တောင်အာဖရိက - ခရာတွေ၊ ကြာပွတ်တွေနဲ့ သေနတ်တွေသုံးပြီး ညကင်းစောင့်သူတွေ

အေဘယ် ရာပဲဂို
ဓာတ်ပုံ ပုံစာ, အေဘယ် ရာပဲဂိုကတော့ သူ့အဖွဲ့သားစေတနာ့ဝန်ထမ်းတွေဟာ ကိုယ့်ရပ်ရွာကို ကာကွယ်ဖို့ လုပ်နေတယ်လို့ပြောပါတယ်
    • ရေးသားသူ, အယန်ဒါ ချာလီနဲ့ တာမာဆင် ဖော့ဒ်
    • ရာထူးတာဝန်, ဘီဘီစီ Africa Eye၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့နဲ့ လန်ဒန်မြို့

တောင်အာဖရိကနိုင်ငံသားတွေ အခုလနှောင်းပိုင်းမှာ မဲရုံကို သွားပြီး မဲထည့်ကြတဲ့အခါ သူတို့စိတ်ထဲမှာ အကြမ်းဖက်ရာဇဝတ်မှုအရေး စိတ်ပူပန်မှုတွေ ရှိနေကြပါလိမ့်မယ်။ နိုင်ငံရေးသမားတွေကတော့ ဒီအရေးကို ဖြေရှင်းမယ်လို့ ကတိမျိုးစုံပေးနေကြတာပါ။ လူသတ်မှုနှုန်း နှစ်ပေါင်း ၂၀ တိုင်အောင် မြင့်တက်နေချိန်မှာပဲ ဘီဘီစီ အာဖရိက အိုင်းအဖွဲ့ဟာ ဒီအရေးရှေ့ဆုံးကနေ တိုက်ဖျက်နေတဲ့ရပ်ရွာအခြေပြုအဖွဲ့တွေထံ အနီးကပ် လေ့လာခွင့်ရခဲ့ပါတယ်။

အဝါရောင်နဲ့ လိမ္မော်ရောင်မျဥ်းကြောင်းတွေပါတဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးဝတ်စုံဝတ်သူတွေ ပြေးကြလွှားကြဖြစ်နေချိန်မှာပဲ ခရာတွတ်သံတွေ လေထဲမှာညံသွားပါတယ်။

“ဘုရားရေ” လို့ဆိုပြီး တစ်ယောက်က ရေရွတ်လိုက်ပါတယ်။ ရဲတစ်ယောက် မြေပြင်မှာလဲကျနေတာကို မြင်မြင်ချင်းမှာပဲ သူ အဲဒီလို ရေရွတ်လိုက်တာပါ။ အဲဒီရဲ သေနတ်နဲ့အပစ်ခံထားရပါတယ်။

တောင်အာဖရိကရဲ့စီးပွားရေးမြို့တော် ဂျိုဟန်နက်စ်ဘာ့ဂ်ရဲ့ဆင်ခြေဖုံးနေရာဖြစ်တဲ့ ဒိပ်စလူအက်မြို့နယ်ထဲမှာ သောကြာနေ့ညပိုင်းဖြစ်ခဲ့တာပါ။

“ဒါက ပုံမှန်ဖြစ်နေကျလို ဖြစ်နေပြီ” အေဘယ် ရာပဲဂိုက ပြောပါတယ်။ အသက် ၄၁ နှစ်အရွယ် သူဟာ ညမှောင်လာပြီဆိုတာနဲ့ လမ်းတွေပေါ်မှာ ကင်းလှည့်ကြတဲ့စေတနာ့ဝန်ထမ်းအဖွဲ့ကို သူ ဦးဆောင်ပါတယ်။

ရဲကားရဲ့ အချက်ပေးသံက စုလာတဲ့လူအုပ်ကြီးကို လူစုကွဲ သွားစေပါတယ်။

“ကင်းသမားတွေ လမ်းဖွင့်ပေးကြ” လို့ မစ္စတာ ရာပဲဂိုက သူ့အဖွဲ့သားတွေကို အော်ပြောပါတယ်။ “ရဲတပ်ဖွဲ့ဝင်တွေ လုပ်စရာရှိတာဆက်လုပ်နိုင်အောင် လုပ်ပေးလိုက်ကြဦး”

