ရွှေနဲ့ လိင် အလဲအထပ် - တရားမဝင်ရွှေတွင်းတွေထဲ ကလေးတွေ လိင်အမြတ်ထုတ်ခံရမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, မယာနီ ဂျုံးစ်
- ရာထူးတာဝန်, ဘီဘီစီသတင်း
- ရေးသားပေးပို့သည့်နေရာ, ဂျိုဟန်နက်စ်ဘာ့မြို့
အခုဆောင်းပါးမှာ စာဖတ်သူအချို့အတွက် စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာ ရုပ်သံအပါအဝင် အသေးစိတ် ရေးသားချက်တွေ ပါဝင်တဲ့အကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။
တောင်အာဖရိကက စွန့်ပစ်ထားတဲ့ ရွှေမိုင်းတွင်းမှာ မြေအောက်တွင်းထဲ ၆ လကြာအောင် နေထိုင် အလုပ်လုပ်ခဲ့ရတဲ့ ဂျွန်နသန်အတွက်တော့ တုန်လှုပ်ခြောက်ခြားစရာအဖြစ်ဆုံးအတွေ့အကြုံဟာ ကလေးတွေအမြတ်ထုတ်ခံရမှုကို မျက်မြင်ကြုံခဲ့ရတဲ့ကိစ္စပါ။
ဒီကလေးတွေထဲက တချို့ဟာ စျေးပေါပေါနဲ့ အလုပ်ခိုင်းနိုင်အောင် လူစုခံရတာဖြစ်ပြီး တချို့ကတော့ လိင်ကိစ္စအတွက် သီးသန့် ခေါ်ယူ စုဆောင်းခံရတာလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဂျွန်နသန်က အသက် ၂၀ ကျော်အရွယ်ပါ။ အကျိုးမမြတ်မရှိလို့ ဆက်မထုတ်တော့တဲ့ တစ်ချိန်က နိုင်ငံစုံလုပ်ငန်းကြီးတွေ ပိုင်ခဲ့တဲ့ မိုင်းတွင်းတွေထဲက တစ်တွင်းမှာ အလုပ်လုပ်ဖို့ ပိုက်ဆံလွယ်လွယ်ရှာနိုင်တယ်ဆိုတဲ့တစ်ချက်တည်းကြောင့်ပဲ သူ အာဖရိကကို ရွှေ့ပြောင်းနေထိုင်ခဲ့သူပါ။
တရားမဝင်ရွှေတွင်းတွေကို လည်ပတ်နေတဲ့ရာဇဝတ်ဂိုဏ်းတွေဘက်က သတင်းမီဒီယာတွေကို ပြောဆိုဖြေကြားသူတွေကို လက်တုန့်ပြန်လာနိုင်တဲ့သူ့စိုးရိမ်ချက်ကြောင့် သူဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ဖော်ပြမှာမဟုတ်ပါဘူး။
ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတုန်းက စတေးဖောင်တိန်မြို့အနီးနားက ရဲတပ်ဖွဲ့က အဲဒီမိုင်းကို ပိတ်ဆို့ထားလိုက်အခါ တရားမဝင်ရွှေတွင်းထဲ လူဒါဇင်ကျော်သေဆုံးမှုထွက်ပေါ်လာပြီးတဲ့နောက် တရားမဝင်လူငယ်တွင်းလုပ်သားတွေ ကြုံတွေ့ ဖြတ်ကျော်နေရတဲ့အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဂျွန်နသန် တစ်ယောက် အပူဒဏ်၊ နာရီပေါင်းများစွာအလုပ်လုပ်ရတဲ့ဒဏ်၊ အစားအစာ မပြည့်မစုံနဲ့ ကောင်းကောင်းလည်း မအိပ်ရတဲ့အခြေအနေတွေကြောင့် ကိုယ်ခန္ဓာ ကျုံလှီနေပေမဲ့ အသံအတည်တည်ငြိမ်ငြိမ်နဲ့ပဲ စကားပြောနေပါတယ်။
ဒါပေမဲ့ သူ မမေ့နိုင်တဲ့ မြင်ကွင်းကတော့ သူလုပ်တဲ့ ရွှေတွင်းမိုင်းအတွင်းမှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေကြုံခဲ့ရတာတွေဖြစ်ပါတယ်။
