ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တတိယမြောက် ချားလ်စ်ဘုရင် နန်းတက်ဘိသိက်ခံပွဲ - ဘုရင်နဲ့မိဖုရားတို့ ဘက်ကင်ဟမ်နန်းတော်ပြန်ပြီ

လန်ဒန်မြို့ ဝက်စမင်စတာ ဘုရားကျောင်းမှာ ကျင်းပတဲ့ ချားလ်စ်ဘုရင်ရဲ့ နန်းတက်ဘိသိက်ခံပွဲ တိုက်ရိုက်တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နန်းတက်ပွဲ တိုက်ရိုက် သတင်းတင်ဆက်မှု ပြီးဆုံးပါပြီ။

    တတိယမြောက် ချားလ်စ် ဘုရင်နဲ့ မိဖုရား ကမီလာတို့ရဲ့ နန်းတက်ပွဲ တိုက်ရိုက် သတင်းတင်ဆက်နေမှုကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။

    ဘီဘီစီရဲ့ သတင်းတွေကို နေ့စဉ် ဖတ်ရှု အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူး အထူးတင်ရှိပါတယ်။

    နောက်ဆုံးရ သတင်းတွေကိုလည်း http://www.bbcburmese.com မှာ ဝင်ရောက်ဖတ်ရှုနိုင်ကြပါတယ်။

    ပရိသတ်များနဲ့တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြပါစေ။ ဘေးဘယာတွေ ဝေးကွာကြပါစေလို့ ဝိုင်းတော်သူ ဝိုင်းတော်သားတွေက ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။

  2. တော်ဝင် အစောင့်တပ်တွေနဲ့တကွ ဓနသဟာယနိုင်ငံက တပ်ဖွဲ့ဝင်တွေနဲ့အတူ ဘုရင်ကြီး နန်းတော်ပြန်ကြွ

    ရွှေရထားလုံးနဲ့ ဝက်စ်မင်စတာ ဘုရားကျောင်းက ထွက်လာတဲ့ ဘုရင်ကြီး ချားလ်စ်နဲ့ မိဖုရား ကမီလာတို့ဟာ တော်ဝင် အစောင့်တပ်ဖွဲ့ ၂၃ ဦးနဲ့အတူ လှည့်လည်ပြီး ဘက်ကင်ဟမ်နန်းတော်ကို ပြန်လည် ကြွမြန်းရာမှာ တခြား ဗြိတိသျှ တော်ဝင်တပ်ဖွဲ့တချို့နဲ့တကွ နိုင်ငံတကာ စစ်ရေးပြ တပ်ဖွဲ့တွေလည်း ပါဝင် ချီတက်ခဲ့ပါတယ်။

    အဲဒီ အထဲမှာ ဓနသဟာယ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အာဖရိကတိုက်က တောင်အာဖရိကနိုင်ငံ၊ အာရှတိုက်က အိန္ဒိယ၊ အမေရိက တိုက်က ကနေဒါနဲ့ ပစိဖိတ် ဒေသက သြစတြေးလျ အပါအဝင် ၅၆ နိုင်ငံက တပ်တွေနဲ့တကွ ဝေးလံတဲ့ ဗြိတိသျှပိုင် ဒေသတွေက တပ်ဖွဲ့ဝင်တွေ အပါအဝင် အားလုံး စုစုပေါင်း တပ်ဖွဲ့ဝင် ၄၀ဝ၀ လောက် ပါဝင်ခဲ့ကြပါတယ်။

  3. ဂုဏ်ပြုတပ်ဖွဲ့တွေရဲ့ အလေးပြု ခံယူ

    နန်းတက်ဘိသိက်ပွဲကနေ ဘက်ကင်ဟမ်နန်း‌‌တော်ကို ပြန်လာကြတဲ့ ချားလ်စ် ဘုရင်နဲ့ မိဖုရား ကမီလာတို့ဟာ နန်းတက်ပွဲတစ်လျှောက် စီတန်းလှည့်လည်မှုတွေမှာပါဝင်ခဲ့ကြတဲ့ ဂုဏ်ပြုတပ်ဖွဲ့တွေရဲ့ တော်ဝင်အလေးပြုမှုကို ခံယူနေကြပါတယ်။

    တပ်ဖွဲ့တွေက ဘုရင်နဲ့ မိဖုရားတို့ကို ကောင်းချီးပေး ကြွေးကြော်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။