အပစ်ခံခဲ့ရတဲ့ရဲဖြစ်သူ အသက် ၃၈ နှစ်အရွယ် တွမ် မာရှဲကို ဆေးရုံကို တင်ခဲ့ရပေမဲ့ နောက်သီတင်းပတ်အနည်းငယ်အကြာမှာပဲ ဆုံးပါးခဲ့ပါတယ်။ တာဝန်ချိန်ပြင်ပမှာ သူအခုလို သတ်ဖြတ်ခံရမှုအတွက် လက်သည်ကို မဖမ်းနိုင်သေးပါဘူး။

အလုပ်မှာ ကင်းလှည့်နေတဲ့ စေတနာ့ဝန်ထမ်းတွေ
ဓာတ်ပုံ ပုံစာ, စေတနာ့ဝန်ထမ်းတွေဟာ သူတို့သံသယရှိတဲ့သူတွေကို ရပ်တန့်ခိုင်းပြီး မေးမြန်းတာတွေ လုပ်ကြပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုဆိုင်ရာတိုက်ဖျက်ရေးရုံး (UNODC)ရဲ့ အချက်အလက်တွေအရ တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာမှာ လူသတ်မှုဖြစ်ပွားနှုန်းအမြင့်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက လူသတ်မှု ၂၇,၀၀၀ အထိဖြစ်ခဲ့ပြီး ဒါဟာ လူ ၁ သိန်းမှာ ၄၅ ဦးနှုန်း သတ်ဖြတ်ခံနေရတာဖြစ်ပါတယ်။ အမေရိကန်မှာဆိုရင်တော့ လူ ၁ သိန်းမှာ ၆ ဦးနှုန်းရှိပါတယ်။

ဒီလိုကြုံလာရတဲ့အခါ ကိုယ့်မိသားစုဘေးကင်းဖို့ သူတို့ လုပ်နိုင်တာက ကိုယ့်အသက်ကို စွန့်စားရတယ်ဆိုရင်တောင် ကိုယ့်ရပ်ရွာထဲ ကိုယ်ထူကိုယ်စ လုံခြုံရေးစောင့်ကြပ် ကင်းလှည့်တာလို့ မစ္စတာ ရာပဲဂိုက ပြောပါတယ်။ “ဒိပ်စလူအက်” ဟာ ရာဇဝတ်သားတွေလက်ထဲကို ရောက်နေတယ်လို့လည်း သူက ပြောပါတယ်။

စေတနာ့ဝန်ထမ်းအဖွဲ့ဟာ ဒေသန္တရ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်အလုပ်လုပ်ပါတယ်။

သူတို့ အခုလုပ်နေတာတွေထဲက တချို့ဟာ တရားဝင် ပိတ်ပင်ထားတာမရှိတာကြောင့် ရဲတွေနဲ့အတူ လက်တွဲလုပ်တာကလည်း တရားဝင်စီစဥ်ဆောင်ရွက်မှုတော့ မဟုတ်ပါဘူး။ ဘယ်သူမှ လစာမရသလို သေနတ်လည်း မကိုင်ရပါဘူး။ ဒါပေမဲ့ သူတို့ကိုင်တာကတော့ အာဖရိကရိုးရာ သားရေကြာပွတ်ဖြစ်ပါတယ်။

“ခင်ဗျားက ရာဇဝတ်သားဖြစ်တယ်ဆိုရင် ကျွန်တော်တို့က ခင်ဗျားကို ရပ်ခိုင်းမယ်။ ခင်ဗျား မလိုက်နာဘူးဆိုရင် အဲဒီကြာပွတ်ကို သုံးရတာမျိုးဖြစ်လာတယ်” လို့ မစ္စတာ ရာပဲဂိုကပြောပါတယ်။

စေတနာ့ဝန်ထမ်းတွေဟာ ရပ်တန့် ရှာဖွေတာတွေကို လုပ်ဖို့ တရားဝင် အခွင့်မရထားပါဘူး။ ဒါပေမဲ့ စေတနာ့ဝန်ထမ်းတွေဟာ လမ်းတကာလှည့်ပြီး တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ညနှောင်းပိုင်း အပြင်မှာ ရောက်နေသူဆိုရင် ရပ်တန့်မေးမြန်းကြပါတယ်။

