ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စလာမ်တော်လှန်ရေးမတိုင်ခင်က အီရန်အမျိုးသမီးတွေရဲ့အခြေအနေ
- ရေးသားသူ, မာဂရီတာ ရိုဒရီဂက်စ်
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန၊ မွန်ဒို
"တော်လှန်ရေး မတိုင်ခင်က ရိုက်ထားတဲ့ အဘွားရဲ့ ဓာတ်ပုံတော်တော်များများကို တွေ့ဖူးတယ်။ပုံထဲမှာ အဘွားက အစ္စလာမ် ဘာသာဝင်တွေရဲ့ ခေါင်းစည်းပုဝါကို ခြုံထားပြီး၊ အမေကတော့ သူ့ဘေးမှာ စကတ်အတိုဝတ်ထားပြီး ဘေးချင်းကပ်ထိုင်နေတယ်။"
ဒါတွေဟာ ဘီဘီစီပါရှန်းဌာနမှာ သတင်းတင်ဆက်သူအဖြစ် အလုပ်လုပ်နေတဲ့ ရာနာ ရာဟင်ပူး Rana Rahimpour ရဲ့ အမှတ်တရတွေဖြစ်ပြီး၊ ဒီအကြောင်းအရာက သူ့မိသားစုတခုတည်းနဲ့ သက်ဆိုင်တာတော့ မဟုတ်ပါဘူး။
၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေး မတိုင်မီက အီရန်နိုင်ငံက အမျိုးသမီးတွေဟာ လက်ရှိအီရန် အမျိုးသမီးတွေလို ဆံပင်တွေဖုံး၊ ခေတ်နဲ့အညီ အစ္စလာမ့် ထုံးစံအတိုင်း ဝတ်စားဆင်ရင်မျိုးလည်း ဝတ်စရာမလိုကြပါဘူး။
"အီရန်ဟာ လစ်ဘရယ် နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ် ။ အမျိုးသမီးတွေ သူတို့ဝတ်ချင်တဲ့အတိုင်း ၀တ်ဆင်ခွင့် လဲရခဲ့ကြတယ်" လို့ ရာနာ ရာဟင်ပူး ကပြောပါတယ်။
အစ္စလာမ် ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့လို့ခေါ်တဲ့ အဖွဲ့ရဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားတဲ့ အသက်၂၂နှစ် အမျိုးသမီး ကိစ္စနဲ့ အီရန် မြို့ ဒါဇင်ပေါင်းများစွာမှာ ဆန္ဒပြပွဲတွေဖြစ်ပွားနေချိန်မှာ ရာနာ ရာဟင်ပူးက အခုလိုပြောခဲ့တာပါ။
ရာနာရာဟင်ပူးဟာ အီရန်တော်လှန်ရေးအပြီးမှာ မွေးလာတဲ့သူတွေတစ်ယောက်ဖြစ်ပေမယ့် သူ့ဆွေမျိုးတွေ၊ သူ့ မိဘတွေရဲ့ အတွေ့အကြုံတွေနဲ့ သူ့ရဲ့ စာနယ်ဇင်းလုပ်ငန်း အတွေ့အကြုံတွေက ရှားဘုရင်ကျဆုံးပြီးနောက်ပိုင်း အီရန်နိုင်ငံ တွေ့ကြုံခဲ့ရတဲ့ အသွင်ကူးပြောင်းရေးကာလနဲ့ပတ်သက်ပြီး စေ့စေ့စပ်စပ် သိခွင့်ရခဲ့ပါတယ်။
BBC World Serviceက အမျိုးသမီးရေးရာ သတင်းထောက် အီရန်စာနယ်ဇင်းသမား ဖီရန်နက်အာမီဒီကလည်း အသွင်ကူးပြောင်းရေး အစောပိုင်းနှစ်တွေက အီရန်အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပြုပါတယ်။
