင်ငံမှာ သေဒဏ်အပြစ်ပေးမှုကို ကျင့်သုံးနေပါတယ်။

- အဲဒီထဲက ၉ နိုင်ငံမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဒါမှမဟုတ် စစ်ရာဇဝတ်မှုလို အဆိုးဝါးဆုံးပြစ်မှုတွေ ကျူးလွန်ခဲ့သူတွေကိုသာ သေဒဏ်အပြစ်ပေးနေပါတယ်။

- ၂၃ နိုင်ငံမှာတော့ သေဒဏ်အပြစ်ပေးမှု ကျင့်သုံးပေမဲ့ အသုံးမပြုတာ ၁၀ နှစ်လောက် ရှိပြီလို့ သိရပါတယ်။

နှစ်စဉ် လူဘယ်နှယောက် သေဒဏ်နဲ့ ကွပ်မျက်ခံနေရသလဲ

Amnesty International ရဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေ၊ မီဒီယာသတင်းတွေနဲ့ သေဒဏ် ချမှတ်ခံခဲ့ရသူ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ သူတို့ရဲ့ မိသားစု၊ ကိုယ်စားလှယ်တွေထံကနေ သိရတဲ့ သတင်းအချက်အလက်တွေကို စုစည်းထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ သေဒဏ်အပြစ်ပေးမှု ကျင့်သုံးနေတဲ့အကြောင်း သူတို့ရဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်လေ့ မရှိပါဘူး။

တရုတ်နိုင်ငံက သေဒဏ်ကွပ်မျက်မှုတွေကို ထည့်မတွက်ဘဲနဲ့ဆိုရင် ကမ္ဘာတဝန်းမှာ ၂၀၂၂ ခုနှစ်အတွင်း သေဒဏ် ကွပ်မျက်စီရင်ခံရသူပေါင်း ၈၈၃ ဦး ရှိခဲ့တယ်လို့ Amnesty International က လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒါဟာ ၅၇၉ ဦး ကွပ်မျက်ခံခဲ့ရတဲ့ ၂၀၂၁ ခုနှစ်ကထက် ၅၃ ရာခိုင်နှုန်း ပိုများတာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်ကတည်းက ဆိုရင် သေဒဏ် စီရင်ခံရသူအရေအတွက် အများဆုံး ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီအရေအတွက်ဟာ နှစ်စဉ် လူပေါင်း ၁၅၀၀ ကျော် ကွပ်မျက်ခံခဲ့ရတဲ့ ၁၉၈၈၊ ၁၉၈၉ နဲ့ ၂၀၁၅ ခုနှစ်တွေတုန်းကထက် စာရင် အများကြီး နည်းပါတယ်။

၂၀၂၂ ခုနှစ်တုန်းက နိုင်ငံပေါင်း ၅၂ နိုင်ငံမှာ သေဒဏ်စီရင်ချက် အနည်းဆုံး ၂၀၁၆ ခု ချမှတ်ခဲ့တယ်လို့ Amnesty International က ဆိုပါတယ်။

၂၀၂၁ ခုနှစ်တုန်းကလည်း နိုင်ငံ ၅၆ နိုင်ငံက သေဒဏ်စီရင်ချက် အနည်းဆုံး ၂၀၅၂ ခု ချမှတ်ခဲ့ပါတယ်။

အကျဉ်းသား အတော်များများဟာ သေဒဏ် ကွပ်မျက်စီရင် မခံရခင် သေဒဏ်အမိန့်နဲ့ နှစ်ပေါင်းများစွာ၊ တချို့ဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ ထောင်ထဲမှာ နေခဲ့ကြရပါတယ်။

သေဒဏ်စီရင်မှုကို ဘယ်နိုင်ငံတွေက အများဆုံး လုပ်လေ့ရှိသလဲ

၂၀၂၂ ခုနှစ်မှာ သေဒဏ် ကျင့်သုံးတဲ့ နိုင်ငံပေါင်း ၂၀ ကျော်ရှိပြီး ၂၀၂၁ ခုနှစ်တုန်းကတော့ ၁၈ နိုင်ငံ ရှိခဲ့ပါတယ်။

Amnesty International က တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေထက် သေဒဏ်အပြစ်ပေးမှုကို ပိုကျင့်သုံးနေတယ်လို့ ယုံကြည်နေပါတယ်။ တရုတ်နိုင်ငံမှာ နှစ်စဉ် လူထောင်ပေါင်းများစွာကို ကွပ်မျက်စီရင်လေ့ ရှိတယ်လို့ ယူဆထားပါတယ်။