သူတို့ ဆိုင်တစ်ဆိုင်ရှေ့ကို အဖြတ်မှာပဲ ဆိုင်ရှင်က သူ ထိုးကြိတ်လုယက်ခံရတယ်လို့ ပြောပါတယ်။ စေတနာ့ဝန်ထမ်းတွေဟာ ပြေးသွားတဲ့အမျိုးသားတစ်ယောက်ကို ဖမ်းချုပ်နိုင်ခဲ့ပါတယ်။ ပြီးတော့ ပျောက်နေတဲ့ဖုန်းတွေနဲ့ ငွေကြေးတွေကို သူတို့ရှာပါတယ်။

သူတို့တွေ အဲဒီအမျိုးသားကို သားရေကြာပွတ်နဲ့ရိုက်ပါတယ်။ ဒါကလည်း ရာဇဝတ်မှုအဖြစ် ရှုမြင်ခံရနိုင်ပါတယ်။ အဲဒီလူ အမှားအယွင်းလုပ်ခဲ့တာ ဘာမှမရှိဘူးဆိုတာသိတဲ့အခါမှာတော့ သူတို့ သူ့ကို သွားခွင့်ပြုလိုက်ပါတယ်။

ဒီလိုလုပ်ဖို့ သူတို့မှာလုပ်ပိုင်ခွင့်ရှိလားလို့ မေးကြည့်တဲ့အခါမှာတော့ မစ္စတာ ရာပဲဂိုက အင်အားသုံးတဲ့ကိစ္စကို ခုခံကာကွယ်ရင်း “ဒါလေးတော့ သိထားပါ ခင်ဗျာ့။ ဒိပ်စလူအက်ဟာ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့နေရာပါ။ ကိုယ့်နေရာကို ကိုယ်မထိန်းနိုင်ဘူးဆိုရင် ဘယ်သူမှ လာပြုပြင် ထိန်းသိမ်းပေးမှာမဟုတ်ဘူး”

တောင်အာဖရိကရဲ့ ရာဇဝတ်မှု စာရင်းအင်းတွေအရ လူသတ်မှုတွေမှာ ခံရသူတွေဟာ လူငယ် လူမည်း အများစုဖြစ်ပြီး အခုလုပ်နေတဲ့စေတနာ့ဝန်ထမ်းတွေကိုယ်တိုင်လည်း အသက်အန္တရာယ်ရှိကြပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အသက် ၂၁ အရွယ် အယ်လ်ဖာ ရီခိုတိုဟာ ကင်းလှည့်နေတုန်းမှာပဲ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

“ဒီအခြေအနေကို ကျွန်တော် လက်ခံဖို့ ခဲယဥ်းနေတယ်။ အခုအထိ နာကျင်နေရတုန်းပဲ” လို့ သူ့ဖခင် ဒေးဗစ် ရီခိုတိုက ပြောပါတယ်။

“သားက သူ့အသက်ရော၊ ကျွန်တော့် အသက်ကိုရော အားလုံးရဲ့အသက်ကို ကာကွယ်ဖို့ ကြိုးစားနေခဲ့တာ။ ရာဇဝတ်မျု တိုက်ဖျက်ရေးကို သူလုပ်နေခဲ့တာ”

ဒေးဗစ် ရီခိုတိုက ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ပစ်သတ်ခံခဲ့ရတဲ့ သားဖြစ်သူ အယ်လ်ဖာရဲ့ပုံကို ပြသနေတာဖြစ်ပါတယ်
ဓာတ်ပုံ ပုံစာ, ဒေးဗစ် ရီခိုတိုက ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ပစ်သတ်ခံခဲ့ရတဲ့ သားဖြစ်သူ အယ်လ်ဖာရဲ့ပုံကို ပြသနေတာဖြစ်ပါတယ်