"တော်လှန်ရေးမတိုင်ခင်တုန်းက ကျွန်မတို့မှာကျား၊ မခွဲခြားမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ၁၉၇၉ ခုနှစ် နောက်ပိုင်းမှာ ကျောင်းတွေ ခွဲလိုက်ပြီး၊ ဆွေမျိုးမတော် မပတ်သက်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေ အချင်းချင်း ပေါင်းသင်းဆက်ဆံတာတွေ့ရင်လည်း အဖမ်းခံရတယ်။"
"ကျွန်မ ဆယ်ကျော်သက်အရွယ်တုန်းက အီရန်မှာ သူငယ်ချင်းတွေနဲ့ ပီဇာဆိုင်တစ်ဆိုင်မှာ စားနေတဲ့ အချိန် ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတွေက ဖမ်းတာလည်း ခံခဲ့ရဖူးတယ်။၁၉၇၉ ခုနှစ် မတိုင်ခင်တုန်းကဆို နိုက်ကလပ်တွေနဲ့ ဖျော်ဖြေရေး နေရာတွေရှိခဲ့တော့ လူတွေက သူတို့ကြိုက်သလို လွတ်လွတ်လပ်လပ် ပေါင်းသင်း သွားလာ ဆက်ဆံနိုင်ကြတယ်။"
တော်လှန်ရေးအကြိုရုပ်ရှင်တွေထဲမှာလည်း အဲဒီတုန်းက အမျိုးသမီးတွေ အနောက်တိုင်းအဝတ်အစားဖြစ်ဖြစ် ရှေးရိုးဆန်တဲ့အဝတ်အစားဖြစ်ဖြစ် ဝတ်ခဲ့ကြတယ်ဆိုတာကို ပြနေတာပါပဲ။
"ဝတ်စားဆင်ယင်မှု ပုံစံမျိုးစုံကို မြင်ရမယ်။ တချို့ဆို အနက်ရောင် မျက်နှာလွှာဇာ သို့မဟုတ် မျက်နှာ ဖော်ပြီးခေါင်းပါခြုံထားတဲ့ ပါရှန်ရိုးရာ ဝတ်စုံကို ဝတ်ကြပါတယ်။ ဒါပေမယ့် လက်ရှိအီရန် အစိုးရ ဝတ်ခိုင်းနေတဲ့ ပုံစံမျိုးနဲ့တော့ မတူပါဘူး။"
မင်းဆက်တခု
၁၉၇၉ ခုနှစ် တော်လှန်ရေး မတိုင်မီက အီရန်ကို ပါလဗီ မင်းဆက်က အုပ်ချုပ်ခဲ့ပြီး နောက်ပိုင်းမှာ အာဏာ သိမ်းခံခဲ့ရပါတယ်။
၁၉၂၆ ခုနှစ်မှာ အာဏာသိမ်းခေါင်းဆောင် ရီဇာခန်းက ရီဇာ ရှား ပါလာဗီ မင်းဆက်ကို တည်ထောင်ခဲ့ပြီး သားဖြစ်သူ မိုဟာမက် ရီဇာကလည်း အိမ်ရှေ့မင်းသား အဖြစ် ဆက်ခံခဲ့ပါတယ် ။ နောက်ပိုင်းမှာ သူကလည်း နောက်ဆုံး ရှားဘုရင် ဖြစ်လာခဲ့ပါတယ်။
"အမျိုးသမီးများနဲ့ အစ္စလာမ်တော်လှန်ရေး"အကြောင်းရေးသားသူ ဟာလီ အက်စ်ဖန်ဒီရီနဲ့ Dialogue ရေဒီယိုတို့ လုပ်ခဲ့တဲ့ အင်တာဗျူးကိုလည်း ဝစ်လ်ဆင်စင်တာသုတေသနအဖွဲ့က ၁၉၉၇ ခုနှစ်က ပြန်လည်ထုတ်လွှင့်ခဲ့ပါတယ်။
၁၉၇၈ ခုနှစ်က အီရန်ကထွက်လာခဲ့တဲ့ အက်စ်ဖန်ဒီရီဟာ နောက် ၁၄ နှစ်အကြာမှာ အမျိုးသမီးတွေအပေါ် အီရန်တော်လှန်ရေးရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး သတင်းရေးသားဖော်ပြဖို့ အီရန်ကို ပြန်သွားခဲ့ပါတယ်။