တရုတ်ကလွဲရင် အများဆုံး သေဒဏ်စီရင်လေ့ ရှိတဲ့ နိုင်ငံတွေကတော့ အီရန်၊ ဆော်ဒီအာရေဗျ၊ အီဂျစ်နဲ့ အမေရိကန်နိုင်ငံတို့ ဖြစ်ပါတယ်။

နိုင်ငံအသီးသီးမှာ သေဒဏ်စီရင်မှု အရေအတွက် ဘယ်လို ပြောင်းလဲလာခဲ့သလဲ

နှစ်စဉ် လူတွေကို တစိုက်မတ်မတ် သေဒဏ်ပေး ကွပ်မျက်စီရင်နေတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၁ နိုင်ငံကို Amnesty International က မီးမောင်းထိုး ဖော်ပြခဲ့ပါတယ်။

အဲဒီနိုင်ငံတွေကတော့ တရုတ်၊ အီဂျစ်၊ အီရန်၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ အမေရိကန်၊ ဗီယက်နမ်နဲ့ ယီမင် တို့ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံဟာလည်း သေဒဏ်စီရင်ချက်ချတာမျိုးတွေကို စဉ်ဆက်မပြတ်နှုန်းနဲ့ ကျင့်သုံးနေပုံ ရတယ်လို့ Amnesty International က ယူဆထားပါတယ်။ ဒါပေမဲ့ ဒါကို သီးခြားလွတ်လပ်စွာ အတည်မပြုနိုင်သေးပါဘူး။

ဆော်ဒီအာရေဗျမှာ ၂၀၂၂ ခုနှစ်က သေဒဏ်စီရင်မှုအရေအတွက်ဟာ နှစ်ပေါင်း ၃၀ အတွင်း အများဆုံး ဖြစ်ခဲ့ပါတယ်။

ဘာရိန်း၊ ကိုမိုရော့စ်၊ လာအို၊ နီဂျဲနဲ့ တောင်ကိုရီးယား စတဲ့ နိုင်ငံ ၅ နိုင်ငံက နှစ်ပေါင်း အတော်များများ သေဒဏ်စီရင်ချက် ချတာမျိုး မရှိခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ သေဒဏ်ချမှတ်တာတွေ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်မှာတော့ သေဒဏ်စီရင်မှု အများဆုံး ရှိခဲ့တဲ့ ၁၉၉၉ ခုနှစ်ကတည်းကစလို့ အခုနောက်ပိုင်း လျော့ကျလာခဲ့ပါတယ်။

မူးယစ်ဆေးဝါးမှုနဲ့ လူဘယ်လောက်များများ သေဒဏ်ချမှတ်ကွပ်မျက် ခံခဲ့ရသလဲ

၂၀၂၂ ခုနှစ်က ကမ္ဘာတဝန်းမှာ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ချမှတ် ကွပ်မျက် ခံခဲ့ရသူပေါင်း ၃၂၅ ဦး ရှိခဲ့တယ်လို့ Amnesty International အဖွဲ့က ဆိုပါတယ်။

- အီရန်မှာ ၂၅၅ ဦး

- ဆော်ဒီအာရေဗျမှာ ၅၇ ဦး

-စင်္ကာပူမှာ ၁၁ ဦး တို့ အပါအဝင် ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ စင်္ကာပူအစိုးရက နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို ကွပ်မျက်စီရင်ခဲ့ပါတယ်။ ဆရီးဒေဝီ ဒီဂျာမန် ဆိုတဲ့ အဲဒီအမျိုးသမီးဟာ ၂၀၁၈ ခုနှစ်မှာ ဘိန်းဖြူ မှောင်ခိုမှုနဲ့ ပြစ်မှုထင်ရှားခဲ့တာ ဖြစ်ပါတယ်။

သေဒဏ်စီရင်မှု ပယ်ဖျက်ခဲ့တဲ့ နိုင်ငံပေါင်း ဘယ်နှနိုင်ငံ ရှိသလဲ

ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံမှာ သေဒဏ် စီရင်မှုကို လုံးဝ မကျင့်သုံးတော့ပါဘူး။ ၁၉၉၁ ခုနှစ်တုန်းကတော့ သေဒဏ်စီရင်မှု မကျင့်သုံးတဲ့ နိုင်ငံက ၄၈ နိုင်ငံလောက်ပဲ ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ နိုင်ငံပေါင်း ၆ နိုင်ငံက သေဒဏ်စီရင်မှုကို လုံးဝ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ပယ်ဖျက်ခဲ့ကြပါတယ်။