စေတနာ့ဝန်ထမ်းတွေက ရာဇဝတ်မှုမကင်းတဲ့လှုပ်ရှားမှုတစ်ခုကို မြင်ပြီး ခရာသံတွေ ညံအောင်မှုတ်ချိန်တုန်းက အခင်းဖြစ်တဲ့နေရာကို ပထမဆုံးရောက်သွားတာက သူ့သားဖြစ်ပါတယ်။ အယ်လ်ဖာတစ်ယောက် အဲဒီအမျိုးသားကို ဖမ်းမိခဲ့ပေမဲ့ လက်မောင်းကို အပစ်ခံခဲ့ရပါတယ်။

ဒဏ်ရာကြောင့် သူ အသက်မရှင်နိုင်ခဲ့ပါဘူး။ အပေါ်မှာပြောခဲ့တဲ့ရဲ အပစ်ခံခဲ့ရသလိုပဲ လက်သည်ကို ဖမ်းလို့မမိသေးပါဘူး။

“လူတွေ နေ့တိုင်း ဓားပြတိုက်ခံရတယ်။ လူတွေလည်း နေ့တိုင်းသေနေကြတယ်။ သူတို့(ကင်းသမားတွေ) ဘေးကင်းကြဖို့ နေ့ရော ညပါ ကျွန်တော် ဆုတောင်းပေးနေတယ်။ ဒီမှာ ဘာဥပဒေမှ မရှိဘူး”

အကြမ်းဖက်မှုတွေကြောင့် စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုကလည်း ကြီးမားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ တောင်အာဖရိကရဲ့ အကြမ်းဖက်ရာဇဝတ်မှုကြောင့်ဖြစ်တဲ့ ဆုံးရှုံးမှုဟာ ဒေါ်လာ ၄၀ ဘီလျံအထိရှိပြီး ဒါဟာ နှစ်စဥ် GDP ရဲ့ ၁၀ ရာခိုင်နှုန်းထက်မနည်းဖြစ်ပါတယ်။

ပြီးတော့ ဒီပြဿနာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကတည်းက လူဖြူလူမည်းခွဲခြားမှုပြဿနာလို့ အတိတ်က သိခဲ့တဲ့လူမျိုးရေးခွဲခြားမှုကို ဥပဒေကြောင်းအရ တိတိကျကျသတ်မှတ်ပြဋ္ဌာန်းထားပေမဲ့ လူမျိုးရေးဆိုင်ရာစည်းဘောင်တွေကို ဖြတ်ကျော်လာနေပါတယ်။

ဒိပ်စလူအက်ရဲ့ အနောက်မြောက်ပိုင်း ၃၇ အကွာမှာတော့ နောက်ထပ် စေတနာ့ဝန်ထမ်း ကင်းလှည့်အဖွဲ့ဟာ အနောက်မြောက်ပြည်နယ်ထဲက ဘရစ်စ်မြို့မှာ ကင်းလှည့်ဖို့ ထွက်ခွာပြီဖြစ်ပါတယ်။

သူတို့အဖွဲ့ကတော့ အဖရီဖိုရမ်လို့ခေါ်တဲ့ လယ်သမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက ကင်းစောင့်တာက လူဖြူအာဖရိကန်တွေအတွက်ဖြစ်ပြီး နိုင်ငံတဝန်းမှာ အသင်းဝင်ပေါင်း ၃ သိန်းအထိရှိနေပါတယ်။

ပစ်ကပ်ထရပ်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ဒရုန်းတွေ သုံးပြီး ယာခင်းတွေနဲ့ လူမနေတော့တဲ့ အဆောက်အအုံတွေမှာ ညလုံးပေါက် ရှာဖွေတာတွေ လုပ်ပါတယ်။ နောက်ပိုင်းမှာ တစ်ပြိုင်တည်း သယ်ထုတ်ဖို့ရည်ရွယ်ထားတဲ့ အခိုးခံလိုက်ရတဲ့ကုန်ပစ္စည်းတွေ ဒါမှမဟုတ် ညနှောင်းပိုင်းအပြင်ထွက်တဲ့ သံသယဖြစ်ဖွယ်လူတွေကို ရှာဖွေတာလို့ သူတို့က ပြောပါတယ်။

ကင်းလှည့်စေတနာ့ဝန်ထမ်း ဒီဝါ ဗန် ဝိန်းဂါ့လိုပဲ သူတို့ထဲက အများစုဟာ လက်နက်တွေကိုင်ဆောင်ထားပါတယ်။

