ချားလ်စ်ဘုရင် နန်းတက်ဘိသိက်ခံပွဲ ဘယ်လိုကျင်းပမလဲ

တတိယမြောက် ချားလ်စ် ဘုရင်ရဲ့ ရာဇဘိသေက မင်္ဂလာအခမ်းအနား ကို လာမယ့် ၂၀၂၃ ခုနှစ် မေလ ၆ ရက်မှာ လန်ဒန်မြို့က ဝက်စ်မင်စတာ ဘုရားရှိခိုးကျောင်းကြီးမှာ ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီ ရာဇဘိသိက် အခမ်းအနားမှာ ဘုရင်မင်းမြတ်ကို ကြင်ရာတော် မိဖုရား ကမီလာနဲ့ အတူ ဘိသိက်သွန်း သရဖူဆောင်းကာ နန်းတင်မင်းမြှောက်ကြမှာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနား ကျင်းပမယ့် အစီအစဉ်တွေကိုလည်း ကို Operation Golden Orb လို့ အမည်ပေးထားကြပါတယ်။

နန်းတက်ပွဲဆိုတာ ဘာလဲ

ဘုရင်သစ်တပါး နန်းတက်တဲ့ အခါ ဘာသာဓလေ့ ထုံးစံအရ အရေးကြီးတဲ့ ရာဇဘိသိက်ခံတဲ့ အခမ်းအနားကို ကျင်းပလေ့ရှိကြပါတယ်။ ဘုရင့်ဦးခေါင်းမှာ ဧကရာဇ်သရဖူကို ဆောင်းပေးပြီး မင်းမြှောက်ကြတာ ဖြစ်ပါတယ်။ ဘုရင်သစ်ကို Church of England ရဲ့ ဥသျှောင်အဖြစ်ပါ တင်မြှောက်တာ ဖြစ်ပြီး ရာထူးနဲ့ အာဏာတွေကို တရားဝင် အခမ်းအနားနဲ့ အပ်နှင်းကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရင်သစ်တက်တိုင်းမှာ ရာဇဘိသိက်ခံစေကာ သရဖူဆောင်းပြီး မင်းမြှောက်ဖို့တော့ မလိုပါဘူး။

အဋ္ဌမမြောက် အက်ဒွပ်ဘုရင်ဆို ဘိသိက်မခံဘဲ နန်းတက်ခဲ့တာ ဖြစ်ပြီး ချားလ်စ်ဟာလည်း မယ်တော်ကြီး ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မကြီး နန်ရွာစံတာနဲ့ တပြိုက်နက် ဘုရင်ဖြစ်လာခဲ့ပါတယ်။

အများပြည်သူ အားလပ်ရက် သတ်မှတ်ပေးထားမလား

ယူကေမှာတော့ လာမယ့် မေလ ၈ ရက် တနင်္လာနေ့ကို အများပြည်သူ အားလပ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။

ဘာကင်ဟမ် နန်းတော်က အဲဒီ သီတင်းပတ်ကုန်ပိုင်း မေလ ၇ ရက် တနင်္ဂနွေ့နေ့ မှာ ဝင်ဆာရဲတိုက်ကြီးမှာ Katy Perry၊ Take That အဖွဲ့နဲ့ Lionel Richie တို့လို အဆိုတော်တွေပါဝင်မယ့် ဖျော်ဖြေပွဲ ကျင်းပမယ့် အစီအစဉ်တွေ အပါအဝင် အခမ်းအနားမျိုးစုံ ကျင်းပဖို့ ကြေညာထားပြီး ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ဝေလ နယ်အတွင်းက ယမကာနဲ့ စားစရာ ရောင်းချတဲ့ ဆိုင်တွေ၊ ကလပ်တွေဟာလည်း နန်းတက်ပွဲ ကျင်းပမယ့် သီတင်းပတ်ကုန်ပိုင်းရဲ့ သောကြာနေ့နဲ့ စနေနေ့ တွေမှာ ပုံမှန်ထက် အချိန် ၂ နာရီတိုးပြီး ဖွင့်ခွင့် ရကြမှာ ဖြစ်ပါတယ်။

