ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စကော့တလန် သရဖူတင်ထားတဲ့ နတ်ရွာစံ ဘုရင်မကြီးရဲ့ ခေါင်းတလား
စကော့တလန်နိုင်ငံ၊ အက်ဒင်ဘရာမြို့တော်မှာ ရှိတဲ့ စိန့်ဂျိုင်းလ်စ် ကက်သီဒရယ် ဘုရားကျောင်းကြီးထဲမှာ နတ်ရွာစံ ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ ခေါင်းတလား ထားရှိလိုကိပြီ ဖြစ်ပြီး၊ စကော့တလန် သရဖူကို ခေါင်းတလားထက် တင်ထားပါတယ်။
မင်းပွဲသဘင် အခမ်းအနားတွေမှာ တော်ဝင်ထီးနန်း ရောက်ရှိနေတဲ့ အထိမ်းအမှတ် ပြယုဂ် အနေနဲ့ စကော့တလန် သရဖူကို အစဥ်အဆ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ခေါင်းတလားတော်ထက် သရဖူကို ၁၆ ယောက်မြောက် ဟမ်မီလ်တန် မြို့စားကြီး အဲလက်ဇန်ဒါ ဒေါက်ကလပ်စ် ဟမ်မီလ်တန်က တင်ပေးလိုက်ပါတယ်။
သရဖူတင်ထားတဲ့ ဘုရင်မကြီး ခေါင်းတလားတော်ကို စက်တင်ဘာ ၁၂ ရက်၊ တနင်္လာနေ့ ဗြိတိသျှ စံတော်ချိန် ညနေ ၅နာရီခွဲကနေ စပြီး နောက်တစ်ရက် မွန်းလွဲ ၃ နာရီထိ အများပြည်သူတွေကို လာရောက် ကြည့်ရှုခွင့်၊ နှုတ်ဆက် အရိုအသေပြုခွင့် ပေးထားပါတယ်။
ထောင်ပေါင်းများစွာသော ပြည်သူတွေ စိန့်ဂျိုင်းလ်စ် ဘုရားကြီးဆီ ရောက်လာကြဖို့ ရှိနေပါတယ်။
စိန့်ဂျိုင်းလ်စ်မှာ ခေါင်းတလားတော် ရှိစဥ် အများပြည်သူကို နောက်ဆုံး ကြည်ညို အရိုအသေပြုခွင့် ပေးပြီးရင်တော့ စကော့တလန် သရဖူကို အက်ဒင်ဘရာရဲတိုက်မှာ ပြန်လည် ထားရှိမှာ ဖြစ်ပါတယ်။
ရွှေ ငွေ ရတနာ အဖိုးတန် ကျောက်မျက်တို့နဲ့ ပြုလုပ် စီချယ်ထားတဲ့ စကော့တလန် သရဖူဟာ ဗြိတိန်မှာ သာမက ဥရောပတခွင် ရှေးအကျဆုံး သရဖူထဲပါဝင်ပြီး စကော့တလန်မှာ အလေးအမြတ် အထားဆုံး အဓိက အရာတစ်ခု ဖြစ်ပါတယ်။
စိန့်ဂျိုင်းလ်စ် ဘုရားကျောင်းပြီးထဲမှာတော့ အထူးပြုလုပ်ထားတဲ့ သစ်သားစင်မြင့်ထက် နတ်ရွာစံ ဘုရင်မကြီးရဲ့ ခေါင်းတလားတော်ကို စကော့တလန် တော်ဝင်တပ်ဖွဲ့က သယ်ဆောင် ထမ်ပိုး ချထားပေးခဲ့ပါတယ်။
ခေါင်းတလားတော်ကို အင်္ဂလိပ် ဝက်သစ်ချသားနဲ့ ပြုလုပ်ထားပါတယ်။
စိန့်ဂျိုင်းလ်စ်မှာ ခေါင်းတလားတော်ကို ၂၄ နာရီ ထားရှိသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ခေါင်းတလားတော်ကို လန်ဒန်မြို့တော်ကို ဆောင်ကြဉ်းသွားမှာ ဖြစ်ပါတယ်။
လန်ဒန်မြို့တော်ကို ဆောင်ကြဉ်းတဲ့ ဝမ်းနည်းဖွယ် ခရီးစဥ်ကို တတိယမြောက် ချားလ်စ်ဘုရင် ကိုယ်တော်တိုင် ဦးဆောင်မှာ ဖြစ်ပါတယ်။
အက်ဒင်ဘရာမြို့ သမိုင်းဝင် စီတန်း သယ်ဆောင်ပွဲ