“သေနတ်နဲ့ပစ်နေတဲ့ပွဲထဲကို ဓားကိုင်ပြီးဝင်လို့ မရဘူးလေ။ ကျွန်တော့် မိသားစုကို ကာကွယ်ဖို့ဆိုရင် ကျွန်တော် တုံ့ဆိုင်းနေမှာမဟုတ်ဘူး။ ဒါပါပဲ။ တခြားလူတစ်ယောက်နဲ့ ထွေးလုံးပုတ်သတ်ရပြီဆိုရင် အဲဒီလူက ကျွန်တော့်ကို နာအောင်လုပ်မှာပဲ။ ကျွန်တော် သူ့ကို အလွတ်ပေးမှာမဟုတ်ဘူး” လို့ သူကပြောပါတယ်။

ကင်မရာကို ကြည့်နေတဲ့ စေတနာ့ ဝန်ထမ်းတွေ
ဓာတ်ပုံ ပုံစာ, အဖရီဖိုရမ်အဖွဲ့က စေတနာ့ဝန်ထမ်းတွေဟာ ရာဇဝတ်မကင်းတဲ့အပြုမူမျိုးလုပ်သူလို့ မသင်္ကာတဲ့သူကို ရှာဖွေကြပါတယ်

လယ်သမားတွေဟာ ညလုံးပေါက် အလှည့်ကျ ကင်းလှည့်ကြပါတယ်။ တစ်ခါတလေမှာ တစ်ပတ်ကို လေးကြိမ် ဒါမှမဟုတ် ငါးကြိမ် ကင်းလှည့်ကြပါတယ်။ အဖရီဖိုရမ်ရဲ့ အနီးနားချင်းလည်းဖြစ်၊ လယ်သမားညစောင့်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဂျိုအန် ဒီ ကလာ့ခ် ဟာ အခုလို ညဘက် စောင့်ကြည့်တာတွေကို လုပ်လာတာ ၅ နှစ်ထက်မနည်းရှိနေပြီဖြစ်ပါတယ်။

“မနက်ဖြန်မှာ အလုပ်ဆက်လုပ်နိုင်အောင် သေချာဖို့ရာအတွက် ညတိုင်းမှာ ကိုယ့်ရဲ့သိုးတွေအတွက် ကိုယ်တိုင် ကင်းစောင့်ရတယ်။ တနေ့လုံးလည်း အလုပ်တွေလုပ်၊ ညရောက်တော့လည်း မနားရဘဲ ကင်းစောင့်ရ၊ ဒီလိုကြီး ဆက်သွားနေရတာ ခက်တော့ခက်သား”

တဖက်မှာလည်း လူဖြူလယ်သမားတွေအပေါ် တိုက်ခိုက်မှုဟာ ကမ္ဘာတဝန်းရဲ့ အာရုံစိုက်ခံရမှုရခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းကဆိုရင် သမ္မတ ဒေါ်နယ်ထရမ့်က တောင်အာဖရိကအစိုးရဟာ လူဖြူလယ်သမားတွေဆီကနေ မြေတွေသိမ်းနေတယ်ဆိုတာမျိုးရည်ရွယ်ပြောကြားတဲ့ ပို့စ် တစ်ခုကို လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။ အဲဒီအချက်အလက်ဟာ မမှန်ပါဘူး။ “လယ်သမားတွေကိုလည်း အများကြီး သတ်နေတယ်” လို့ သူက အဲဒီတုန်းက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ပရက်တိုးရီးယားဇာတိဖွား တက်ဆလာ လုပ်ငန်းရှင် အီလွန် မက်စ်က စီးပွားရေးလွတ်လပ်မှုတိုက်ပွဲဝင်သူတွေလို့ ခေါ်တဲ့ အတိုက်အခံပါတီအကြောင်း တွစ်တာပေါ် ရေးတဲ့အခါမှာ ဒီလိုအလားတူသဘောဆောင်တဲ့အပြောမျိုးပြောခဲ့ပါတယ်။ “သူတို့ဟာ တောင်အာဖရိကမှာ လူဖြူတွေကို လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်အောင် ပေါ်တင် တွန်းပို့နေတပို့နေတယ်”