"မိုင်းထဲမှာ ကလေးတွေကို မြင်ရလေ့ရှိတယ်။ အသက်ဆို ရှိဦးမှ ၁၅ နှစ်၊ ၁၇ နှစ်ပေါ့''
"သူတို့လေးတွေဟာ တစ်ခါတလေမှာ တခြားသူတွေရဲ့ အမြတ်ထုတ်တာကိုလည်း ခံကြရတယ်။ ကြောက်ဖို့လည်းကောင်းပါတယ်။ ကျွန်တော်မြင်ရတာ စိတ်မချမ်းသာလှဘူး''
အရွယ်ရောက်ပြီးသူ မိုင်းလုပ်သားတွေက သူတို့ တွေ့ထားတဲ့ ရွှေတချို့ကို ပေးမယ်လို့ ကတိပေးပြီး အဲဒီကလေးတွေကို အဓမ္မ ပြုကျင့်ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။
"ကလေးက ပိုက်ဆံ အရမ်းလိုအပ်နေတယ်ဆိုရင်တော့ အရဲစွန့်ရတာပေါ့ဗျာ"
ကလေးတွေဟာ သူတို့ကို အကာအကွယ်ပေးဖို့ ရွှေတွင်း လုပ်သားအစုအဖွဲ့တွေဆီ ချဉ်းကပ်ပေမမဲ့ အဲဒီအစုအဖွဲ့တွေဟာလည်း "သူတို့ သတ်မှတ်ချက်နဲ့ သူတို့ ဖြစ်နေတတ်ပါတယ်"လို့ ဂျွန်နသန်က ပြောပြပါတယ်။
ဆယ်ကျော်သက် တွင်းလုပ်သားတွေဟာ သူတို့အဖွဲ့အတွက် ခိုင်းထားတဲ့အလုပ်မပြီးဘူးဆိုရင် လိင်နဲ့ပြစ်ဒဏ်စီရင်ခံရတာမျိုးလည်း ရှိနေပြန်ပါတယ်။
သူ အလုပ်လုပ်ခဲ့တဲ့ မိုင်းတွင်းထဲက ကလေးငယ်တွေအားလုံးဟာ နိုင်ငံခြားသားတွေ ဖြစ်ပြီး သူတို့ကိုယ်တိုင်လူပေါင်းမှားတာကို တကယ်မသိခဲ့ကြဘူးလို့ ဂျွန်နသန်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မိုင်းတွင်း သုတေသနပြုလုပ်သူနဲ့ တက်ကြွလှုပ်ရှားသူ မက်ခ်ဟိုလာ ဆီဖူလီကလည်း ဒီအချက်ကို ထောက်ခံပါတယ်။
ရာဇဝတ်ဂိုဏ်းတွေက အထူးသဖြင့် တောင်အာဖရိကဝန်းက ကလေးငယ်တွေကို တရားမဝင် မိုင်းတွင်းတွေမှာ အလုပ်လုပ်စေဖို့ ပစ်မှတ်ထားကြတယ်လို့ သူကပြောပါတယ်။
အိမ်နီးချင်းနိုင်ငံကနေ အဲဒီလိုကလေးအများစုကို သွေးဆောင်ဖြားယောင်းပြီး လူကုန်ကူးခဲ့ကြ တာပါ။ ရွှေတွင်းမှာ ပုံမှန်အလုပ်လုပ်ရမယ်ဆိုတဲ့ ကတိပေးပြီး ကလေးတွေကို သိမ်းသွင်းခဲ့ကြတာဖြစ်ပါတယ်။
"တောင်အာဖရိကကိုရောက်တာနဲ့ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေဟာ အသိမ်းခံခဲ့ရပါတယ်။ အဲဒါက အများစုသိနေကြသလိုပဲ အဲဒီလူငယ်လေးတွေဟာ တလွဲအသုံးချခံရတော့မယ်ဆိုတာကို ပေါ့" လို့ မစ္စတာ ဆီဖူလီကပြောပါတယ်။
နောက်ထပ် တရားမဝင် ရွှေတွင်း ၂ ခုမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ မိုင်းအလုပ်သမားတွေကိုလည်း ဘီဘီစီ က စကားပြောခဲ့ပါတယ်။ သူတို့ကလည်း အလားတူကလေးငယ်တွေကို သူတို့အလုပ်လုပ်ကြတဲ့ ဥမင်တွေထဲမှာ တလွဲအသုံးချတာမျိုးမြင်ခဲ့ရတယ်လို့ ပြောကြပါတယ်။