Dialogue ရေဒီယိုနဲ့ လုပ်တဲ့ အင်တာဗျူးထဲမှာ အက်စ်ဖန်ဒီရီက "ဖွဲ့စည်းပုံ အခြေခံဥပဒေ တော်လှန်ရေးအတွင်း အမျိုးသမီးတွေ လမ်းပေါ်ထွက်ပြီး ၁၉ ရာစုနှောင်းပိုင်းမှာ အီရန်အမျိုးသမီးလှုပ်ရှားမှုကို စတင်ခဲ့ကြပါတယ်" လို့ ပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ သူတို့ထဲက အများစုက မိန်းကလေးတွေအတွက် ကျောင်းဖွင့်တာနဲ့ အမျိုးသမီး မဂ္ဂဇင်းတွေ ထုတ်ဝေတာလိုမျိုး လူမှုရေးလုပ်ငန်းတွေကို စလုပ်ခဲ့ကြပါတယ်။
အဲ့ဒီကွန်ရက်က မြို့တော် တီဟီရန်ကနေ စတင်ခဲ့ပေမယ့် အခြားပြည်နယ်တွေနဲ့လည်း ချိတ်ဆက်ဖို့ ကြိုးစားခဲ့ပြီး "အမျိုးသမီးတွေ လှုပ်ရှားမှုကို ဖွံ့ဖြိုးတိုးတက်စေ" တဲ့ ဦးတည်ချက်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။
အစ္စလာမ်ရိုးရာ ခေါင်းစည်းပုဝါ
အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုဟာ ၂၀ ရာစုအစပိုင်းမှာ အီရန်နိုင်ငံ ခေါင်းဆောင်မှုအစီအစဉ်အောက်မှာ ခေါင်းစဉ်တစ်ခုအဖြစ် ပါလာခဲ့ပါတယ်။
"အီရန်နိုင်ငံကို ခေတ်မီအောင်လုပ်ခဲ့သူ ရီဇာ ရှားဘုရင်ရဲ့ လက်ထက် ၁၉၃၆ ခုနှစ်အထိ အီရန်မှာ ခေါင်းစည်းပဝါ ဝတ်ရမယ့် ဥပဒေကို တရားဝင်မဖျက်သိမ်းသေးဘူး" လို့ စာရေးသူ အက်စ်ဖန်ဒီရီက မှတ်ချက်ပေးထားပါတယ်။
အစောပိုင်းနှစ်တွေအတွင်းက အီရန်ခေါင်းဆောင်က အမျိုးသမီးတွေ လူမြင်ကွင်းမှာ အစ္စလာမ်ရိုးရာ ခေါင်းစည်း တွေမဝတ်ဖို့ နဲ့ မိရိုးဖလာ ဝတ်ရုံရှည်တွေအစား ခေါင်းစည်းပုဝါကိုပဲ ဝတ်ဆင်ကြဖို့ အမျိုးသမီးများတွေကို တိုက်တွန်းခဲ့ပါတယ်။
"အစ္စလာမ်ခေါင်းစည်းပဝါဝတ်ရမယ်ဆိုတဲ့ ဥပဒေကို နောက်ဆုံးမှာ တရားဝင်ဖျက်သိမ်းလိုက်တဲ့အခါကျတော့ အမျိုးသမီးတွေအတွက် အောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၇၉ ခုနှစ်တော်လှန်ရေးအပြီးမှာ ခေါင်းစည်း ပဝါတွေ ပြန်ဝတ်ရမယ်ဆိုတဲ့ ဥပဒေကို ပြန်အသက်သွင်းလိုက်တဲ့အချိန်မှာတော့ သူတို့ရနေတဲ့အခွင့်အရေးတွေ ကြေကွဲစရာ ကောင်းစွာ ပြန်လက်လွှတ်ခဲ့ရပါတယ်။
အမျိုးသမီးအများစုဟာ "သူတို့ ဝတ်နေကျ ရိုးရာဝတ်ရုံတွေကို မပါဘဲ အပြင်ထွက်ရတာ ရှက်ရွံ့ပြီး မလုံခြုံတော့သလို ခံစား" ကြရပါတယ်။
ဒါပေမယ့် နောက်ဆုံးရှားဘုရင်ရဲ့ဖခင်ဟာ အမျိုးသမီးတွေအပေါ် အပြုသဘောဆောင် သက်ရောက်မှုရှိတဲ့ အပြောင်းအလဲတချို့ လုပ်ဆောင်ခဲ့တယ်လို့ အက်စ်ဖန်ဒီရီက အသိအမှတ်ပြုခဲ့ပါတယ်။
