အင်ဒိုနီးရှားက ဖယ်ကျဉ်ခံသားသမီးတွေဆိုတာ ဘယ်သူတွေလဲ၊ ဘယ်လောက်ရှိနေလဲ

    • ရေးသားသူ, ဟန်နာ ဆမ်မိုဆာ
    • ရာထူးတာဝန်, ဘီဘီစီသတင်း အင်ဒိုနီးရှား

ဒီဆောင်းပါးမှာ စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာများ ပါဝင်ကြောင်း အသိပေးအပ်ပါတယ်။

"လက်ဆောင်ကလေးများ''

ရွှေ့ပြောင်းအလုပ်သမားတွေ နိုင်ငံရပ်ခြားမှာ ချစ်ကျွမ်းဝင်ပြီး မွေးလာတဲ့ ကလေးငယ်တွေဟာ အင်ဒိုနီးရှားနိုင်ငံမှာ လူ့အသိုင်းအဝိုင်းရဲ့ အကျဉ်ခံတွေ ဖြစ်ကြရပါတယ်။ ဒီကလေးငယ်တွေဟာ မိဘမရှိဘဲ ကြီးပြင်းလာရသသလို လူထုအသိုက်အဝန်းမှာ သူတို့ဘာမှမလုပ်ဘဲ လက်ညှိုးထိုးခံရလေ့ရှိပါတယ်။

ဒီလိုမွေးဖွားလာတဲ့ ကလေးတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အသိအမှတ်ပြု အထောက်အထားတွေ ရဖို့ ခဲယဉ်းတာကြောင့် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း မရရှိကြပါဘူး။

ရလဒ်ကတော့ ကလေးငယ်တွေဟာ ဆင်းရဲမွဲတေမှု၊ အရွယ်မတိုင်ခင် အိမ်ထောင်ကျ၊ ပြီးရင် အလွဲသုံးစားလုပ်ခံရတဲ့အဆိုးအကျော့ ဝဲဂယက်ထဲမှာ သံသရာလည်တဲ့အဖြစ်ကို ရောက်စေပါတယ်။

"လက်ဆောင်သားသမီး" တွေလို့ ခေါ်ကြတဲ့ ဒီလိုလူထောင်ချီဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအများဆုံးမွေးထုတ်ရာ အနောက်နူဆာတန်ဂါရာပြည်နယ်မှာ နေထိုင်ပါတယ်။

အထီးကျန် ကလေးဘဝ

အသက် ၂၃ နှစ်အရွယ် စစ်တီ အမီနာဟာ "လက်ဆောင်သားသမီး" တွေထဲက တစ်ယောက်ပါ။ သူ့ရဲ့မိခင်ဟာ ဆော်ဒီအာရေးဗျနိုင်ငံမှာ အလုပ်ရှာဖို့ လွန်ဘွတ်မြို့ကနေ ၁၉၉၀ ခုနှစ်ဝန်းကျင်တုန်းက ထွက်ခွာခဲ့သူပါ။

ခရီးတစ်လျှောက်မှာ မိခင်ဖြစ်သူဟာ နစ်ကတ် သျှရီ လို့ ခေါ်တဲ့ "တရားမဝင် လက်ထပ်ထိမ်းမြားမှု" တွေ လုပ်ခဲ့ပါတယ်။ ပါကစ္စတန်အမျိုးသားနဲ့ တစ်ကြိမ်၊ ဆော်ဒီအမျိုးသားနဲ့ တစ်ကြိမ် တရားမဝင် လက်ထပ်ခဲ့ကြပါတယ်။ ကလေးမွေးဖွားဖို့ အင်ဒိုနီးရှားကို သူ ခဏပြန်လာခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ ဒီလို "လက်ဆောင်သားသမီး" အများစုဟာ တရားဝင် စာချုပ်စာတမ်းနဲ့ယူကြလို့ မွေးဖွားလာကြသူတွေမဟုတ်ဘဲ အစ္စလာမ့် ဥပဒေ ထုံးတမ်းစဉ်လာအရ လက်ထပ် ထိမ်းမြားမှုတွေကနေ မွေးဖွားလာကြသူတွေပါ။