ပြည်သူလူထုကိုလည်း လမ်းပေါ် ပါတီပွဲတွေလို ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပဖို့ ပန်ကြားထားသလို သူတို့ ဒေသအလိုက် the Big Help Out လို့ ခေါ်ကြတဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ကြဖို့ပါ ဖိတ်ကြားထားပါတယ်။

နန်းတက်ပွဲကို ဘယ်သူတွေ လာကြမလဲ

နန်းတက်ပွဲဟာ နိုင်ငံတော် အခမ်းအနား ဖြစ်တာနဲ့အညီ တက်ရောက်မယ့် ဧည့်စာရင်းကို အစိုးရက တာဝန်ယူပြီး ဖိတ်ကြားပါတယ်။ ဒီနန်းတက်ပွဲမှာ တော်ဝင်မိသားစုဝင်တွေ၊ ဝန်ကြီးချုပ်နဲ့ ပါလီမန်ရဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံ့အကြီးအကဲတွေနဲ့ ကမ္ဘာတလွှားက တခြား တော်ဝင်တွေကို ဖိတ်ကြားထားပါတယ်။

ချားလ်စ်ဘုရင်ရဲ့ သားတော်ငယ် ဖြစ်တဲ့ ဆပ်ဆက်စ် နယ်စား ဟယ်ရီ မင်းသား အမေရိကန် ပြည်ထောင်စုကနေ လာပြီး တက်ရောက်မှာ ဖြစ်ပေမယ့် သူ့ ဇနီးနယ်စားကတော် ကတော့တက်ရောက်မှာ မဟုတ်ပါဘူး။

ဟယ်ရီ မင်းသား အဖို့ ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက သူ့ရဲ့ အငြင်းပွားဖွယ် စာအုပ် Spare ထုတ်ဝေပြီး နောက်ပိုင်းမှာ တော်ဝင်မိသားစုနဲ့ အတူ လူထုရှေ့ကို ပထမဆုံး ပြန်မြင်ရမယ့် အခမ်းအနား ဖြစ်ပါတယ်။ နောက်ပြီး ဒီနန်းတက်ပွဲ ကျင်းပတဲ့ နေ့က သူတို့ ဇနီးမောင်နှံရဲ့ သားတော် မင်းသားလေး အာချီရဲ့ ၄ နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ မယ်တော် နဲ့ အတူ အမေရိကန် ပြည်ထောင်စုမှာပဲ နေခဲ့မှာ ဖြစ်ပါတယ်။

နန်းတက်ပွဲမှာ မမြင်ရမယ့် နောက်တယောက်ကတော့ ယော့ခ် နယ်စား ကတော် ဖြစ်ပါတယ်။ သူ့ကို ဖိတ်ကြားခြင်း မပြုဘူလို့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေက တဆင့် သိရပါတယ်။ နယ်စားကတော်နဲ့ ပြီးခဲ့တဲ့ ၁၉၉၆ ခုနှစ်ကတည်းက ကွာရှင်းပြတ်စဲခဲ့ပြီး ဖြစ်တဲ့ ယော့ခ်နယ်စား အင်ဒရူး မင်းသားကတော့ တက်ရောက်မယ်လို့ ခန့်မှန်းရပါတယ်။

ကြင်ရာတော် မိဖုရားကမီလာရဲ့ မြေးတော်တွေကလည်း ဘုရင့်မြေးတော် မင်းသားလေး ဂျော့ချ်အနဲ့ အတူ ခြံရံတက်ရောက်ကြမှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒဲန် တက်ရောက်နိုင်မှာ မဟုတ်ပေမယ့် သမ္မတကတော် ဂျေးလ် ဘိုင်ဒဲန်က သူ့ကိုယ်စား တက်ရောက်မယ်လို့ သိရပါတယ်။

နောက်ပြီး လူမှုအသိုင်းအဝိုင်းမျိုးစုံက ကိုယ်စားလှယ်ပေါင်း ၈၅၀ ကိုလည်း သူတို့ရဲ့ စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုသောအားဖြင့် တက်ရောက်ဖို့ ဖိတ်ကြား ထားပါတယ်။