မြေအောက်လိုဏ်ဂူထဲမှာ သူတို့နဲ့လိင်ဆက်ဆံဖို့ အသက်ရွယ်ကြီးတဲ့အမျိုးသားတွေက လူငယ်လေးတွေကို ဖိအားပေးတာကို သူတွေ့ခဲ့ရတယ်လို့ ရှက်ပို (အမည်လွှဲ)က ပြောပါတယ်။
"အချို့ဖြစ်စဥ်တွေမှာဆိုရင် ငွေအတွက်နဲ့ သူတို့လုပ်ခဲ့တာရှိတယ်။ အချို့ဆိုရင် အဲဒီလိုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ခန့်ထားခံရတာမျိုး။ ဘာကြောင့်လဲဆိုရင် မြေအောက်မှာ ငွေရဖို့ဆိုရင် လိင်ပေးရမယ်ဆိုတဲ့ အလေ့ဖြစ်သွားအောင် ဆိုတာမျိုး"
အဲဒီလို အနိုင်ထက်အလွန် ပြုကျင့်မှုတွေဟာ ကလေးငယ်တွေအပေါ် သက်ရောက်မှု နက်ရှိုင်းနေတယ်လို့ သူက ပြောပါတယ်။
"ကလေးတွေ အမူအကျင့်ပြောင်းသွားတယ်၊ တော်ရုံဆို မယုံတတ်ကြတော့ဘူး။ သူတို့မှာ ဘယ်သူ့ကိုမှ မယုံကြည်နိုင်တဲ့ပြသနာဖြစ်လာကြတယ်"
တောင်အာဖရိက အနောက်မြောက်ပိုင်းခရိုင်ထဲ ပါဝင်တဲ့ စတေးဖောင်တိန််မြို့အနီးက ဘူဘက်ဖောင်တိန်ရွှေတူးဖော်ရေးလုပ်ငန်းမှာ ရဲနဲ့ တွင်းလုပ်သားတွေအကြား အငြင်းအခုံဖြစ်မှုကြောင့် တောင်အာဖရိကနိုင်ငံက တရားမဝင် ရွှေတွင်းတွေ ကိစ္စဟာ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ခေါင်း ကြီးပိုင်း ရောက်လာတာဖြစ်ပါတယ်။
အာဏာပိုင်တွေက တရားမဝင်ရွှေမိုင်းတွေကို ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ တရားမဝင် ရွှေတွင်းတွေကြောင့် တောင်အာဖရိကမှာ ပြီးခဲ့တဲ့နှစ်တွင်း နိုင်ငံ့ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းသုံးထောင့်နှစ်ရာကျော် ဆုံးရှုံးခဲ့တယ်လို့ အစိုးရက ပြောပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာတော့ တောင်အာဖရိက အစိုးရဟာ တရားမဝင် ဂိုဏ်းတွေကို ဖြိုခွင်းမယ်ဆိုတဲ့ ကတိကဝတ်ပြုပြီး ဗာလာ အူဂိုဒီ ဆိုတဲ့ စစ်ဆင်ရေးကို စတင်ပါတယ်။ တွင်းပေါက်တွေကို ပိတ်ခြင်းလို့ ခေါ်ပါတယ်။
အဲဒီစစ်ဆင်ရေးရဲ့ အစိတ်အပိုင်းအနေနဲ့ ရဲတပ်ဖွဲ့ဟာ စတေးဖောင်တိန်က ရွှေတွင်းတွေထဲကို သွားမယ့် ရေနဲ့ အစားအသောက်တွေကို ကန့်သတ်ခဲ့ပါတယ်။ အစိုးရ၀န်ကြီးတစ်ပါးကတော့ ဒါကို မီးခိုးမှိုင်းတိုက်တာ ဆိုပြီး သုံးပါတယ်။ ရည်ရွယ်ရင်းကတော့ ရွှေတွင်းတွေရဲ့မြေအောက်ပိုင်း မှာ ရှိတဲ့သူတွေ မြေအောက်ကနေ ထွက်လာကြဖို့ပါ။ အရာရှိတွေကတော့ တွင်းထဲ မြေအောက်က လုပ်သားတွေဟာ အဖမ်းခံရမှာစိုးတာကြောင့် တွင်းထဲကနေ ထွက်လာဖို့ ငြင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