အဖြူရောင်တော်လှန်ရေး
၁၉၄၁ ခုနှစ်မှာ သားဖြစ်သူ မိုဟာမက်ရီဇာ အာဏာရလာပါတယ်။
သူအုပ်ချုပ်ခဲ့တဲ့ကာလတွေမှာ "အီရန်နိုင်ငံကို ခေတ်မီအောင် စတင်လုပ်ဆောင်ခဲ့တယ်" လို့ အာမီဒီ Amidi က ပြောပါတယ်။
အဲ့ဒီလုပ်ငန်းစဉ်ကို White Revolution အဖြူရောင်တော်လှန်ရေးလို့ ခေါ်ခဲ့ကြပါတယ်။၁၉၆၃ ခုနှစ်မှာ အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ရခဲ့ပြီး အမျိုးသားတွေရသလို နိုင်ငံရေး အခွင့်အရေးတွေ ရခဲ့ပါတယ်။
ဒါ့ အပြင် အစွန်အဖျားပြည်နယ်တွေမှလည်း ပညာသင်ကြားခွင့်ရရှိရေး တိုးတက်အောင် ကြိုးပမ်းဆောင် ရွက်ခဲ့ပါတယ်။
သူ အုပ်ချုပ်ခဲ့တဲ့လက်ထက်မှာ အိမ်ထောင်ပြုတာ၊ ကွာရှင်းတာတွေအပါအဝင် နယ်ပယ်အသီးသီးမှာလည်း မိသားစု အကာအကွယ်ပေးရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။
အဲဒီဥပဒေကနေ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တိုးချဲ့ပေးခဲ့တာလို့ အာမီဒီက ရှင်းပြပါတယ်။
"မိသားစုကာကွယ်မှုဥပဒေအရ မိန်းကလေးတွေ အိမ်ထောင်ပြုခွင့်ရှိတဲ့အသက်ကို အနိမ့်ဆုံးအသက်ကို ၁၃ နှစ်ကနေ ၁၈ နှစ်အထိ တိုးမြှင့်ပေးထားပြီး၊ ကွာရှင်းပြတ်စဲဖို့အတွက်လဲ အမျိုးသမီးတွေကို အခွင့်အာဏာ ပိုပေးပြီး အားပေးထားပါတယ်။"
အမျိုးသားတွေကိုလည်း ဇနီးတစ်ဦးတည်းထားဖို့ ကန့်သတ်ထားပါတယ်။
"ဒါက ဒေသတွင်းက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အတော်လေး တိုးတက်ခဲ့တယ်လို့ ပြောလို့ရပါတယ်"
ရှားဘုရင်ဟာ အာဏာရှင်တစ်ဦးဖြစ်ပေမယ့် တိုးတက်တဲ့အမြင်ရှိတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အနောက်တိုင်းယဉ်ကျေးမှုကို နှစ်သက်တဲ့အတွက် ခေတ်နဲ့လျော်ညီတဲ့၊ ဘာသာရေးစွက်ဖက်မှုလျှော့ချတဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဥ်တစ်ခုကိုလည်း သူက စတင်ခဲ့ပါတယ်။
နေ့စဥ်ဘဝ
အမျိုးသမီးတွေ ရာထူးအာဏာတွေ ရလာကြပါတယ်။ "ကျွန်မတို့မှာ အမျိုးသမီးဝန်ကြီးတွေ၊ တရားသူကြီး တွေရှိခဲ့တယ်"လို ရာဟင်ပူးက သူမှတ်မိနေတာကို ပြောပြပါတယ်။
အဖြူရောင်တော်လှန်ရေးကနေ အမျိုးသမီးတွေအတွက် လုပ်ဆောင်မှာတွေကို ကတိပေးခဲ့ပေမယ့် "အမျိုးသ မီးတွေဟာ ရိုးရာဓလေ့ထုံးစံတွေမှာ ချုပ်နှောင်ခံထားရဆဲဖြစ်တယ်"လို့ အာမီဒီက ဆိုပါတယ်။