ကာဇက်စတန်၊ ပါပူဝါနယူးဂီနီ၊ ဆီယာရာ လီယွန်းနဲ့ အလယ်ပိုင်းအာဖရိကသမ္မတနိုင်ငံ စတဲ့ နိုင်ငံပေါင်း ၄ နိုင်ငံက တော့ သေဒဏ် စီရင်မှုကို လုံးဝ ပယ်ဖျက်ခဲ့ကြပါတယ်။

အီကွေတိုရီးယယ် ဂီနီ နဲ့ ဇမ်ဘီယာ နိုင်ငံတို့ကလည်း အဆိုးဝါးဆုံး ရာဇဝတ်မှု ကျူးလွန်သူတွေကိုသာ သေဒဏ်ချမှတ်မယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလမှာ မလေးရှားနိုင်ငံမှာလည်း လူသတ်မှုနဲ့ အကြမ်းဖက်မှု အပါအဝင် ဆိုးဝါးတဲ့ ရာဇဝတ်မှု ၁၁ ခုအတွက် မဖြစ်မနေ သေဒဏ် ချမှတ်ရမယ့် ဥပဒေကို ဖျက်သိမ်းပစ်ဖို့ ပါလီမန်မှာ မဲပေး အတည်ပြုခဲ့ကြပါတယ်။

ဂါနာနိုင်ငံမှာလည်း သေဒဏ်စီရင်မှုကို ဖျက်သိမ်းပစ်ဖို့ ပါလီမန်က ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ မဲပေး အတည်ပြုခဲ့ကြပါတယ်။

ကမ္ဘာတစ်ဝန်း နိုင်ငံတွေမှာ သေဒဏ် အပြစ်ပေးမှုတွေကို ဘယ်လိုနည်းတွေသုံးပြီး လုပ်နေကြသလဲ

ဆော်ဒီအာရေဗျနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ခေါင်းဖြတ် ကွပ်မျက်တဲ့ နည်းနဲ့ သေဒဏ်စီရင်ခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံ ဖြစ်ပါတယ်။

တခြားနည်းတွေကတော့ ကြိုးပေးတဲ့နည်း၊ ဆေးထိုးသတ်တဲ့နည်း၊ သေနတ်နဲ့ ပစ်သတ်တဲ့နည်းတွေ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ အယ်လာဘားမားပြည်နယ်မှာတော့ လူသတ်မှုနဲ့ ပြစ်မှုထင်ရှားခဲ့သူ ကဲနက် စမစ်သ် ဆိုသူကို နိုက်ထရိုဂျင်အဆိပ်ဓာတ်ငွေ့ သုံးပြီး မကြာခင် ကွပ်မျက်ဖို့ ရှိပါတယ်။

သူဟာ ဒီနည်းကို သုံးပြီး ပထမဆုံး ကွပ်မျက်ခံရမယ့်သူ ဖြစ်ပါလိမ့်မယ်။ မစ္စတာ စမစ်သ်ရဲ့ အကျိုးတော်ဆောင်ရှေ့နေတွေကတော့ မစမ်းသပ်ရသေးတဲ့ ဒီလိုနည်းနဲ့ ကွပ်မျက်တာမျိုးဟာ ရက်စက်ကြမ်းကြုတ်ပြီး ပုံမှန်မဟုတ်တဲ့ အပြစ်ပေးမှုမျိုး ဖြစ်တယ်လို့ ပြောနေပါတယ်။

အမေရိကန်နိုင်ငံက အယ်လာဘားမားနဲ့ နောက်ပြည်နယ် နှစ်ခုမှာ ဆေးထိုးသတ်တဲ့နည်းမှာ သုံးလေ့ရှိတဲ့ ဆေးက ရဖို့ ပိုပိုခက်လာနေတာကြောင့် နိုက်ထရိုဂျင်အဆိပ်ဓာတ်ငွေ့ သုံးပြီး ကွပ်မျက်ဖို့ အစိုးရက အတည်ပြုခဲ့ကြပါတယ်။ ဆေးရှားပါးပြတ်လပ်မှုတွေကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း သေဒဏ်စီရင်ချက် ချမှုတွေ လျော့နည်းလာခဲ့ရပါတယ်။