နန်းတက်ပွဲဆိုတာ

နန်းတက်ပွဲတွေကို ကျင်းပလာကြတဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်အတွင်းမှာ သိပ်ပြီး အပြောင်းအလဲတွေ မလုပ်ခဲ့ကြပါဘူး။ ဥရောပတိုက်မှာတော့ ဒီလို ခမ်းခမ်းနားနားနဲ့ ကျင်းပတဲ့ နန်းတက်ပွဲဆိုလို့ ဗြိတိသျှတွေရဲ့ နန်းတက်ပွဲ အခမ်းအနားသာ ကျန်ပါတော့တယ်။

ဒါပေမဲ့ အခုတကြိမ် ကျင်းပမယ့် ချားလ်စ် ဘုရင်ရဲ့ နန်းတက်ပွဲဟာ ၁၉၅၃ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ဒုတိယမြောက် အယ်လစ်ဇဘက်သ် ဘုရင်မကြီးရဲ့ နန်းတက်ပွဲလောက်တော့ ကြီးကျယ် ခမ်းနားမှာ မဟုတ်သလို ကြာမှာလည်း မဟုတ်ပါဘူး။

ဘိသိက်ခံဖို့ ဘုရားရှိခိုးကျောင်းဆီ သွားမယ့်လမ်းကလည်း ပိုတိုမှာ ဖြစ်တယ်လို့ သိရပါတယ်။ အယ်လစ်ဇဘက်သ် ဘုရင်ကြီးတုန်းက လူပေါင်း ၁၆၀၀၀ ခြံရံပြီး ၇ ကီလိုမိတာ ခရီးကို ၄၅ မိနစ်ကြာ ဖြတ်သန်းသွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ချားလ်စ်ဘုရင်နဲ့ ကမီလာတို့ကတော့ ဝက်စ်မင်စတာ ဘုရားရှိခိုးကျောင်းကြီးဆီကို လျှပ်စစ်နဲ့ ဖွင့်ပိတ် လုပ်တဲ့ ပြတင်းတွေ တပ်ထားပြီး အထဲမှာ လေအေးပေးစက်ပါ တပ်ပေးထားတဲ့ မြင်း ၆ ကောင် ကတဲ့ ခေတ်ပေါ် မြင်းရထားနဲ့ သွားကြမှာ ဖြစ်ပါတယ်။ အဲဒီ မြင်းရထားကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင် အသုံးပြခဲ့ကြတာ ဖြစ်ပါတယ်။

အပြန်ခရီးမှာတော့ လွန်ခဲ့တဲ့ ၁၈၃၀ ခုနှစ်ကတည်းက နန်းတက်ပွဲတိုင်းမှာ သုံးလာခဲ့ကြတဲ့ ရွှေပိန်းချ ရထားလုံးနဲ့ နန်းတော်ဆီကို ပြန်ကြမှာ ဖြစ်ပါတယ်။

ဒီနန်းတက်ပွဲ ချီတက်ပွဲမှာ လက်နက်ကိုင် တပ်ဖွဲ့ဝင်ပေါင်း ၆၀၀၀ လည်း ပါဝင်ကြမှာ ဖြစ်တာကြောင့် နှစ်ပေါင်း ၇၀ အတွင်း တပ်ဖွဲ့ဝင် အများဆုံး ပါတဲ့ စစ်အခမ်းအနား တခုလည်း ဖြစ်ပါတယ်။

ယူကေနဲ့ ဓနသဟာယ နိုင်ငံတွေက လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ လန်ဒန်မြို့ကိုလာပြီး ဆင်နွှဲကြမှာ ဖြစ်ပါတယ်။ နောက်ပြီး အထူးစင်မြင့်တွေပေါ်ကနေ နန်းတက်ပွဲကို စစ်ပြန်ပေါင်း ထောင်နဲ့ချီပြီး တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။