အမီနာရဲ့ မိခင်ဟာ သူရဲ့သားသမီး ခြောက်ယောက်ကို လွန်ဘွတ်မြို့အရှေ့ပိုင်းမှာ ထားခဲ့လို့ ကလေးတွေဟာ အခြားဆွေမျိုးသားတွေချင်းရဲ့အိမ်တွေမှာ နေထိုင်ပါတယ်။

"မစ္စရှမင်းလို ရွှေ့ပြောင်းလုပ်သားတွေဟာ နိုင်ငံရပ်ခြားမှာ ခက်ခက်ခဲခဲ ရုန်းကန်ရတော့ ဆေးပေးမီးယူလိုတယ်။ သူ့လိုပဲ လက်ထပ်လိုက်၊ ကွာရှင်းလိုက်လုပ်နေကြတဲ့ အင်ဒိုနီးရှားရွှေ့ပြောင်း အလုပ်သမားတွေလည်း အများကြီးပါ" လို့ ပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေး ဆောင်ရွက်နေသူ အင်ဒမ် စူစီလိုဝါတီက ပြောပါတယ်။

မိဘမရှိဘဲ ဆွေမျိုးတွေနဲ့ သာ ကြီးပြင်းလာရတဲ့ အမီနာဟာ ခွဲခြားဆက်ဆံမှုတွေကို ကြံ့ကြံ့ခံခဲ့ရပါတယ်။

"မင်းက အာရပ်တစ်ယောက်။ မင်း အဖေက တစ်ယောက်တည်းလည်း မဟုတ်ဘူး'' လို့ ပတ်ဝန်းကျင်က လူတွေရဲ့ပြောစကားကို သူက ပြန်ပြောပြပါတယ်။

သူ့ရဲ့အစ်မဖြစ်သူ ဖတ်ဒ်မာလည်း လောကဓံကို ကြံ့ကြံ့ခံခဲ့ရတယ်ဆိုတာ မှတ်မိနေဆဲပါ။ "အမေ့ဆီက ပိုက်ဆံ မလွှဲဘူးဆိုရင် ကျွန်မတို့ အအော်ခံရတယ်။ တစ်ခါတလေဆို အရိုက်ပါ ခံရတယ်" လို့ သူက ပြောပါတယ်။

ဖတ်ဒ်မာနဲ့ အမီနာရဲ့မိခင်ကို ဘီဘီစီက ဆက်သွယ်ပြီး မှတ်ချက်တောင်းခံခဲ့ပေမဲ့ ငြင်းဆိုခဲ့ပါတယ်။

သူတို့ ညီအစ်မတွေလို ဒုက္ခပင်လယ်ဝေနေတဲ့ "လက်ဆောင် သားသမီးတွေ'' ဒုနဲ့ ဒေးပါ။

Rudat Institute လို ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတွေဟာ လွန်ဘွတ်မှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့သားသမီးတွေ ကျောင်းတက်နိုင်ဖို့၊ ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်လှမ်းမီနိုင်ဖို့ လိုအပ်တဲ့ဥပဒေရေးရာအကူအညီတွေနဲ့ အထောက်အထားတွေရရှိရေး ကူညီပေးနေကြပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ချခံရနိုင်တဲ့အန္တရာယ်

"လက်ဆောင်သားသမီး" တွေနဲ့အတူ တွဲမြင်လေ့ရှိတဲ့ လူမှုအသိုင်းအဝိုင်းက အမြင်တွေဟာ ဒီကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျနိုင်တဲ့အထိ ဖြစ်လာနိုင်စေတယ်လို့ Rudat Institute က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ သက်ငယ်အိမ်ထောင်ပြုမှု နှုန်း အများဆုံး ၄ နိုင်ငံမြောက်မှာ ရှိနေပြီး အနောက်နူဆာတန်ဂါရာပြည်နယ်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာအရ အများဆုံးဖြစ်ပါတယ်။

