ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖူကူရှီးမားအရေးနဲ့အတူ တရုတ်က ဂျပန်ဆီကနေ တင်သွင်းတဲ့ ပင်လယ်စာ ၆၇ % ကျဆင်း
မာရီကို အွိုင်
စီးပွားရေး သတင်းထောက်
ပျက်ဆီးသွားတဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုက စွန့်ပစ်ရေတွေကို ဂျပန်က ပင်လယ်အတွင်းကို စတင် ထုတ်ပစ်နေတဲ့ အချိန် မှာပဲ တရုတ်ရဲ့ ဂျပန်ဆီက တင်သွင်းတဲ့ ပင်လယ်စာ ပမာဏက ပြီးခဲ့တဲ့လမှာ စိုက်ဆင်းသွားပါတယ်။
အရင်နှစ် သြဂုတ်လနဲ့ နှိုင်းယှဉ်ရင် ဂျပန် ပင်လယ်စာ တင်သွင်းကုန်က ဒီနှစ် သြဂုတ် လမှာ ၆၇.၆ % ကျဆင်းသွားတယ်လို့ တရုတ် အကောက်ခွန်ဌာနက ပြောပါတယ်။
ဂျပန် စိုက်ပျိုးရေးနဲ့ ရေထွက်လုပ်ငန်း ဝန်ကြီးဌာနက ကမ္ဘာမှာ သူတို့ ပင်လယ်စာ တွေကို အတင်သွင်းဆုံးက တရုတ်နိုင်ငံလို့ ဆိုပါတယ်။
တရုတ်က ဂျပန်ဆီကနေ ပင်လယ်စာ ယွမ် ၈၄.၄ ဘီလျံ ( အမေရိကန်ဒေါ်လာ ၅၇၁ သန်း) ဖိုး မနှစ်က တင်သွင်းခဲ့ပါတယ်။
ဒီလို တင်သွင်းမှု ကျဆင်းသွားတာက ဂျပန်က စွန့်ပစ်ရေတွေ ထုတ်လွှတ်ဖို့ ပြင်ဆင်နေတဲ့ အချိန်နဲ့ စွန့်ထုတ်ပြီးနောက်ပိုင်း အချိန်တို့မှာပါ။
၂၀၁၁ ဆူနာမီ ဖြစ်တုန်းက အကြီးအမား ထိခိုက်သွားတဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုကို အေးသွားအောင် အသုံးပြုခဲ့တဲ့ ရေတန်ချိန်ပေါင်း ၁ သန်းကျော်ကို အဲဒီ ဓာတ်ပေါင်းဖိုမှာ သိုလှောင်သိမ်းဆည်းထားခဲ့ပါတယ်။
ဒီရေတွေကို ဂျပန်က သြဂုတ်လ ၂၄ ရက်နေ့က စတင်စွန့်ထုတ်နေပြီး ဒီလုပ်ငန်းစဉ်က အပြီးသတ်ဖို့ နှစ်ပေါင်း ၃၀ ကြာမြင့်မှာပါ။ အဲဒီနေ့မှာပဲ ဂျပန်က ပင်လယ်စာတွေ အားလုံးကို သူတို့ ပိတ်ပင်တော့မယ်လို့ တရုတ်က ဆိုပါတယ်။
ဒီရေတွေ စွန့်ထုတ်မှုက ဖြစ်လာတဲ့ သက်ရောက်မှုကြောင့် သူတို့ အသက်မွေးဝမ်းကျောင်း ဘဝတွေ ထိခိုက်လာမယ့်အရေးကို စိုးရိမ်ကြောင်း ဂျပန် ငါးဖမ်း လုပ်ငန်းတွေနဲ့ ဒေသခံ ပြည်သူတွေက ထုတ်ပြောကြပါတယ်။
ဂျပန်က ဒီရေတွေဟာ ဘေးကင်းစိတ်ချရတယ်လို့ ဆိုသလို သိပ္ပံပညာရှင် အများ အပြားကလည်း ဒီအပေါ် ထောက်ခံထားပေမယ့် တရုတ်က အခုလို တင်သွင်းမှု ပိတ်ပင်လာတာပါ။ ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီကလည်း ဂျပန်ရဲ့ အဲဒီ စွန့်ပစ်ရေ ထုတ်လွှတ်မှု အစီအစဉ်ကို အတည်ပြုပေးခဲ့ပါတယ်။