မကြာခင်မှာပဲ တန်းစီနေတဲ့အလောင်းအိတ်တွေနဲ့အတူ ပိန်းချုံးချည့်နဲ့နေတဲ့ ဒါဇင်နဲ့ချီတဲ့အမျိုးသားတွေက ကယ်ဆယ်ဖို့ တောင်းပန်နေတဲ့ ဗီဒီယိုဖိုင်တစ်ခု မိုင်းအတွင်းကနေ ထွက်ပေါ်လာပါတယ်။
နောက်ဆုံးမှာတော့ အဲဒီသူတွေကို ကယ်တင်ဖို့ တရားရုံးကနေ အမိန့်ထုတ်ခဲ့ပြီး အာဏာပိုင်တွေက အဲဒီလူတွေကို ကယ်တင်ခဲ့ပါတယ်။
မြေပေါ် ခေါ်တင်ခံရသူတွေထဲက အများစုကတော့ သူတို့ဟာ အသက်မပြည့်သေးသူတွေလို့ ပြောကြပါတယ်။ ဒါပေမဲ့ သူတို့ အသက်ဘယ်လောက်လဲဆိုတာမျိုး အတည်ပြုနိုင်မယ့် စာရွက် စာတမ်း မရှိတော့တာကြောင့် အာဏာပိုင်တွေဟာ အသက်ကို ခန့်မှန်းဖို့ ဆေးစစ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီကနေမှတဆင့် စတေးဖောင်တိန် မိုင်းတွင်းကနေ ကယ်ဆယ်ခဲ့သူတွေထဲက ၃၁ ဦးဟာ ကလေးငယ်တွေဖြစ်တယ်လို့ လူမှုဖွံ့ဖြိုးရေးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။
သူတို့ဟာ မိုဇမ်ဘိနိုင်ငံသားတွေဖြစ်ပြီး သူတို့ကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ နေရပ်ပြန်ပို့လိုက်ပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေနဲ့ အသက်မပြည့်သေးတဲ့မိုင်းလုပ်သားတွေကြားက တွေ့ဆုံမေးမြန်းမှု အချို့ကို တောင်အာဖရိက Save the Children က ကူညီပြီးဘာသာပြန်ပေးခဲ့ပါတယ်။
"သူတို့ စိတ်ဒဏ်ရာရခဲ့ကြတယ်။ ဘာကြောင့်လဲဆိုရင် သူတို့တွေထဲက အချို့ကလိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေကို မြင်ခဲ့ကြရတာ" လို့ Save the Children ရဲ့ အမှုဆောင်ချုပ် ဂူဂူဇာဘာက ဘီဘီစီကို ပြောပါတယ်။
"အဲဒီနေရာကနေ သူတို့ထွက်လာနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့ စိတ်ခံစားချက်က အဲဒီကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကို ဖျက်ဆီးခဲ့တယ်"
"အရွယ်ရောက်ပြီးသားမိုင်းအလုပ်သမားတွေကလည်း ဒီကလေးတွေကို သူတို့ ပြုစုစောင့်ရှောက်တဲ့ ပုံစံမျိုး ကျောသပ်ခဲ့ကြတာလည်း ရှိတယ်"
အဲဒီနောက် ဒီကလေးငယ်တွေဟာ အရွယ်ရောက်ပြီးသူတွေအတွက် လိင်ပိုင်းဆိုင်ရာ သရုပ်ဆောင်တာတွေ လုပ်ခိုင်းပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ အဓမ္မပြုကျင့်ခံရတဲ့အထိ ဦးတည်စေခဲ့တယ်လို့ သူက ပြောပါတယ်။
"အရွယ်ရောက်ပြီးတဲ့သူ တစ်ဦးအတွက် အဲဒီလိုအလုပ်ခံရတဲ့ ကလေးအရေအတွက်က သုံးဦးနဲ့ လေးဦးအထိ ရှိတယ်"