ဖက်ဒ်မာဟာ ဆွေမျိုးတွေရဲ့ဆက်ဆံမှုတွေကို မခံနိုင်တော့တဲ့အပြင် သူ့ရဲ့မွေးချင်းမောင်နှမတွေကို စောင့်ရှောက်ဖို့ အလယ်တန်းအဆင့်မှာပဲ ကျောင်းထွက်ခဲ့ပြီး အသက် ၁၅ နှစ်မှာ အိမ်ထောင်ပြုခဲ့ပါတယ်။

"အိမ်ထောင်ပြုလိုက်တာပဲ ပိုကောင်းတယ်။ ဒါမှ တစ်ယောက်ယောက်က ထောက်ပံ့ပေးနိုင်မှာလေ" လို့ သူက ပြောပါတယ်။

သက်ငယ်အိမ်ထောင်ပြုသူအများစုဟာ ကွဲကြကွာကြတဲ့ဇာတ်လမ်းနဲ့ပဲ အိမ်ထောင်ရေးအဆုံးသတ်ကြလေ့ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အဲဒီထဲမှာ ဖက်ဒ်မာ တစ်ယောက်လည်း အပါအဝင်ပါ။ သူဟာ အသက် ၂၅ နှစ်အရွယ်မှာ တရားမဝင် အိမ်ထောင် ၃ ဆက်ရှိခဲ့ပြီး ကလေး ၂ ယောက်ရခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ လက်ထပ်ထိမ်းမြားခြင်းဥပဒေအရ အသက် ၁၉ နှစ်ကစလို့ တရားဝင် အိမ်ထောင်ပြုခွင့်ပေးထားပါတယ်။

လိပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းဥပဒေမှာတော့ သက်ငယ်အိမ်ထောင်ပြုမှုဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမြောက်တယ်လို့ သတ်မှတ်ထားပါတယ်။

ကလေးသူငယ်လက်ထပ်ထိမ်းမြားမှုကို ကျူးလွန်သူဖြစ်သူဖြစ်စေ၊ ခွင့်ပြုသူဖြစ်စေ ထောင်ဒဏ် ၉ နှစ် ဒါမှမဟုတ် ငွေဒဏ် အင်ဒိုနီးရှားရူပီး သန်း ၂၀၀ (အမေရိကန်ဒေါ်လာ-၁၂,၃၄၀) သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဥပဒေစိုးမိုးမှုကတော့ ကွက်ကြားမိုးအသွင် ဆောင်ပါတယ်။

ဥပဒေကြောင်းအရ သက်ငယ်အိမ်ထောင်ပြုမှုအတွက် အထူးခွင့်ပြုချက်ရနိုင်ဖို့ မိဘတွေက တောင်းခံနိုင်ပေမယ့် သက်ငယ်အိမ်ထောင်ပြုမှုအများစုဟာ ဥပဒေပြင်ပကနေပဲ လုပ်ဆောင်ကြပါတယ်။

စောပြီး ကိုယ်ဝန်လွယ်ရမှု

ငယ်ငယ်ရွယ်ရွယ်သတို့သမီးတွေ ကိုယ်ဝန်လွယ်တဲ့အခါ အလွန်အန္တရာယ်မြင့်မားကြပါတယ်။

ဆယ်ကျော်သက်မိခင်တွေမှာ သွေးပေါင်ချိန်မြင့်တာ၊ ရောဂါပိုးဝင်ရောက်မှုတွေနဲ့ မီးဖွားပြီးနောက် ဆဲလ်နဲ့ သွေးလုံးတွေ သားအိမ်ပြင်ပမှာတည်တာစတဲ့ ရှုပ်ထွေးလှတဲ့ ကျန်းမာရေးအဆိုးအပြစ် အန္တရာယ်တွေ အလွန်များတယ်လို့ ကျားမတန်းတူရေးနဲ့ မျိုးပွားမှုကျန်းမာရေးရာတွေကို ဦးစားပေးလုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က ပြောပါတယ်။