    အဲဒီတော်ဝင်အလေးပြုအခမ်းအနားမှာ တပ်ဖွဲ့တွေကြား ဘုရင့်နှမတော် မင်းသမီးကြီး အန်းလည်း ဝတ်စုံပြည့်နဲ့ပါဝင် အလေးပြုခဲ့ပါတယ်။

  4. ငန်းတွေကနေ လန်ဒန်လမ်းတွေ - ချားလ်စ်ဘုရင် ဆက်ခံရရှိတဲ့ အမွေများ

  5. လန်ဒန်မြို့လယ် လမ်းမတွေထက်က နန်းတက်စီတန်းလှည့်လည်ပွဲ

    ဘိသိက်ခံပြီးတဲ့ ချားလ်စ် ဘုရင်နဲ့ မိဖုရား ကာမီလာတို့ဟာ ဘက်ကင်ဟမ်နန်းတော်ကို ရွှေရထားလုံးစီးပြန်နေပြီဖြစ်ပြီး အပြန်လမ်းတစ်လျှောက်မှာ လူထုကို နှုတ်ဆက်နေပါတယ်။

    မကြာခင်အချိန်အတွင်းမှာပဲ ဘက်ကင်ဟမ် နန်းတော်ဆီကို ရောက်တော့မှာဖြစ်ပါတယ်။

    အဲဒီမှာ ဘုရင်နဲ့ မိဖုရားတို့ ဒီနေ့အတွက် လူမြင်ကွင်းကနေ နောက်ဆုတ်သွားမှာဖြစ်ပေမဲ့ အဲဒီမတိုင်ခင်မှာတော့ ဒီနေ့နန်းတက်ပွဲတလျှောက်ချီတက်ပွဲတွေမှာပါဝင်တဲ့ ဗြိတိန်နဲ့ ဓနသဟာရအဖွဲ့ဝင် နိုင်ငံတွေက တပ်ဖွဲ့တွေရဲ့ တော်ဝင်အလေးပြုတာကို ခံယူကြဦးမှာဖြစ်ပါတယ်။

  6. ဘုရင်ကြီးနဲ့ ကြင်ယာတော် မိဖုရား တို့ ဘက်ကင်ဟမ် နန်းတော်ဘက် ပြန်လှည့်တော့မယ်

    ဘိသိက်ခံ သရဖူတွေ ဆောင်းကာ နန်းတင်မြှောက်ခံလိုက်ပြီ ဖြစ်တဲ့ ဘုရင်ကြီး ချားလ်စ်နဲ့ ကြင်ယာတော် မိဖုရား ကမီလာ တို့ဟာ သူတို့ ထိုင်နေတဲ့ ပလ္လင်တွေပေါ်ကနေ ထကာ စိန့် အက်ဒ်ဝါ့ဒ် ကျောင်းဆောင်ထဲက ဝင်သွားကြပြီ ဖြစ်ပါတယ်။

    ဘုရင်ကြီး ချားလ်စ်နဲ့ မိဖုရား ကမီလာတို့ဟာ ခရစ်ယာန်ကျောင်းတော်ကို ဂါရဝပြုတဲ့အနေနဲ့ အခုလို လုပ်မှာဖြစ်ပြီး သူတို့ရဲ့ သရဖူတွေကိုလည်း ချွတ်ထားလိုက်ကြပြီ ဖြစ်ပါတယ်။

    ပြီးရင်တော့ ဘုရင်ကြီးနဲ့ ဘုရင်မကြီးတို့ဟာ နန်းတက်အပြီး စီတန်းလှည့်လည်ပွဲ လုပ်ကာ သူတို့ နေထိုင်ရာ ဘက်ကင်ဟမ် နန်းတော်ကို ပြန်ဖို့ အသင့်ဖြစ်နေကြပြီ ဖြစ်ပါတယ်။

  7. ဘုရင်စနစ် ဆန့်ကျင် ဆန္ဒပြသူတွေလည်း ရှိ

    Trafalgar ရင်ပြင်မှာ ဘုရင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသူ ရာဂဏန်းခန့်ရှိပါတယ်။

    အဲဒီမှာ နန်းတက်ပွဲအခမ်းအနားကို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

    ချားလ်စ်ဘုရင်မင်းမြတ်လို့ အခမ်းအနားက ကြေညာလိုက်တိုင်းမှာ ဆန္ဒပြသူတွေက “ငါတို့ရဲ့ ဘုရင် မဟုတ်ဘူး” ဆန္ဒပြသူတွေက ပြန်လည် ကြွေးကြော်ကြပါတယ်။

