တောင်အာဖရိကရဲ့ နောက်ဆုံး လူဖြူသမ္မတဟောင်း ဒီကလာ့ခ် ၈၅ နှစ်မှာ ကွယ်လွန်

ဒီကလာ့ခ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

တောင်အာဖရိက ရဲ့ နောက်ဆုံး လူဖြူ သမ္မတဟောင်း အက်ဖ် ဒဗလျူ ဒီ ကလာ့ခ်က အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

တောင်အာဖရိကရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အဓိကနေရာက ပါဝင်ခဲ့သူ မစ္စတာ ဒီ ကလာ့ခ်ဟာ ဒီနှစ်မှာ ကင်ဆာရောဂါ ဖြစ်ပွားနေတာကြောင့် ကုသမှု ခံယူခဲ့ရပါတယ်။

သူဟာ ၁၉၈၉ ခုနှစ် စက်တင်ဘာလကနေ ၁၉၉၄ ခုနှစ် မေလအထိ တိုင်းပြည်ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

၁၉၉၀ မှာ နယ်လဆင် မင်ဒဲလားကို ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့ပြီး နောက်မှာ လူဖြူကြီးစိုးမှု ဆန့်ကျင်ရေး ခေါင်းဆောင် အာဏာရစေခဲ့တဲ့ သမိုင်းဝင်ရွေးကောက်ပွဲကိုပါ ကျင်းပပေးနိုင်ခဲ့ပါတယ်။

မစ္စတာ ဒီ ကလာ့ခ်ဟာ လူဖြူကြီးစိုးမှု အဆုံးသတ်ရေးကို ဖော်ဆောင်နိုင်ခဲ့တာကြောင့် မစ္စတာ မင်ဒဲလားနဲ့ အတူ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။

ဒါပေမယ့် တောင်အာဖရိကမှာ သူချန်ခဲ့တဲ့ သမိုင်းမွေနဲ့ ပတ်သက်လို့ အမြင်မတူကြပါဘူး။

ဒီနေ့ ကြာသပတေး နေ့မှာပဲ သမ္မတဟောင်း အက်ဖ် ဒဗလျူ ဒီ ကလာ့ခ် ဖောင်းဒေးရှင်းက သမ္မတဟောင်းဟာ ကိပ်တောင်းမြို့က သူ့နေအိမ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ဒီဖောင်ဒေးရှင်းကပဲ မစ္စတာ ဒီ ကလာ့ခ် ဟာ အဆုတ်နံရံတွေ ပျက်စီးတဲ့ ကင်ဆာရောဂါကို ခံစားနေရကြောင်း ကြေညာခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီးသည် အယ်လစ်တာ၊ ရင်သွေးတွေ ဖြစ်ကြတဲ့ ဂျန်နဲ့ ဆူဆန် နဲ့ မြေးတွေ ကျန်ရစ်ခဲ့ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

လူဖြူကြီးစိုးရေး အဆုံးသတ်သူ

မစ္စတာ ဒီ ကလာ့ခ်ကို ၁၉၃၆ ခုနှစ် မတ် လမှာ တောင်အာဖရိကနိုင်ငံက ဂျိုဟန်းနက်စ်ဘာ့ဂ် မြို့မှာ အာဖရိကာနာ အမျိုးသား ပါတီက နိုင်ငံရေး မိသားစုထဲမှာ မွေးဖွားခဲ့ပါတယ်။

သူဟာ ရှေ့နေ တယောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီမှာ

ပီ ဒဗလျူ ဘိုသာရဲ့ အမျိုးသား ပါတီအကြီးအကဲ နေရာကို မဆက်ခံခင် အထိ ဝန်ကြီးအဆင့် တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် လပိုင်းအကြာမှာတော့ သူဟာ သမ္မတ ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် တနှစ်အကြာမှာ သမိုင်းဝင် မိန့်ခွန်းတရပ်ကို ပြောကြားခဲ့ပါတယ်၊ အဲဒီထဲမှာ သူက မစ္စတာ မင်ဒဲလားရဲ့ အာဖရိက အမျိုးသား ကွန်ဂရက် ပါတီအပါအဝင် ပါတီအချို့အပေါ် ချမှတ်ထားတဲ့ ပိတ်ပင်မှုတွေကို ရုပ်သိမ်းပေးမယ်လို့ ပြောခဲ့ပါတယ်။

နောက်ပြီး ထောင်ဒဏ်ကျခံနေရတာ ၂၇ နှစ် ရှိနေပြီ ဖြစ်တဲ့ မစ္စတာ မင်ဒဲလားကိုလည်း ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

သူ့အပြုအမူကြောင့် တောင်အာဖရိကမှာ လူဖြူကြီးစိုးတဲ့ ခေတ်ကြီး အဆုံးသတ်သွားခဲ့ရပါတယ်။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ မစ္စတာ မင်ဒဲလား သမ္မတဖြစ်လာခဲ့ပြီး မစ္စတာ ဒီ ကလာ့ခ် ဟာလည်း ဒုတိယ သမ္မတ ၂ ယောက်ထဲက တယောက် ဖြစ်လာခဲ့ပါတယ်။