စျေးသက်သာပြီး လွယ်လွယ်ကူကူကြိုးကိုင်ခြယ်လှယ်နိုင်အောင် ကလေးတွေကို ပစ်မှတ်ထားပြီး ဂိုဏ်းတွေကနေ အလုပ်သမားအဖြစ်ရှာတာလို့ မစ္စ ဇာဘာက ပြောပါတယ်။
"မင်းကိုတစ်ရက် ရမ်စ် ၂၀(အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ) ပေးမယ်လို့ ပြောရင်ကလေးတွေက နားလည်မှာ မဟုတ်ဘူး။ လူကြီးတွေကတော့ မတန်ဘူး၊ သူတို့မလုပ်ချင်ဘူးဆိုရင် ရမယ်။ ဒါပေမဲ့ ကလေးတွေက ရွေးချယ်စရာမရှိကြဘူး။ ဒါကြောင့် ကလေးတွေကို အလုပ်ခိုင်းဖို့ကလွယ်ကူစေတာ။ ပြောဆိုနိုင်တဲ့အခွင့်အလမ်းမရှိတဲ့ကလေးတွေလိုမျိုးနဲ့ စွမ်းအားမရှိတဲ့သူတွေကို အဲဒီလိုနေရာမျိုးတွေကို အလွယ်တကူခေါ်ယူတာမျိုးပေါ့"
ငွေရေးကြေးရေးအရ ခေါင်းပုံဖြတ်ဖို့ ရည်ရွယ်ပြီး ကလေးတွေကို လူသစ်စုဆောင်းတာရှိသလို လိင်အတွက် သီးသန့် စုဆောင်းတာလည်း ရှိတယ်လို့ သူက ပြောပါတယ်။
တရားမဝင်မိုင်းလုပ်သားတွေဟာ မြေအောက်မှာအချိန်များစွာကုန်ဆုံးစေပြီးမြေပြင်ကို ပြန်ရောက်တဲ့အချိန်က ရှားပါတယ်။ မြေအောက်မှာ သူတို့ ဘာပဲ လိုလို ဖြည့်ဆည်းပေးမယ့် စျေးကွက်တွေကလည်း အသင့်ဖြစ်နေတာပါ။
"ကလေးအများစုဟာ လူကုန်ကူးခံရသူတွေဖြစ်ပြီး လိင်ပိုင်းဆိုင်ရာကျေးကျွန်တွေအဖြစ်အသုံးပြု ခံရသူတွေပါ။ ပိုက်ဆံယူတဲ့ ခေါင်းလိုလူမျိုးလည်းရှိတယ်။ အဲဒီအဓိပ္ပါယ်က နေ့တိုင်းမှာကလေးတွေဟာ စီးပွားဖြစ်လိင်လုပ်သားတွေအဖြစ် အသုံးချခံနေရတာမျိုးပါ"
လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုစွပ်စွဲချက်နဲ့ အမှုဖွင့် အရေးယူတာမျိုးရှိလားဆိုပြီး ဘီဘီစီက လူမှုတိုးတက်ရေးနဲ့ ရဲတပ်ဖွဲ့တို့ကို ဘီဘီစီကဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒါပေမဲ့ ပြန်လည်တုန့်ပြန်ဖြေကြားတာမျိုးမရှိခဲ့ပါဘူး။
စတေးဖောင်တိန် မိုင်းတွင်းကိစ္စတွေနဲ့ပတ်သက်ပြီး အလုပ်လုပ်တဲ့သတင်းရင်းမြစ်ကတော့ ကလေးငယ်တွေကလည်း ရုံးတက်၊ ထွက်ဆိုလိုစိတ် မရှိကြဘူးလို့ ပြောပါတယ်။
အဲဒီအချိန်အတောအတွင်းမှာပဲ တရားမဝင်ရွှေတွင်းလုပ်ငန်းတွေဟာ တောင်အာဖရိကမှာ ဆက်ပြီး တိုးပွားနေတုန်းဖြစ်ပါတယ်။
လုပ်ကွက်မဖော်တော့တဲ့ လုပ်ငန်းမဲ့ ခန့်မှန်းခြေ ရွှေမိုင်းတွေ ၆,၀၀၀ ခန့်ရှိပြီး ဒီမိုင်းတွင်းဟာ စမ်းထုတ်ကြဖို့ အဖြစ်နိုင်ဆုံးနေရာတွဖြစ်နေပြန်ပါတယ်။ ဒီအခြေအနေကြောင့်ပဲ တရားမဝင်ရွှေမိုင်းတွင်းလုပ်ငန်းဟာ မကြာခင်မှာ အသုံးသတ်နိုင် မမြင်ရသေးသလို တဖက်မှာလည် ထောင်နဲ့ချီတဲ့ ကလေးငယ်တွေဟာ စိုးရိမ်စရာအန္တရာယ်သင့်နိုင်ခြေရှိနေပါတယ်။