အဲဒီ စစ်ပြန်တွေနဲ့အတူ ဗြိတိန်က ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ NHS ဝန်ထမ်းတွေဟာ ဘာကင်ဟမ် နန်းတော် အရှေ့မှာ တည်ဆောက်ထားတဲ့ အထူးစင်မြင့်တွေပေါ်ကနေ နန်းတက်ပွဲ အခမ်းနားတွေကို တက်ရောက် ကြည့်ရှုကြမှာ ဖြစ်ပါတယ်။

ဘုရားရှိခိုးကျောင်းကြီးထဲမှာ ဘယ်လိုအခမ်းအနားတွေ ကျင်းမလဲ

အသိအမှတ်ပြု ကောင်းချီးပေးခြင်း - နှစ်ပေါင်း ၇၀၀ သက်တမ်းရှိတဲ့ ရာဇဘိသေကပလ္လင် နံဘေးမှာ ဘုရင်က ရပ်နေပြီး ကန်တာဘာရီ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက တက်ရောက်လာကြတဲ့ သူတွေနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ တက်ရောက်လာကြတဲ့ ပရိသတ်ကြီးက ဘုရင်မင်းမြတ်ကို ဘုရားသခင်စောင့်ရှောက်ပါစေ လို့ အဓိပ္ပာယ်ရတဲ့ "God Save the King!" ကို ကြွေးကြော် ကောင်းချီးပေးကြပြီးနောက် တံပိုးခရာတွေကို မှုတ်ကြမှာ ဖြစ်ပါတယ်။

ကျမ်းကျိန်ခြင်း - အဲဒီနောက်မှာ ဘုရင်မင်းမြတ်ဟာ Church of England နဲ့ တည်ဆဲ ဥပဒေတွေကို စောင့်ထိန်းမယ်ဆိုတာကိ ကျမ်းသစ္စာ ကျိန်ဆိုရမှာ ဖြစ်ပါတယ်။

ဆီမွှေးဖြင့် လိမ်းကျံခြင်း - ဘုရင်မင်းမြတ်ရဲ့ ဝတ်ရုံတော်ကို ဖယ်လိုက်ပြီးနောက်မှာ ဘိသိက်ခံ ရာဇပလ္လင်မှာ ထိုင်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ဘုရင်မင်းမြတ်နဲ့ ဘိသိက်ခံပလ္လင်ကို လူသူလေးပါး မမြင်ရစေဖို့ ရွှေဝတ်လွှာနဲ့ လွှမ်းခြုံလိုက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ကန်တာဘာရီ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက ဘုရင့် လက်တော်၊ ရင်အုံနဲ့ ဦးခေါင်းတော်တို့ကို မြင့်မြတ်သော ဆီမွှေးတော်နဲ့ လိမ်းကျံ ပေးမှာဖြစ်ပါတယ်။ အဲဒီ ဆီမွှေးတော်ကို လျှို့ဝှက်နည်းနဲ့ ဖော်စပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ ငါးကြီးအန်ဖတ်၊ လိမ္မော်ပွင့်၊ နှင်းဆီပန်း၊ စံပယ်ပန်းနဲ့ သစ်ကြံပိုးခေါက်တွေ ပါဝင်တယ်လို့လည်း ဆိုကြပါတယ်။ အခု ချားလ်စ်ဘုရင်ကို လိမ်းကျံမယ့် ဆီမွှေးတော်မှာတော့ တိရစ္ဆာန်တွေဆီက ထုတ်ယူထားတာမျိုး မပါဝင်ဘူးလို့ သိရပါတယ်။

မင်းမြှောက်တန်ဆာ အပ်နှင်းခြင်း - အဲဒီနောက်မှာ ဘုရင်မင်းမြတ်ကို ဘာသာရေးနဲ့ ကျင့်၀တ်သိက္ခာ ဆိုင်ရာ အမိန့်အာဏာကို ကိုယ်စားပြုတဲ့ တော်ဝင် ရတနာလုံး၊ ဘုရင့် သြဇာအာဏာကို ကိုယ်စားပြုတဲ့ ရာဇယဋ္ဌိ ကျိုင်းတံ၊ နောက် ကြွေသား ချိုးငှက်ပုံတပ်ထားတဲ့ ရွှေသားအတိပြီးတဲ့ တရားမျှတမှုနဲ့ ကြင်နာသနားမှုကို ကိုယ်စားပြုတဲ့ ရာဇယဋ္ဌိ ကျိုင်းတံတွေကို အပ်နှင်းမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စိန့် ဒက်ဒွပ် သရဖူကြီးကို ဘုရင်ဦးခေါင်းမှာ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက ဆောင်းပေးမှာ ဖြစ်ပါတယ်။

