ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်မှာ ဓားထိုးခံရတဲ့ ဆယ်နှစ်အရွယ် ဂျပန်ယောက်ျားလေး သေဆုံး
- ရေးသားသူ, နစ် မာ့ရှ်
- ရာထူးတာဝန်, ဘီဘီစီသတင်း
တရုတ်ပြည်တောင်ပိုင်းက ဆယ်နှစ် အရွယ် ဂျပန် ကျောင်းသားတယောက် ကျောင်းနားမှာ ဓားထိုးခံရပြီး တရက်အကြာမှာပဲ သေဆုံးသွားပါတယ်။
ရှန်ဇန်း ဂျပန်ကျောင်းမှာ တက်နေတဲ့ ဒီယောကျ်ားလေးဟာ ကြာသပတေးနေ့ မနက်အစောပိုင်းမှာ ဆုံးပါးသွားကြောင်း ဂျပန် အစိုးရဘက်က ပြောပါတယ်။
ဓားနဲ့ထိုးတဲ့ ၄၄ နှစ်အရွယ် ဂျင်ဆိုတဲ့ အမျိုးသားကို နေရာမှာတင် ဖမ်းဆီးခဲ့ကြောင်း ရှန်ဇန်းရဲက ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဒီတိုက်ခိုက်မှုကို အလွန်စက်ဆုပ်စရာ ကောင်းတယ်ဆိုပြီး ရှုတ်ချခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမြန်ဖြေရှင်းပေးဖို့လည်း ဂျပန် အစိုးရက တရုတ်ဘက်ကို ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပါတယ်။
ဒီကိစ္စကို စစ်ဆေးနေပြီး တရုတ်နဲ့ ဂျပန် ဆက်သွယ်မှုတွေ ရှိကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ လင် ဂျီယန်းက ပြောပါတယ်။
တရုတ်အစိုးရက ဒီ ကံမကောင်းတဲ့ ဖြစ်ရပ်အတွက် ဝမ်းနည်းပူဆွေးမှုကို ဖော်ပြခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။
ဒီယောကျ်ားလေးက ဂျပန်နိုင်ငံသား ဖြစ်ပြီး ဂျပန်ဖခင်နဲ့ တရုတ်မိခင်က မွေးတာ ဖြစ်တယ်လို့လည်း မစ္စတာလင်းက အတည်ပြုပါတယ်။
ဒီတိုက်ခိုက်မှု နောက်က အကြောင်းရင်းကို ချက်ချင်း မသိရသေးပါဘူး။ တရုတ်ပြည်မှာ အမျိုးသားရေးစိတ်ဓာတ်တွေ ပြင်းထန်လာပြီး နိုင်ငံခြားသားကို တိုက်ခိုက်မှုတွေ ပိုဆိုးလာတာ ဖြစ်နိုင်တယ်လို့ တချို့ သုံးသပ်သူတွေက ဆိုပါတယ်။
ဇွန်လမှာတုန်းကလည်း တရုတ်ပြည် အရှေ့ပိုင်း ဆူကျိုးမြို့မှာ ဂျပန် သားအမိကို အမျိုးသားတယောက်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကလည်း ဂျပန်ကျောင်းတကျောင်းနားမှာ ဖြစ်ပွားခဲ့ပြီး ဒီသားအမိကို ဝင်ကယ်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသားတယောက် သေဆုံးခဲ့ပါတယ်။
ဇွန်လဆန်းကလည်း အမေရိကန် ကျောင်းဆရာ လေးယောက် တရုတ်ပြည် မြောက်ပိုင်းက ဂျီလင်းမြို့မှာ ဓားနဲ့ထိုးခံရပါတယ်။
ဒီတိုက်ခိုက်မှုတွေကို သီးခြားဖြစ်ရပ်တွေ ဆိုပြီး တရုတ်အစိုးရက ပြောပါတယ်။ တရုတ်အစိုးရအနေနဲ့ နိုင်ငံထဲမှာ ရှိတဲ့ နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးကို ဆက်ပြီး ကာကွယ်ပေးသွားမယ်လို့ မစ္စတာလင်းက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
ဒီလို ဖြစ်ရပ်တွေ ထပ်မဖြစ်အောင် ကာကွယ်ပေးဖို့လည်း ဘေဂျင်းမှာ ရှိတဲ့ ဂျပန်သံရုံးက တရုတ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
၁၉၃၁ က မန်ချူးရီးယားကို ဂျပန် ကျူးကျော်စဉ်က ဖြစ်ပွားခဲ့တဲ့ မုကဒင် ဖောက်ခွဲမှု အတု နှစ်ပတ်လည်နေ့မှာ ဓားထိုးမှု ဖြစ်တာကိုလည်း တချို့က ထောက်ပြကြပါတယ်။ ဒီကျူးကျော်မှုကြောင့် ၁၄ နှစ်ကြာ ဂျပန် ကျူးကျော်စစ် တရုတ်ပြည်မှာ ဖြစ်ပွားခဲ့ပါတယ်။
တရုတ်နဲ့ ဂျပန်ကြားက ရန်စောင်မှုတွေကလည်း ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီပြီး သမိုင်းကြောင်းဆိုင်ရာ မုန်းတီးမှုတွေကနေ နယ်မြေ အငြင်းပွားမှုတွေထိ ကိစ္စမျိုးစုံမှာ အချင်းများခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့က ဖြစ်တဲ့ ရှန်ဇန်းတိုက်ခိုက်မှုဟာ နှစ်တွေနဲ့ချီပြီး တရုတ်ကျောင်းတွေမှာ ဂျပန်ဆန့်ကျင်ရေးတွေ သင်ခဲ့တဲ့ ပညာရေးရဲ့ ရလဒ်ဖြစ်ကြောင်း ဂျပန်သံတမန်ဟောင်းတယောက်က မှတ်ချက်ပေးပါတယ်။
ဓားထိုးမှု ဖြစ်ပြီးနောက် တရုတ်ပြည်မှာ ရှိတဲ့ ဂျပန်ကျောင်းတချို့ကလည်း မိဘတွေကို ဆက်သွယ်ပြီး သတိပေးကြပါတယ်။
ကွမ်ကျိုးမှာ ရှိတဲ့ ဂျပန်ကျောင်းကတော့ ပွဲလမ်းတချို့ကို ဖျက်သိမ်းပြီး လူကြားထဲမှာ ဂျပန်စကား အကျယ်ကြီး မပြောဖို့ သတိပေးခဲ့ပါတယ်။
ဒီနှစ်ဆန်းမှာပဲ တရုတ်ကျောင်းကားတွေမှာ လုံခြုံရေး အစောင့်တွေ ငှားပေးဖို့ အတွက် ဒေါ်လာ နှစ်သန်းခွဲ ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုခဲ့ပါတယ်။