အဲ့ဒီတုန်းက "ပါလီမန်မှာ အမျိုးသမီးတွေရှိနေတယ်" ဆိုတာကို မီးမောင်းထိုးပြထားပေမယ့် "အမျိုးသမီးတွေ နိုင်ငံရေးမှာ အများကြီးမပါဝင်ဘူး" လို့ ယူဆလို့ရတယ်လို့လည်း သူက ပြောပါတယ်။
"ဒါပေမယ့် အဲ့ဒီကိစ္စဖြစ်ခဲ့တဲ့ အချိန်က လွန်ခဲ့တဲ့ရာစုနှစ်တစ်ဝက်နီးပါးလောက်က ဆိုတော့ အဲဒီအချိန်မှာ ကမ္ဘာ တဝန်းက အမျိုးသမီးတွေ နိုင်ငံရေးအာဏာ သိပ်မရကြသေးဘူးဆိုတာကိုလည်း သတိပြုရပါမယ်။"
မည်သို့ပင်ဆိုစေကာမူ သူနဲ့ခေတ်ပြိုင် အမျိုးသမီးတွေဟာ လူထုဘ၀ တိုးတက်အောင်လုပ်မယ့် အခန်းကဏ္ဍက စတင်ပါဝင်လာခဲ့ပြီး လူ့အဖွဲ့အစည်းမှာလည်း တက်ကြွစွာ ပါဝင် ခဲ့ကြတဲ့သူတွေ"လို့ သူက အသိအမှတ်ပြု ပါတယ်။
အမျိုးသမီးတွေရဲ့ စိုးရိမ်ပူပန်မှု
အနုပညာနဲ့ ယဉ်ကျေးမှုအပေါ် မိုဟာမက်ရီဇာရဲ့ ဇနီး မိဖုရားကြီး ဖာရာ ပါလဗီရဲ့ "သက်ရောက်မှု ကြီးမားခဲ့"တာကိုလည်း အာမီဒီက မီးမောင်းထိုးပြပါတယ်။
အမှန်စင်စစ် ၁၉၅၀ ခုနှစ်တွေအတွင်းမှာ အီရန်မှာ အနုပညာတွေ ထွန်းကားခဲ့ပါတယ်။အနုပညာထွန်းကားမှုတွေ ဆက်ဖြစ်ခဲ့တဲ့ ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်များဆိုတဲ့ အက်ဆေးခေါင်းစဥ်က နယူးယောက်မြို့က အစ္စလာမ် အနုပညာ ဌာနမှာ ထိပ်တန်းစာရင်းဝင် ဖြစ်ခဲ့ပါတယ်။
"အဲ့ဒီဆယ်စုနှစ်တွေအတွင်း အီရန်က နိုင်ငံတကာအနုပညာမြင်ကွင်းကို ဖွင့်ပေးလိုက်တာကို မြင်တွေ့ခဲ့ရတယ်"လို့ သူက ဆိုပါတယ်။
အနုပညာလှုပ်ရှားမှုတွေ အများစုတိုးတက်လာတာက တိုင်းပြည်ရဲ့ စီးပွားရေး ချမ်းသာမှုတွေကြောင့် လည်းပါပါတယ်။
ဒါပေမယ့် အီရန်မှာ ရေနံတွေ အများကြီးထွက်ပေမယ့် အီရန်နိုင်ငံသား အများစုကတော့ အဲဒီကြွယ်ဝမှုရဲ့ အကျိုး ကို မခံစားကြရပါဘူး။
အနုပညာရှင်တွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို ရှားဘုရင်နဲ့ သူ့ ဇနီးတို့ရဲ့ ကူညီမှုကိုလည်း မျက်ကွယ်ပြုလို့မရသလို တဖက်မှာလည်း သူတို့အစိုးရက သူတို့ကိုဆန့်ကျင်တဲ့သူတွေကို ဖိနှိပ်ခဲ့တာတွေလည်း ရှိပါတယ်။
စာရေးဆရာ နာဟစ်ဟာဂီဂတ်ဟာ"တော်လှန်ရေးမစခင် နှစ်တွေအတွင်း အမျိုးသမီးတွေရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြတဲ့ အနုပညာရှင် အနည်းငယ်ထဲက တစ်ဦးဖြစ်တယ်လို့ " စာရေးဆရာတွေက ထောက်ပြကြပါတယ်။