တရုတ်နဲ့ ပြင်သစ်တို့ သူတို့ရဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေကနေ ဒီလို စွန့်ပစ်ရေ တွေကို ထုတ်လွှတ်တာမျိုးက လုပ်နေကျဖြစ်ကြောင်း တိုကျိုက ထောက်ပြခဲ့ပါတယ်။
ဖူကူရှီးမားနားက ပင်လယ်ရေဟာ ရေဒီယို သတ္တိကြွဓာတ် မရှိကြောင်းပြသမယ့် အစီရင်ခံစာတွေကို ပုံမှန်တင်ပြသွားဖို့ ဂျပန်က အစီအစဉ်ချမှတ်ထားပါတယ်။
တရုတ်က ဒီလို စွန့်ထုတ်မှုကို အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ သတင်းမှားတွေကြောင့် တရုတ်မှာ ရှိတဲ့ ဂျပန်ကျောင်းတွေ ခဲနဲ့ပစ်တာခံရ ဆိုတဲ့ အဖြစ်မျိုးတွေ ဖြစ်လာသလို၊ ဖူကူရှီးမားက ဒေသခံတွေရဲ့ စီးပွားရေး လုပ်ငန်းတွေ ဆီကို ခြိမ်းခြောက်တဲ့ ဖုန်းခေါ်မှုတွေ ရာနဲ့ချီပြီး ရောက်လာခဲ့တယ်ဆိုတဲ့ သတင်းတွေ လည်းထွက်လာပါတယ်။
တရုတ်ကို သွားလည်တဲ့ သူ့နိုင်ငံသားတွေ သတိထားကြဖို့နဲ့ လူတွေကြားမှာ ဂျပန်စကားပြောရင် အကျယ်ကြီး မပြောကြဖို့ ဂျပန် အစိုးရက သတိပေး ထားပါတယ်။
စွန့်ပစ်ရေတွေ ထုတ်လွှတ်မှုကြောင့် သက်ရောက်မှုရှိသွားတဲ့ ဒေသခံ စီးပွားရေး လုပ်ငန်းတွေကို သူတို့ လျော်ကြေးပေးဖို့ စီစဉ်ထားပါတယ်လို့ ဖူကူရှီးမား ဓာတ် ပေါင်းဖိုကို လည်ပတ်လုပ်ကိုင်နေတဲ့ တက်ကို (Tepco) ကုမ္ပဏီက ဆိုပြီး ဂျပန် အစိုးရက ငါးဖမ်းလုပ်ငန်းအတွက် ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးဖို့ ကတိပြု ထားပါတယ်။
ဖူကူရှီးမား ပင်လယ်စာတွေနဲ့ ရေတွေ ဘေးကင်းစိတ်ချရကြောင်း ဂျပန် နိုင်ငံရေး သမားတွေကလည်း ထောက်ခံပြောနေကြပါတယ်။
ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဖူကူရှီးမားက လာတဲ့ ငါးအသားစိမ်းကို စားနေတာ၊ အရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ဖူကူရှီးမားနားက ပင်လယ်ပြင်မှာ လှိုင်းစီးနေတာ စတာတွေကို ဂျပန်အစိုးရက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
ဂျပန်က တရုတ်ကို တင်သွင်းမှုအားလုံးကို ကြည့်ရင် ကားတွေ၊ စက်ပစ္စည်းတွေက အဓိက ပိုကျတာမို့ ဒီ ပင်လယ်စာတင်ပို့မှု ကျဆင်းသွားတာက ဂျပန်ရဲ့ စီးပွားရေးကို သိသိသာသာ ထိခိုက်မှာ မဟုတ်ဘူးလို့ စီးပွားရေး ပညာရှင်တွေက ပြောပါတယ်။