သူဟာ ၁၉၉၇ ခုနှစ်မှာ နိုင်ငံရေးလောကကနေ အနားယူခဲ့ပါတယ်။ သူ့အနေနဲ့ ပါတီနဲ့ တိုင်းပြည်အကျိုးကို ကြည့်ပြီး အနားယူတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အက်ဖ်ဒဗလျူ ဒီကလာ့ခ်နဲ့ နယ်လ်ဆင် မင်ဒဲလား တို့ကို ၂၀၀၆ ခုနှစ် မှာ အတူတွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အက်ဖ်ဒဗလျူ ဒီကလာ့ခ်နဲ့ နယ်လ်ဆင် မင်ဒဲလား တို့ကို ၂၀၀၆ ခုနှစ် မှာ အတူတွေ့ရစဥ်

မပြေပြစ်သော သမိုင်းအမွေ

မစ္စတာ ဒီ ကလာ့ခ်နဲ့ မစ္စတာ မင်ဒဲလား တို့အကြား ဆက်ဆံရေးပိုင်းမှာ မကြာခဏ အငြင်းပွားမှုတွေ ရှိတတ်ပေမယ့် မစ္စတာ မင်ဒဲလားကတော့ သူ့ရှေ့က သမ္မတဟာ အင်မတန်မှ သိက္ခာသမာဓိ ရှိသူ တယောက်ဖြစ်တယ်လို့ ပြောပါတယ်။

နယ်လ်ဆင် မင်ဒဲလား ဖောင်ဒေးရှင်းက ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ မစ္စတာ ဒီ ကလာ့ခ်ဟာ တောင်အာဖရိက သမိုင်းမှာ မစ္စတာ အင်ဒဲလားနဲ့ အမြဲ ဆက်စပ် တည်ရှိနေမယ့် သူဖြစ်တယ်လို့ ဆိုထားပါတယ်။ မပြေပြစ်ပေမယ့် ကြီးကျယ်တဲ့ သမိုင်းကြောင်းကို ချန်ခဲ့သူ မစ္စတာ ဒီ ကလာ့ခ်ကို အခုလို အချိန်မှာ တောင်အာဖရိက ပြည်သူတွေက အမှတ်ရနေကြမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တချို့ကတော့ မစ္စတာ ဒီ ကလာ့ခ်ကို သူ့လက်ထက်မှာ တောင်အာဖရိကက လူမည်းတွေနဲ့ လူဖြူကြီးစိုးရေး ဆန့်ကျင်သူတွေအပေါ် ကျူးလွန်တဲ့ တိုက်ခိုက်မှုတွေကို လျော့ကျအောင်မလုပ်နိုင်ခဲ့ဘူးဆိုပြီး အပြစ်တင်ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း သူ့ကို လူဖြူကြီးစိုးရေး ဝါဒအပေါ် လျှော့ပေါ့ပြောကြားခဲ့တယ်ဆိုပြီး စွပ်စွဲတာတွေကြုံခဲ့ရပါတယ်။ အဲဒီကိစ္စအတွက် နောက်ပိုင်းမှာ သူ့ဘက်က တောင်းပန်ခဲ့ပါတယ်။

လူ့အခွင့်အရေး ရှေ့နေ တယောက်ဖြစ်တဲ့ ဟောင်းဝတ်ဒ် ဗာန်နီက သူ့ကို လူဖြူကြီးစိုးရေး ဝါဒအတွက် တောင်းပန်ခဲ့သူလို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် တောင်အာဖရိကရဲ့ အဓိက အတိုက်အခံ ပါတီကြီးဖြစ်တဲ့ ဒီမိုကရက်တစ် မဟာမိတ် ပါတီကတော့ တောင်အဖရိကရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေမှာ မစ္စတာ ဒီ ကလာ့ခ်ရဲ့ လုပ်ဆောင်မှုတွေကို ချဲ့ထွင်ပြောနေဖို့တောင် မလိုဘူးလို့ ပြောပါတယ်။

သမ္မတ ဖြစ်ပြီး တနှစ်အတွင်းမှာပဲ မြို့ပြလွတ်လပ်ရေး လှုပ်ရှားမှုတွေ၊ နယ်လ်ဆင် မင်ဒဲလားကို အကျဥ်းထောင်က လွှတ်ပေးခဲ့တာ၊ နိုင်ငံရေး ချီတက်ပွဲတွေကို ပိတ်ပင်ထားတာကို ရုပ်သိမ်းခဲ့တာနဲ့ ဒီမိုကရေစီ နည်းကျရွေးကောက်ပွဲ ကျင်းပဖို့ ၄ နှစ်ကြာ ညှိနှိုင်းမှုတွေ စတင်ခဲ့တာတွေဟာ နိုင်ငံသမိုင်းမှာ အရေးပါတဲ့ ဖြစ်ရပ်တွေပဲ ဖြစ်တယ်လို့ ပါတီခေါင်းဆောင် ဂျွန် စတီန်းဟွီဆန်က ပြောကြားခဲ့ပါတယ်။