လန်ဒန်ရဲတိုက်က နန်းစဉ်ရတနာ မှန်သေတ္တာကို ဖျက်ဆီးမှုနဲ့ လေးဦးဖမ်းဆီး

    • ရေးသားသူ, အမ်မာ ရော့ဆီတာ

လန်ဒန်ရဲတိုက်ကြီးမှာ ဗြိတိသျှ နန်းစဉ် ရတနာတွေကို ပြထားတဲ့ မှန်သေတ္တာကို ဆန္ဒပြသူတွေက ပန်းသီးမုန့်၊ ကြက်ဥပူတင်းအနှစ်တို့နဲ့ ပစ်ပေါက်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

အင်ပါယာ စတိတ် သရဖူကို ပြထားတဲ့ မှန်အုပ်ဆောင်းကို မုန့်တွေနဲ့ ပေါက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပစ်ပေါက်မှု ဗီဒီယိုကိုလည်း အာဏာပြန်ယူ (Take Back Power )ဆိုတဲ့ အုပ်စုက လွှင့်တင်ခဲ့ပါတယ်။

"အလွန်ချမ်းသာသူတွေကို အခွန်ပိုကောက်တဲ့ အာဏာရှိတဲ့ အမြဲတမ်း ပြည်သူ့လွှတ်တော် ကို တည်ထောင်ပေးဖို့နဲ့ ဗြိတိန်ကို ပြင်ဆင်ဖို့ "ဒီအုပ်စုက ဗြိတိသျှ အစိုးရကို တောင်းဆိုနေတာပါ။

ဒါနဲ့ ပတ်သက်ပြီး လူလေးဦးကို ဖမ်းထားပါတယ်။

ရဲ စစ်ဆေးရေး ဝင်နေတုန်း လန်ဒန်ရဲတိုက်ရဲ့ ရတနာတိုက်ကိုလည်း ခဏ ပိတ်ခဲ့ရပါတယ်။

"ဒီမိုကရေစီ ပျက်ယွင်းနေပြီ "ဆိုပြီး ဆန္ဒပြသူ တယောက် အော်တာကိုလည်း ကြားလိုက်ရပါတယ်။ နောက်တယောက်ကလည်း "ဗြိတိန်က ပြိုကွဲနေလို့ အာဏာကို ပြန်ယူဖို့ နိုင်ငံရဲ့ ရတနာတွေ ရှိရာကို လာခဲ့တယ်" လို့ ဆိုပါတယ်။

ဒီလုပ်ရပ်က ကျက်သရေ မဲ့ကြောင်းနဲ့ "ဆန္ဒပြပိုင်ခွင့် ဒီမိုကရေစီ အခွင့်အရေးနဲ့ လက်မခံနိုင်တဲ့ အပြုအမူကြားက ကွာခြားချက် သိသာကြောင်း "လည်း ရဲဌာန ဝန်ကြီး ဆာရာ ဂျုန်းက ပြောပါတယ်။

အခင်းဖြစ်ရာမှာ ရှိတဲ့ ခရီးသွားတွေလည်း ဒီစတန့်ထွင်မှုကြောင့် ထိတ်လန့် အံ့သြခဲ့ကြပါတယ်။

အင်ပါယာ စတိတ် သရဖူ ထိခိုက်မှု မရှိကြောင်း နန်းတော် ပြခန်းအဖွဲ့က ပြောပါတယ်။

နေ့ခင်းပိုင်း စောစောမှာပဲ ရတနာတိုက်ကို ပြန်ဖွင့်ပေးခဲ့ပါတယ်။

အင်ပါယာ စတိတ် သရဖူကို ၂၀၂၃ က လန်ဒန် ဝက်စမင်စတာ ဘုရားကျောင်းကြီးမှာ ကျင်းပတဲ့ နန်းတက်ပွဲမှာ တတိယ ချားလ်စ်ဘုရင် ဆောင်းခဲ့ပြီး ထင်ရှားတဲ့ ဗြိတိသျှထီးနန်းပြယုဂ်တခု ဖြစ်ပါတယ်။

ပါလီမန် ဖွင့်ပွဲလို မင်းခမ်းမင်းနား အချိန်တွေမှာလည်း ဒီသရဖူကို ချားလ်စ် ဘုရင် ဆောင်းလေ့ရှိပါတယ်။

မသုံးတဲ့အခါတွေမှာတော့ လန်ဒန်ရဲတိုက်က ရတနာတိုက်မှာ သိမ်းဆည်း ထားပါတယ်။

ချားလ်စ်ဘုရင်ရဲ့ အဘိုး၊ ၁၉၃၇ က နန်းတက်ခဲ့တဲ့ ဆဋ္ဌမဂျော့ဘုရင်ရဲ့ ဘိသိက်ခံပွဲအတွက် ဒီသရဖူကို ပြုလုပ်ခဲ့ပြီး စိန်အလုံး ၂၈၆၈ လုံး၊ နီလာ ၁၇ လုံး၊ မြ ၁၁ လုံး၊ ပတ္တမြား ၄ လုံးနဲ့ ပုလဲ ၂၆၉ လုံးနဲ့ စီခြယ်ထားသလို တစ်ကီလိုဂရမ် လေးပါတယ်။