    နန်းတက်ပွဲကို ပြသနေတဲ့ တခြားနေရာတွေမှာလည်း ဘုရင်ဟာ သာမန်လူပဲ ဆိုတဲ့ အော်ဟစ်နေသူတွေလည်း ရှိပါတယ်။

    ဘုရင်ကို ဘုရားသခင် စောင့်ရှောက်ပါစေ လို့ ဘိသိက်ပေးပြီးတဲ့ နောက်မှာလည်း ဘုရင်စနစ်ကို ဆန့်ကျင်သူတွေက “သူဟာ ငါတို့ဘုရင်မဟုတ်ဘူး” ဆိုတဲ့ ကြွေးကြော်သံတွေကို ထပ်မံကြားခဲ့ရပါတယ်။

  8. ချားလ်စ် ဘုရင် သရဖူဆောင်းတဲ့အခိုက်အတန့်

    ချားလ်စ် ဘုရင် ဘိသိက်ပွဲကျင်းပရာ ဘုရားကျောင်းထဲမှာတော့ ဓမ္မတေးဆိုသူတွေက ဘုရားဘွဲ့၊ ဘုရင့်ဘုန်းတော်ဘွဲ့တွေ သီကြွေးနေကြဆဲဖြစ်ပါတယ်။

    ဘုရင့်ဦးခေါင်းထက်ကို ကန်တဘာရီဂိုဏ်းချုပ်ဆရာတော်က သရဖူကြီးကို ဆောင်းပေးတဲ့အခိုက်အတန့်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

  9. မိဖုရား ကမီလာ ဆိုတာ ဘယ်သူလဲ

  10. ဘိသိက်ခံပုလ္လင်ကနေ ရာဇပလ္လင်ဆီ

    မင်းမြှောက်တံတန်ဆာတွေ အပ်နှင်းခံပြီးတဲ့ ချားလ်စ်ဘုရင်မင်းမြတ်ဟာ ရာဇပလ္လင်ဆီမှာ အခုတော့ စိန့်အက်ဒွပ် သရဖူကို ဆောင်းပြီး ထီးနန်းကို တရားဝင်ရယူပြီဖြစ်ပါတယ်။

    ဒီသရဖူကြီးဟာ ချားလ်စ် ဘုရင်တသက်တာမှာ တစ်ကြိမ်သာ ဆောင်းရတဲ့သရဖူကြီးလည်းဖြစ်လာပါတယ်။

    အဲဒီ မတိုင်ခင်တုန်းကတော့ ဘုရင်မင်းမြတ်ကို ဘာသာရေးနဲ့ ကျင့်၀တ်သိက္ခာ ဆိုင်ရာ အမိန့်အာဏာကို ကိုယ်စားပြုတဲ့ တော်ဝင် ရတနာလုံး၊ ဘုရင့် သြဇာအာဏာကို ကိုယ်စားပြုတဲ့ ရာဇယဋ္ဌိ ကျိုင်းတံ၊ နောက် ကြွေသား ချိုးငှက်ပုံတပ်ထားတဲ့ ရွှေသားအတိပြီးတဲ့ တရားမျှတမှုနဲ့ ကြင်နာသနားမှုကို ကိုယ်စားပြုတဲ့ ရာဇယဋ္ဌိ ကျိုင်းတံတွေကို ကန်တာဘာရီ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက အပ်နှင်းခဲ့ပြီးဖြစ်ပါတယ်။

  11. မိဖုရား ကမီလာ ဘိသိက်ခံယူ

    မိဖုရား ကမီလာ အနေနဲ့ ကျမ်းကျိန်ဖို့ မတောင်းဆိုခဲ့ပေမဲ့လည်း ရိုရှင်းနဲ့ အခမ်းအနားနဲ့ ဘိသိက်ခံယူကာ သရဖူကို ဆောင်းခဲ့ပါတယ်။

    မေရီ ဘုရင်မကြီးရဲ့ သရဖူကို ဆောင်းခဲ့တာဖြစ်ပါတယ်။

  12. ချားလ်စ် ဘုရင် အမှတ် ၂ အတွက် လုပ်ထားခဲ့တဲ့ သရဖူ

    လက်ရှိ ချားလ်စ်ဘုရင်ကြီးရဲ့ ခေါင်းပေါ်မှာ ဆောင်းလိုက်တဲ့ သရဖူဟာ စိန့် အက်ဒ်ဝါ့ဒ် သရဖူလို့ အမည်ရပြီး အင်္ဂလို ဆက်ဆွန် ဘုရင်လည်းဖြစ်၊ ခရစ်ယာန်သူတော်စင် လို့လည်း သတ်မှတ်ခံရတဲ့ အပြစ်တော် ဝန်ခံသူ အက်ဒ်ဝါ့ဒ် ဘုရင်ကြီးကို ရည်စူးကာ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