သူတို့ကနေ မွေးဖွားလာတဲ့ ကလေးတွေမှာလည်း လမစေ့ဘဲ မွေးလာတာ၊ ရှိသင့်တဲ့ကိုယ်အလေးချိန်မရှိတာနဲ့ မွေးကင်းစအရွယ်မှာတင် သေဆုံးမှုအန္တရာယ်တွေ ရှိနေပါတယ်။

အမီနာကတော့ အသက် ၁၆ နှစ်မှာ လမစေ့ပဲ ကလေးမွေးခဲ့ပြီး မွေးပြီး ၂ လအကြာမှာ ကလေးသေဆုံးခဲ့ပါတယ်။

အမီနာတို့မိသားစုဟာ သူတို့ရဲ့ ရင်သွေးငယ် သေဆုံးပြီးတဲ့နောက် ဆက်ဆံရေးမှာ ယောကျာ်းဖြစ်သူက "ပိုပြီး လက်ပါလာတွေ" ကြောင့် အိမ်ထောင်ပြိုကွဲတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ဘွဲ့ရတစ်ယောက်မဟုတ်တဲ့ အမီနာအတွက်တော့ ဘဝအတွက်ရွေးချယ်စရာတွေက အကန့်အသတ်ရှိလွန်းပါတယ်။

လူမှုရေးအမည်းစက်ကြောင့်မို့လည်း "လက်ဆောင်သားသမီး" တွေကို‌ ဒေသခံတွေက အလုပ်မခန့်ကြဘူးလို့ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေဆီကနေ သိရပါတယ်။

ဒီလိုနဲ့ အမီနာတစ်ယောက် မြို့တော် ဂျာကာတာမှာ အိမ်အကူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအလုပ်က ၆ လပဲ ကြာခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်မှာတော့ တရားမဝင်လမ်းကြောင်းကနေ ဆော်ဒီအာရေဗျမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။

အင်ဒိုနီးရှားရဲ့ ရွှေ့ပြောင်းလုပ်သားစေလွှတ်မှုကို ၂၀၁၅ ခုနှစ်မှာ ဆိုင်းငံ့လိုက်မှုကြောင့် အခုလို ဖြစ်လာခဲ့တာပါ။

"လူမဆန်အောင်" လုပ်ရပြီး သတ်သေဖို့အထိပါ ဖြစ်ခဲ့တယ်လို့ သူမက ပြောပါတယ်။

"ကျွန်မတို့ကို အညိုအမည်း စွဲနေအောင် ရိုက်တယ်။ အသိစိတ်တွေ လွတ်သွားတဲ့အထိကို ညှင်းပန်း နှိပ်စက် ခံခဲ့ရတယ်" လို့ သူက ပြောပါတယ်။

အိမ်ကို ပြန်တဲ့အခါကျမှ အိမ်ကိုပို့ပေးနေတဲ့ ပိုက်ဆံတွေ အခိုးခံရမှန်း သိလိုက်ရတယ်လို့ သူကပြောပါတယ်။

"အိမ်ကိုလက်ဗလာနဲ့ ပြန်ခဲ့ရတယ်" လို့ သူက ပြောပါတယ်။

ဒီလိုအလားတူ ဖြစ်စဉ်မျိုးတွေကို မကြာခဏ တွေ့နေရတယ်လို့ Rudat Institute က ပြောပါတယ်။