ဒါပေမဲ့ လယ်သမားတွေဟာ တခြားလူတွေထက် ပိုပြီး အန္တရာယ်ရှိတယ်ဆိုတဲ့အခြေအနေမျိုးတော့ ရှိမနေပြန်ပါဘူး။

စာရင်းအင်းတွေအရ လူဖြူတောင်အာဖရိကနိုင်ငံသားတွေဟာ လူဦးရေရဲ့ ၇ ရာခိုင်နှုန်းကျော်ကျော်ရှိပြီး သတ်ဖြတ်ခံရတဲ့နှုန်းရဲ့ ၂ ရာခိုင်နှုန်းတောင် မရှိပါဘူး။ ဒါပေမဲ့ လယ်ယာလုပ်ကြတဲ့လူဖြူအာဖရိက အသိုင်းအဝိုင်းထဲမှာတော့ ကြောက်ရွံ့မှုက ပိုပြီး ထင်ပေါ်ပါတယ်။

“ကျွန်တော်တို့ လှောင်ချိုင့်ထဲနေနေရတယ်။ ဒါကလည်း ပုံမှန်မဟုတ်ဘူး။ ဒီလိုလည်း ဖြစ်မနေသင့်ပါဘူး။ ဒီတစ်နိုင်ငံလုံးမှာ အပြောင်းအလဲတစ်ခု ဖြစ်အောင်လုပ်နိုင်မယ်ဆိုရင် အဲဒီရာဇဝတ်မှုဟာလည်း အလိုလိုပျောက်ကွယ်သွားမှာ” လို့ မစ္စတာ ဒီ ကလာ့ခ်က ပြောပါတယ်။

ရဲတပ်ဖွဲ့ကလည်း “နိုင်ငံ့နေရာအချို့မှာ ရာဇဝတ်မှုက လက်မခံနိုင်လောက်စရာ အဆင့်မျိုးရောက်နေပါတယ်” ဆိုပြီး အခြေအနေကို လက်ခံတာမျိုးပြောပေမဲ့ ဘီဘီစီကို ပေးတဲ့ ထုတ်ပြန်ချက်မှာတော့ ရဲဌာန ပြောခွင့်ရသူက “ရာဇဝတ်ဖြစ်ပွားမှုနှုန်းကျဆင်းသွားအောင် တင်းကျပ်တဲ့ ရဲလုပ်ငန်းနဲ့ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

''အဲဒီထဲမှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ရဲဝန်ထမ်း သုံးသောင်းကျော်ကို အစုလိုက်အပြုံလိုက် စုဆောင်းခေါ်ယူတာလည်းပါဝင်ပါတယ်'' ရဲတပ်ဖွဲ့ အသုံးစရိတ်ဟာလည်း နှစ်ပေါင်း ၂၀ အတွင်းမှာ နှစ်ဆဖြစ်လာပါတယ်။

ဒါပေမဲ့ ဘီဘီစီ Africa Eye အဖွဲ့က ပြောခွင့်ရခဲ့တဲ့ စေတနာ့ဝန်ထမ်း ကင်းသမားတွေရဲ့ လုပ်ဆောင်ချက် အချို့နဲ့ပတ်သက်ပြီး ပြောရာမှာတော့ ပြောခွင့်ရသူက ''ဥပ‌ဒေကိုကျော်လွန် လုပ်ဆောင်မှုတွေကို ဘယ်တုန်းကမှ လစ်လျူရှု သည်းခံမှာမဟုတ်သလို ဥပဒေကို လက်တလုံးခြားလုပ်ဆောင်သူမှန်သမျှလည်း ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းရမှု ဆက်ရှိလာပါမယ်''

ဒါပေမဲ့ ရာဇဝတ်မှုဖြစ်နှုန်းမြင့်တက်လာနေဆဲဖြစ်တာကြောင့် ကိုယ့်ရပ်ရွာအသိုင်းအဝိုင်းကို ကာကွယ်ပေးဖို့အတွက် ဘာပဲလုပ်ရ လုပ်ရ လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ တောင်အဖရိကနိုင်ငံသားတွေအချို့အတွက်ကတော့ ဒီပြောဆိုချက်ကြောင့် နောက်ဆုတ်သွားကြနိုင်ခြေ မမြင်ရပါဘူး။