    ချားလ်စ် ဘုရင် အမှတ် ၂ ဟာ အဲဒီ အက်ဒ်ဝါ့ဒ် ဘုရင် ဝတ်ခဲ့ဖူးတဲ့ သရဖူမျိုး လိုချင်ခဲ့ပြီး ပိုမို ခမ်းနားတဲ့ သရဖူကို ပြုလုပ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

    ဒီ စိန့်အက်ဒ်ဝါ့ဒ် သရဖူကို ၁၆၆၁ မှာ သွန်းလုပ်ခဲ့တာ ဖြစ်ပြီး နှစ်ပေါင်း ၃၆၀ အတွင်း ဘုရင် ၆ ပါး ဆောင်းခဲ့ပြီး ဖြစ်ပါတယ်။

  13. ဘုရင်ကျမ်းကျိန်ပြီ

    ကန်တာဘာရီ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက Church of England ဟာ သက်ဝင်ယုံကြည်မှုအစုံက လူပုဂ္ဂိုလ်တွေအားလုံး လွတ်လပ်စွာယုံကြည်ခွင့်ကို အားပေးတဲ့ရပ်ဝန်းအဖြစ် ဆက်ရှိမယ်လို့ ပြောပြီး ဗြိတိန်မှာ ယုံကြည်သက်ဝင်မှု ဘာသာပေါင်းစုံတည်ရှိမှုကို အသိအမှတ်ပြုပြောဆိုပါတယ်။

    အဲဒီနောက် ဘုန်းတော်ကြီး ဝယ်လ်ဘီက ရာဇဘိသေက ဘိသိက်ပွဲအတွက် လုပ်ဆောင်ရမယ့် ဘိသိက်ကျမ်းကျိန်မှုကို တိုင်ပါတယ်။

    ချားလ်စ် ဘုရင်ကိုလည်း သူ့နန်းသက်မှာ Church of England နဲ့ တည်ဆဲ ဥပဒေတွေကို စောင့်ထိန်းမလားလို့ မေးမြန်းပါတယ်။

    ချားလ်စ် ဘုရင်ကလည်း ကျမ်းကိုင်ပြီး သူ့ကတိကဝတ်တွေကို တည်ပါ့မယ်ဆိုတဲ့အကြောင်း သစ္စာပြုပါတယ်။

    ဒါ့အပြင် ဒုတိယမြောက် ကျမ်းကျိန်မှုအဖြစ် သူဟာ သက်ဝင်ယုံကြည်မှုပြည့်ဝတဲ့ ခရစ်ယာန်တစ်ဦးဆိုတာကိုလည်း ကျမ်းကျိန်ပါတယ်။

  14. တော်ဝင် အစဉ်အလာတွေ မြင်ရတဲ့ နန်းတက်ပွဲ

    ရှောင် ကော့ဖ်လန်

    ဝက်စ်မင်စတာ ဘုရားကျောင်းအတွင်း သတင်းပို့ချက်

    ဘုရင်ကြီးနဲ့ မိဖုရားတို့ဟာ ဝက်စ်မင်စတာက ဘုရားကျောင်း စင်မြင့်မှာ နေရာယူရပြီး နန်းတက် ဇာတ်ခုံစင်မြင့်လို့ခေါ်တဲ့ ဒီနေရာမှာ အစဉ်အလာအတိုင်း လုပ်ရိုး လုပ်စဉ်တွေကို မြင်ရတော့မှာ ဖြစ်ပါတယ်။

    ဘုရင်ကြီးအနေနဲ့ အရပ်လေးမျက်နှာအတိုင်း လှည့်လည်ပြီး လူအုပ်ကို လှည့်ပြရကာ သမ္မာကျမ်းစာ ကိုင်စေပြီး ကျမ်းသစ္စာ ကျိန်ဆိုရမှာ ဖြစ်ပါတယ်။

    အခုလို ကျမ်းသစ္စာ ကျိန်ဆိုရာမှာ အုပ်ချုပ်ခံလူတွေမှာလည်း ကိုယ်ပိုင် ယုံကြည်မှုနဲ့ ကိုးကွယ်မှုတွေ ရှိတယ်ဆိုတဲ့ သဘောပေါ်လွင်အောင် ပုံဖော်ထားတယ်လို့ ဆိုပါတယ်။