"ယုံယုံကြည်ကြည်နဲ့ စုငွေအပ်နှံခံထားတဲ့ မိသားစုတွေဟာ အလုပ်ရှာရခက်လို့ ဘဝအကြပ်အတည်း တွေရှိကြပါတယ်။ အလုပ်လက်မဲ့တွေလည်း အများကြီးပါ။ ဒါ့ကြောင့် ပိုက်ဆံအပ်ပြီဆိုရင် ပါသွားကြတာများတယ်" လို့ Rudat Institute က ဇွာဟန် အဖရီယာဒီ က ပြောပါတယ်။

အဆိုးကျော့ ဝဲဂယက်

ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်မှုတချို့တော့ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်က အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေအကူအညီနဲ့ အစိုးရက အရှေ့လွန်ဘွတ်မြို့က လက်ဆောင်သားသမီးတွေ အားလုံးနီးပါးကို မှတ်ပုံတင်တွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ရရှိနိုင်တော့မှာပါ။

ဒါပေမဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေ၊ ဖယ်ကျဉ်မှုတွေ ကတော့ ဆက်ပြီး ရှိနေဆဲပါ။

"အမည်းစက်တင်ခံရတာကတော့ ရှိနေဆဲပါ။ တဖြည်းဖြည်းနဲ့တော့ တိုက်စားကွယ်ပျောက်သွားဖို့တော့ လိုအပ်ပါတယ်" လို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုပါတယ်။

အငယ်ဆုံးညီမဖြစ်သူ အက်စတီ ကလည်း ကျောင်းထွက်လိုက်ပြီး အသက် ၁၄ နှစ်မှာ အိမ်ထောင်ပြုလိုက်ပါတယ်။

ကလေးတစ်ယောက် ရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ယောကျ်ားဖြစ်သူနဲ့ ကွာရှင်းခဲ့ပါတယ်။

ထမင်းနပ်မှန်အောင်စားနိုင်ဖို့အရေး သူဟာ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ သူဟာ စွန့်ပစ်မြေကွက်တစ်ခုမှာ အလုပ်လုပ်ခဲ့ပြီး သူနဲ့ သူကလေးအတွက် လောက်ငှရုံမျှသာ ရပါတယ်။

ကလေးတွေဟာ တစ်ချိန်မှာ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်လာကြ၊ ပြီးရင် ဒီလိုအကျပ်အတည်းတွေ ကြုံရပြန်တဲ့ အဆိုးကျော့ ဝဲဂယက်ထဲမှာ သံသရာလည်နေတယ်လို့ The Rudat Institute က သတိပေးပါတယ်။

အမီနာ၊ ဖက်ဒမာနဲ့ အက်စတီတို့ကတော့ ဒီသံသရာ စက်ဝန်းကို ချိုးဖျက်ချင်နေပါတယ်။

အမီနာက သူ့ကလေးတွေကိုပျိုးထောင်နေစဥ်အတွင်း ရွှေ့ပြောင်းလုပ်သားဖြစ်သူ သူ့အမျိုးသားရဲ့ ဝင်ငွေအပေါ် မှီခိုနေပါတယ်။

အက်စတီက ရွှေ့ပြောင်းလုပ်သား မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ သူ့ကလေးကို သူကိုယ်တိုင် ပဲ ပြုစု ပျိုးထောင်သွားမှာပါ။

ဖက်ဒ်မာ ကတော့ သူ့ကို နားလည်မှုရှိရှိနဲ့ ဖေးမကူညီပေးတဲ့ အမျိုးသားကို လက်ထပ်လိုက်ပြီး ဒီစနစ်ကြီး ပြောင်းလဲဖို့ကို ထုတ်ဖော်ပြောဆိုနေပါတယ်။

"ကျွန်မလို ကလေးငယ်ပေါင်းများစွာဟာ ဒီ အဆိုးအကျော့ ဝဲဂယက်ထဲမှာ ဆက်နစ်မြုပ်နေကြဦးမှာပါ။ ဒါဟာ အင်မတန်ရှက်ဖို့ ကောင်းပါတယ်" လို့ သူက ပြောပါတယ်။