"ပုံနှိပ်ဖော်ပြခဲ့တဲ့ သူ့ရဲ့စာတွေထဲမှာ အစိုးရရဲ့ စိစစ်မှုအောက်၊ အမျိုးသားတွေကြီးစိုးတဲ့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့ခံစားချက်နဲ့ ကြောက်ရွံ့ထိတ်လန့်မှုကို ဖော်ပြခဲ့ပါတယ်။
၁၉၇၁ ခုနှစ်မှာ သူ့ကိုယ်သူ "Shahansha" ဘုရင်တို့ရဲ့ဘုရင်လို့ ပြောခဲ့တဲ့ မိုဟာမက် ရီဇာ ခေါ်တဲ့ ရှားဘုရင်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ရုံတင်မက အီရန် နိုင်ငံရဲ့ အကြွင်းမဲ့ခေါင်းဆောင်လည်း ဖြစ်ပါတယ်။
သူ့အစိုးရက နိုင်ငံရေးအတိုက်အခံတွေကို ပိုဖိနှိပ်တာတွေလည်း လုပ်ခဲ့ပါတယ်။
"တော်လှန်ရေးမတိုင်ခင်က အရင်အစိုးရ လက်ထက်မှာ လူမှုရေးလွတ်လပ်ခွင့်တွေရှိပေမယ့် နိုင်ငံရေး လွတ်လပ်ခွင့်တော့ လုံးဝမရှိဘူး"လို့ ရာနာ ရာဟင်ပူးက ဆိုပါတယ်။
"ဒါက ကြီးမားတဲ့ ပြဿနာပါ။ နိုင်ငံရေးပါတီအားလုံးကို ဘုရင်က ချုပ်ကိုင်ထားတယ်။ လူ့အဖွဲ့အစည်းတခုလုံး စောင့်ကြည့်ခံခဲ့ရတယ်။သတင်းလွတ်လပ်ခွင့် မရှိသလို နိုင်ငံရေး တက်ကြွမှုတွေလုပ်ရင်လည်း ထောင်ထဲမှာပဲ အဆုံးသတ်သွားတယ်။"
လူမှုရေးမကျေနပ်မှုကြောင့် လူတွေ လမ်းမတွေပေါ်ထွက်လာကြပြီး ၁၉၇၈ ခုနှစ်မှာ ရှားအစိုးရကို ဆန့်ကျင်တဲ့ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အက်စ်ဖန်ဒီရီရဲ့ အဆိုအရလည်း ရှားဘုရင်ရဲ့ အုပ်ချုပ်မှုအတွင်းမှာပဲ အမျိုးသမီးတွေရဲ့ ကြိုးပမ်းခဲ့တဲ့ တိုးတက်မှုက ဆုတ်ယုတ်လာခဲ့ပါတယ်။
"ရှေးရိုးစွဲတွေရဲ့ ဝေဖန်မှုတွေ ကျယ်လောင်လာတဲ့အတွက် အမျိုးသမီးတွေကို ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိတဲ့နေရာတွမှာ နေရာများများပေးထားတာကို ရှားဘုရင်က သိသိသာသာ ပြန်ရုပ်သိမ်းသွားပါတယ်။"
အစ္စလာမ်တော်လှန်ရေးကို "ဘာသာရေးအကြောင်းပြချက်ကြောင့်မဟုတ်"ဘဲ အီရန်နိုင်ငံသား အများအပြားက ထောက်ခံခဲ့တယ်လို့ ရာဟင်ပူးက ရှင်းပြပြီး အများစုက "စစ်မှန်တဲ့ဒီမိုကရေစီ" ကိုသာ တောင်းဆိုကြတယ်လို့ ပြောပါတယ်။
အဲ့ဒီတော်လှန်ရေးကို လစ်ဘရယ် ၊ ကွန်မြူနစ် နှင့် ဘာသာရေး အဖွဲ့ အားလုံးက ထောက်ခံခဲ့ကြတယ်"လို့ လည်း သူက ပြောပါတယ်။
ဘာသာရေးမှာ ဘယ်လိုတားမြစ်ချက်တွေရှိရှိ သူတို့ဝတ်ချင်တာကို ဝတ်ခဲ့ကြတဲ့ အမျိုးသမီးတွေလည်း ရှားဘုရင် ကို ဖြုတ်ချခဲ့တဲ့ ၁၉၇၉ ခုနှစ်တော်လှန်းရေး အင်အားစုတစ်စုအဖြစ် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ကြပါတယ်။