    ဘုရင်အဖြစ် တင်မြှောက်ခံရာမှာ ဘုရင်ကြီးချားလ်စ်က အနှစ် ၇၀ဝ သက်တမ်းရှိကာ အိုဟောင်းနေပေမယ့် ခန့်ညားလှပတဲ့ နန်းတက်ပလ္လင်ရှေ့ကို တိုးသွားရမှာ ဖြစ်ပြီး ခက်ခက်ခဲခဲ ပြန်လည် ပြင်ဆင်ထားတဲ့ အလယ်ခေတ်လက်ရာ ပုံဖော် ကျောက်ကြမ်းခင်းပေါ်မှာ လုပ်မှာ ဖြစ်ပါတယ်။

    အဲဒီ အလှကြမ်းခင်းကို ရောမမြို့က အပျက်အစီးတွေက ရယူထားတဲ့ ပုံဖော်ကျောက်ပြားတွေကို ၁၃ ရာစုက အီတလီလူမျိုး ပညာရှင်တဦးက ပုံဖော် ခင်းကျင်းထားခဲ့တာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် ဘုရင်ကြီး ချားလ်စ်ဟာ သူထိုင်ရမယ့် အနှစ် ၇၀ဝ ကြာ ပလ္လင်ထက်တောင် အများကြီး အိုဟောင်းတဲ့ ခေတ်ကာလက အစိတ်အပိုင်းတွေရဲ့ အပေါ်မှာရပ်ပြီး နန်းတက်မှာ ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

  15. ချားလ်စ် ဘုရင် နန်းတက် ဘိသိက်ခံပွဲ ဘယ်လို ကျင်းပမလဲ

  16. နန်းတက်ပွဲကို ဇင်ဘာဘွေ သမ္မတ တက်ရောက်

    တတိယမြောက် ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲ အခမ်းအနားကို တက်ရောက်ဖို့အာဖရိကနိုင်ငံ ၁၂ နိုင်ငံကျော်က အကြီးအကဲတွေ လန်ဒန်ကို ရောက်ရှိနေပါတယ်။

    ဒီအထဲမှာဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် လန်ဒန်ကို ရောက်လာတဲ့ ဇင်ဘာဘွေ သမ္မတ အမ်မာဆန် မနန်ဂါဂွာ(Emmerson Mnangagwa)လည်း ပါဝင်ပါတယ်။

    ဇင်ဘာဘွေမှာရှိတဲ့ အတိုက်အခံတွေကို ရိုက်နှက်ထောင်ချတာတွေ အပေါ် ကန့်ကွက်မှုတွေ ရှိတာကြောင့် သူ့ကို ဖိတ်ကြားတာကို ပြန်ရုပ်သိမ်းဖို့ ပါတီအားလုံးကို ကိုယ်စားပြုတဲ့ ဗြိတိန် ပါလီမန်အဖွဲ့တွေက တောင်းဆိုထားပါတယ်။

    ဒါ့အပြင် ရဝမ်ဒါ သမ္မတ ပေါလ် ခါဂါမီ(Kagame)နောက် ဆွာဇီလန် ဘုရင်မစ်ဆွာတီတို့လည်း နန်းတက်ပွဲအခမ်းအနားကို တက်ရောက်နေပါတယ်။

  17. ဘုရင် သားတော်ကြီး၊ ချွေးမတော်နဲ့ မြေးတော်တွေ

    ချားလ်စ် ဘုရင်ရဲ့ဘိသိက်ပွဲကို သားတော်ကြီး ဝီလီယံ မင်းသားနဲ့ ချွေးမတော် ကိတ်မင်ဒယ်တန်တို့ အပြင် ဘုရင့်မြေးတော်တွေဖြစ်တဲ့ မင်းသမီးလေး ရှားလော့နဲ့ မင်းသားလေး လူးဝစ်တို့လည်း တက်ရောက်ကြပါတယ်။

  18. ဘုရင်မင်းမြတ် နှမတော် အန်း မင်းသမီး

    ဘုရင်မင်းမြတ်ရဲ့ နှမတော် မင်းသမီး အန်းနဲ့ ကြင်ယာ ဆာ တင် လောရန်စ့်တို့လည်း ဘုရားကျောင်းထဲ ဝင်လာကြပါပြီ။

  19. ချားလ်စ်ဘုရင် နန်းတက်ဘိသိက်ခံပွဲ ဘယ်လိုကျင်းပမလဲ

  20. ချားလ်စ်ဘုရင်က နန်းတက်ဘိသိက်ခံဖို့လိုလား