တနင်္လာနေ့ အစောပိုင်းမှာတော့ စိန့်ဂျိုင်းလ်စ် ဘုရားကျောင်းကြီး ရှိရာဆီ ခေါင်းတလားတော်ကို အက်ဒင်ဘရာမြို့တော်ရဲ့ လမ်းမတွေကို ဖြတ်သန်းပြီး စီတန်းလှည့်လည် သယ်ယူလာခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ သမိုင်းဝင် အက်ဒင်ဘရာမြို့ စီတန်းလှည့်လည်ပွဲ အခမ်းအနားကိုလည်း ချားလ်စ်ဘုရင် ကိုယ်တော်တိုင် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
မြင်းစီးရဲတပ်ဖွဲ့တွေ၊ တော်ဝင် မြားသည်တော် တပ်ဖွဲ့တွေ ခြံရံပြီး စီတန်းလှည့်လည် သယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ အက်ဒင်ဘရာ ရဲတိုက်ကနေလည်း သေနတ် ၂၁ ချက် ပစ်ဖောက် ခဲ့ကြပါတယ်။
ခေါင်းတလားတော်ကို ဟိုလီရုဒ်ဟောက်စ် နန်းတော်ကနေ စိန့်ဂျိုင်းလ်စ် ဘုရားကျောင်းကြီးထံ ဖြေးညင်း ငြင်သာစွာ ရွေ့လျားပြီး အက်ဒင်ဘရာရဲ့ ရွိုင်ရယ်မိုင်စ် လို့ မည်တွင်တဲ့ လမ်းတွေ တလျှောက် သယ်ဆောင် လာခဲ့တာ ဖြစ်ပါတယ်။
ခေါင်းတလားတော်ကို တင်ထားတဲ့ ယာဥ်ရဲ့ အနောက်မှာ ချားလ်စ်ဘုရင်နဲ့ အတူ ကျန် မောင်နှမတော် ၃ ပါးဟာ လမ်းလျှောက် လိုက်ပါ လာခဲ့ကြပါတယ်။
စက်တင်ဘာ ၁၂ ရက်၊ တနင်္လာနေ့ဟာ ချားလ်စ်ဘုရင်နဲ့ မိဖုရားကြီး ကမီလာတို့ အတွက် လန်ဒန်ကနေ အက်ဒင်ဘရာ အထိ တစ်နေ့တာ အစီအစဥ်တွေ ပြည့်နေခဲ့တဲ့ နေ့ ဖြစ်ခဲ့ပါတယ်။
မနက်ပိုင်းမှာတော့ ဘုရင်နဲ့မိဖုရားကြီးတို့ဟာ လန်ဒန်မြို့ ပါလီမန် အဆောက်အဦး ဝက်စ်မင်စတာ ခန်းမကြီးဆီ သွားရောက်ပြီး၊ ချားလ်စ်ဘုရင်က ပါလီမန် နှစ်ရပ်စလုံးကို ဘုရင်အဖြစ် ပထမဆုံး ပေးတဲ့ မိန့်ခွန်းကို မြွတ်ကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ လန်ဒန်မြို့ အနောက်ပိုင်း နော့သ်ဟော့လ်ထ် တော်ဝင်လေတပ် အခြေစိုက် စခန်းကနေ တဆင့် အက်ဒဘရာမြို့တော်ကို ပျံသန်း ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဟိုလီရုဒ်ဟောက်စ် နန်းတော်မှာ အစဥ်အလာ ကျင်းပကြစမြဲ ဖြစ်တဲ့ အက်ဒင်ဘရာမြို့တော် သော့အပ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
နန်းတော်ရှေ့မှာ ဘုရင်သစ်နဲ့ မိဖုရားကြီးကို ကြိုဆိုနေကြတဲ့ ပရိသတ် လူအုပ်ကြီးတွေ စုဝေး နေခဲ့ကြပါတယ်။ ဗြိတိန်ရဲ့ နိုင်ငံတော် သီချင်းဖြစ်တဲ့ ဘုရင်မင်းမြတ်ကို ဘုရားသခင် ကယ်မြှောက် ကောင်းချီးပြုပါစေ သီချင်းကိုလည်း ဟိုလီရုဒ်ဟောက်စ် နန်းတော်မှာ တီးမှုတ်နေခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ နတ်ရွာစံ မယ်တော် ဘုရင်မကြီးရဲ့ ခေါင်းတာလားကို စိန့်ဂျိုင်းလ်စ် ဘုရားကျောင်းကြီးဆီ သယ်ဆောင် ချီတက်ပွဲမှာ ချားလ်စ်ဘုရင်ကိုယ်တိုင် လမ်းလျှောက်လိုက်ပါပြီး ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။