"တော်လှန်ရေးကို ဦးဆောင်တဲ့ ချီတက်ပွဲတွေမှာ ခေါင်းစည်းမပါတဲ့ လုပ်ငန်းခွင်ဝင် အမျိုးသမီးတွေနဲ့ ရှေးရိုးဆန်တဲ့ ရိုးရာ အနက်ရောင် ခေါင်းစည်းပဝါတွေနဲ့ ရှေးရိုးစွဲနောက်ခံရှိတဲ့ အမျိုးသမီးတွေ၊ ဆင်းရဲသားအမျိုးသမီးတွေနဲ့ လူလတ်တန်းစား မိသားစုတွေနဲ့ သူတို့ကလေးတွေလည်း ပါပါတယ်။
အဲ့ဒီအမျိုးသမီးတွေအားလုံးက တော်လှန်ရေးကနေ သူတို့စီးပွားရေးအခြေအနေနဲ့ သူတို့ရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးမယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ပြီးတော့ ဒါတွေအားလုံးထက် သူတို့ရဲ့ ဥပဒေသတ်မှတ်ချက် အခွင့်အရေး တိုးတက်မှုတစ်ခုလိုချင်ကြတာ"လို့ အက်စ်ဖန်ဒီရီက ပြန်ပြောပြပါတယ်။
အမြင်အမျိုးမျိုး
အာမီဒီကတော့ အစ္စလာမ်တော်လှန်ရေးမတိုင်မီက အမျိုးသမီးတွေ "ပိုမိုလွတ်လပ်မှုကို ခံစားခဲ့ရမယ်" လို့ မယုံကြည်ပါဘူး။
"အီရန်ဟာ အလွန်ရှေးရိုးဆန်တဲ့ ဘာသာရေး လူ့အဖွဲ့အစည်း ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် အဲဒီတုန်းက အစဉ်အလာနဲ့ ရှေးရိုးဆန်တဲ့ ပုံစံတွေကို ချိုးဖျက်ပြီး အမျိုးသမီးတွေ ရှင်သန်ကြီးထွားပြီး လူ့အဖွဲ့အစည်းမှာ နေရာပိုယူနိုင်အောင် နိုင်ငံရေးလုပ်ဆောင်ချင်စိတ်တွေ ရှိခဲ့ပါတယ်။"
ဒါပေမယ့် ဒီလို အမျိုးသမီးတွေ လူ့အဖွဲ့အစည်းတွေမှာ နေရာယူလာဖို့ကိစ္စက အပြည့်အဝ ဖြစ်မလာခဲ့ဘူးလို့ သူက ရှင်းပြပါတယ်။
ရာဟင်ပူးရဲ့ အဆိုအရဆိုရင် အစ္စလာမ် တော်လှန်ရေး မတိုင်မီတုန်းက အမျိုးသမီးတွေ ပိုမိုလွတ်လပ်ပြီး အခွင့်အာဏာ ခံစားရခြင်း ရှိမရှိနှင့် ပတ်သက်ပြီး ကွဲလွဲတဲ့ အယူအဆတွေ ရှိနေပါတယ်။
"တော်လှန်ရေးပြီးသွားတဲ့အချိန် အပြင်ကိုထွက်ရတာ ပိုအဆင်ပြေတယ်လို့ ဘာသာရေးကိုင်းရှိုင်းတဲ့ အမျိုး သမီးတွေက ပြောကြပေမယ့် လစ်ဘရယ် အမျိုးသမီးတွေကတော့ အဲ့ဒီပြောတာကို သဘောမတူကြပါဘူး" လို့ သူက ပြောပါတယ်။
"ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့လူတွေ အီရန်လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတယ်ဆိုတာ မမေ့သင့်ပါဘူး။"