မင်းမြှောက်ခြင်းနဲ့ အပူဇော်ခံခြင်း - အဲဒီနောက်မှာ ဘုရင်မင်းမြတ်ဟာ ဘိသိက်ခံ ပလ္လင်ကနေ ရာဇပလ္လင်ပေါ်ကို ပြောင်းရွှေ့စံနေတော်မူမှာ ဖြစ်ပြီး ပရိသတ်ကြီးရဲ့ ဂါရဝပြုမှုကို ခံယူမှာ ဖြစ်ပါတယ်။

ကြင်ရာတော် မိဖုရားကိုလည်း အလားတူပဲ ဘိသိက်သွန်းပြီး သရဖူဆောင်းပေးမှာ ဖြစ်ပါတယ်။

နန်းတက်ပွဲကို ဘယ်က ကြည့်နိုင်မလဲ

အဲဒီ နန်းတက်ပွဲ အခမ်းအနားကို ဘီဘီစီရဲ့ ရုပ်သံနဲ့ ရေဒီယိုလိုင်းတွေကနေ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ဘီဘီစီ မြန်မာဘာသာ အစီအစဥ်အနေနဲ့ ဒီစာမျက်နှာနဲ့ ယူကျုတို့ကနေ တိုက်ရိုက်ထုတ်လွှင့်တက်ဆက်မှာ ဖြစ်ပါတယ်။

BBC One နဲ့ BBC radio တို့အပြင် BBC iPlayer and BBC Sounds တို့မှာလည်း ကြည့်ရှုနိုင်သလို အမြင်အာရုံ ချို့တဲ့သူတွေ အတွက် BBC Two Red Button ကနေလည်း ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် နန်းတက်ပွဲ အထိမ်းအမှတ် ဖျော်ဖြေပွဲကိုလည်း တိုက်ရိုက် ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။

ချားလ်စ်ဘုရင် ဘယ်သရဖူ ဆောင်းမလဲ

ဘုရင်မင်းမြတ်ကို ၁၇ ရာစုနှစ်က လုပ်ခဲ့တဲ့ ရွှေသားအတိပြီးတဲ့ စိန့်အက်ဒွပ် သရဖူကို ဆောင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီ သရဖူကြီးဟာ အင်မတန်လေးတာကြောင့် ဒီလို နန်းတက်ပွဲ အခမ်းအနားမျိုးမှာသာ သုံးကြပါတယ်။

ဘုရင်မကြီး နတ်ရွာစံပြီးနောက်မှာ တော်ဝင် နန်းတွင်း ကျောက်မျက်ရတနာတွေကို ဗြိတိသျှ အင်ပါယာက ဘယ်လို ဘယ်ပုံ ရခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ လူစိတ်ဝင်စားခဲ့ကြပါတယ်။ အဲဒီထဲက အထူးစိတ်ဝင်စားခဲ့ကြတာက သရဖူ ၂ ခုပေါ်က စိန်တုံးကြီးတွေ အကြောင်းပဲ ဖြစ်ပါတယ်။