ဒါ့အပြင် အစ္စလာမ်အစဥ်အလာအယူအဆတွေကို လက်ခံတဲ့ အမျိုးသမီးတွေလည်း အသေအချာ ရှိနေပါတယ်။
အနောက်တိုင်းအဝတ်အစားတွေနဲ့ ခေါင်းစည်းပဝါဝတ်ထားတဲ့ အီရန်အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေဟာ တော် လှန်ရေးမတိုင်ခင်က အမျိုးသမီးတွေရဲ့ ဘဝအထွေထွေကို ကိုယ်စားပြုတာမဟုတ်ဘူးလို့ အီရန် အမျိုးသမီးတစ်ယောက်ကလဲ ထောက်ပြပါတယ်။
အသက်အရွယ်မျိုးစုံ အမျိုးသမီးအများအပြားဟာ ဝတ်ရုံခြုံထည်တွေ၊ ခေါင်းစည်းပဝါတွေနဲ့ ရှေးရိုးဆန်တဲ့ အဝတ်အစားတွေကို ၀တ်ဆင်ဖို့ ရွေးချယ်ခဲ့ကြတာကြောင့် "လူ့အဖွဲ့အစည်းက ဒီနေ့ခေတ်နှင့် နှိုင်းယှဉ်ရင် ပိုရှေးရိုးဆန်ပြီး ဘာသာရေးပိုဆန်ပါတယ်။"
ဆန္ဒပြကန့်ကွက်မှုတွေ
အီရန်နိုင်ငံသား အများစုက လွတ်လပ်ရေးမျှော်လင့်ချက်နဲ့ တော်လှန်ရေးတွင် ပါဝင်ခဲ့ကြပေမယ့် သူတို့ရဲ့ ထင်ယောင်ထင်မှားဖြစ်ခဲ့တဲ့ အမြင်တွေက သိပ်မကြာခင်မှာပဲ အမြန် ရပ်တန့်သွားခဲ့တယ်လို့ ရာဟင်ပူးက ပြောပါတယ်။
"ဘာသာရေးကိုင်းရှိုင်းတဲ့ လူတော်တော်များများက မီနီစကတ်တွေ၊ အမျိုးသားနဲ့အမျိုးသမီးတွေ ရခဲ့တဲ့ လွတ်လပ်မှုတွေကို စိတ်မသက်မသာဖြစ်ခဲ့ကြတာကို တော်လှန်ရေးပြီးတဲ့အခါမှာ သိလိုက်ရတယ်၊ ဒါကြောင့် တော်လှန်ရေးကို သူတို့လည်း သဘောတူခဲ့ကြတာ။"
ဘယ်လိုပဲဖြစ်ဖြစ် အီရန်က "ဘာသာတရား လေးလေးနက်နက် ကိုးကွယ်"သူ အများအပြားက ခေါင်းစည်ပဝါခြုံတဲ့ကိစ္စကို "ရွေးချယ်မှု"တစ်ခုအဖြစ် မြင်ကြတယ်လို့ သူက ပြောပါတယ်။
"အတင်းအကျပ်ဆိုရင် ဘာသာရေး ကွယ်ပျောက်သွားမှာပေါ့။"
ခေါင်းစည်းပဝါ စည်းမျဉ်းကို မလိုက်နာတဲ့သူလို့ စွပ်စွဲခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ပိုင်းမှာ အီရန်နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
မာရှာအာမီနီ သေရတာက သူ ကျန်းမာရေးမကောင်းလို့ သေတာလို့ အီရန် အာဏာပိုင်တွေက အကြောင်းပြ ပေမယ့် သူ့မိသားစုနဲ့ အီရန်ကလူအများစုကတော့ ရဲတွေ အရိုက်ခံရလို့ သေဆုံးတာလို့ ယုံကြည်နေကြပါတယ်။
သူသေဆုံးမှုကနေဖြစ်လာတဲ့ ဆန္ဒပြပွဲတွေဟာ လတ်တလောနှစ်တွေအတွင်း အီရန်ခေါင်းဆောင်တွေ ကြုံတွေ့ခဲ့ရတဲ့ အဆိုးရွားဆုံးသတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။
ပြီးတော့ အီရန်က ဆန္ဒပြပွဲတွေကနေ အီရန်နိုင်ငံရဲ့ စာမျက်နှာသစ်တစ်ရပ်လည်း ဖြစ်လာပါတယ်။