အဲဒီ သရဖူ ၂ ခုထဲက ၁ ခုကို ချားလ်စ်ဘုရင်က ဘိသိက်ပွဲ ပြီးနောက်မှာ ဆောင်းထားမှာ ဖြစ်သလို ဘာကင်ဟမ် နန်းတော်က ဝရံတာပေါ်မှာ လူထုကို နှုတ်ဆက်တဲ့ အခါမှာလည်း ဆောင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ သရဖူမှာ Second Star of Africa လို့ ခေါ်ကြတဲ့ ကာလီနန် ၂ စိန်ကြီးကို တပ်ဆင်ထားပါတယ်။ အဲဒီ စိန်ကြီးကို ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့တဲ့ ထရန်စ်ဆာဗဲလ် လို့ခေါ်တဲ့ ယနေ့ခေတ် တောင်အာဖရိကက သတ္တမမြောက် အက်ဒွပ် ဘုရင်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ဆက်သခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် အငြင်းပွားစရာ စိန်ကြီးတပွင့်ကတော့ ကိုဟီနူးစိန်ကြီးပဲ ဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ မယ်တော် နန်းတက်ပွဲတုန်းက ဆောင်းခဲ့တဲ့ သရဖူကြီးမှာ တပ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စိန်ကြီးဟာ ကမ္ဘာ့အကြီးဆုံး စိန်ကြီးတွေထဲက တလုံးဖြစ်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အီရန်တို့က သူတို့ ဆီကဖြစ်တယ်လို့ ပြောနေကြပါတယ်။

ဘာကင်ဟမ် နန်းတော်ကတော့ နန်းတက်ပွဲမှာ ကိုဟီးနူးစိန်ကြီးကို ပွဲထုတ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ကြင်ရာတော် မိဖုရားကတော့ Queen Mary ရဲ့ သရဖူကို ဆောင်းမှာ ဖြစ်ပါတယ်။ အဲဒီ သရဖူကိုလည်း ထိန်းသိမ်းထားတဲ့ Tower of London ကနေ ထုတ်ပြီး အရွယ်အစား ပြန်ချိန်ညှိပေးနေကြပါတယ်။

နန်းတက်ပွဲက ဘယ်လောက် ကုန်မလဲ

နန်းတက်ပွဲဟာ နိုင်ငံတော် အခမ်းအနား ဖြစ်တာနဲ့ အညီ ယူကေအစိုးရက အကုန်အကျခံပြီး ကျင်းပမှာ ဖြစ်ပါတယ်။ လက်ရှိ လူနေမှု စရိတ်ကြီးမြင့်မှုတွေကြောင့် ဒီအခမ်းအနားကို ကျင်းပတာနဲ့ ပတ်သက်ပြီး အစိုးရအပေါ်မှာလည်း ဖိအားတွေ ရှိနေပါတယ်။ အစိုးရကတော့ ကမ္ဘာ့အလယ်မှာ ယူကေရဲ့ ပုံရိပ် မြှင့်တင်ပေးနိုင်ဖို့ အခွင့်အလမ်းအဖြစ် ရှုမြင်အသုံးချ သွားနိုင်မယ်လို့ ရှုမြင်ကြပါတယ်။

ဘယ်လို ဂီတသံတွေ ကြားကြရမလဲ

ချားလ်စ်ဘုရင်က ဒီနန်းတက်ပွဲအတွက် နာမည်ကျော် တေးပြုစာဆို Andrew Lloyd Webber ရဲ့ သီချင်းသစ် ၁၂ ခုကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။ အခု အခမ်းအနားမှာ ဝေလ ဘာသာနဲ့လည်း သီဆိုကြမှာ ဖြစ်ပါတယ်။ ကမ္ဘာကျော် အော်ပရာ တေးသံရှင် Sir Bryn Terfel ရဲ့ တေးသံတွေကိုလည်း ကြားကြရမှာ ဖြစ်ပါတယ်။

နောက်ပြီး ဂရိ ဇာတိ ဖြစ်တဲ့ ဖခမည်းတော် ဖိလစ်မင်းသားကြီးကို အမှတ်ရသော အားဖြင့် ဂရိ အော်သိုဒေါက်စ် တေးဂီတတွေကိုလည်း ကြားကြရမှာပါ။ ဝက်စ်မင်စတာကျောင်းက ဓမ္မတေး အဖွဲ့တွေကလည်း ပါဝင် ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ နောက်တခါ ဘုရင့် နန်းသိမ်းပွဲအတွက် ရည်ရွယ်ပြီး လူထောင်ပေါင်းများစွာ ပါဝင် ထိုးခတ်ကြမယ့် ခေါင်းလောင်းသံတွေ ကိုလည်း ကြားကြရဖို့ ရှိပါတယ်။